ဇွန် ၂၃၊ ၂၀၂၁
ရုရှား
ညီအစ်မ အော်လ်ဂါ ဂါနူးရှာ ခွန်အားရဖို့ ဆုတောင်းပြီး ညှဉ်းပန်းမှုကို ခံရပ်နေ
နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ
၂၀၂၁၊ စက်တင်ဘာ ၃၀ မှာ ရော့စတိုဗ် ခရိုင်တရားရုံးက ညီအစ်မ ဂါနူးရှာရဲ့ အယူခံကို ပယ်ချပါတယ်။ မူလချမှတ်ထားတဲ့ ထောင်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ် သူ ထောင်ထဲ သွားစရာ မလိုပါဘူး။
၂၀၂၁၊ ဇူလိုင် ၁၃ ရက်နေ့မှာ ရော့စတိုဗ် အော်န်ဒွန်မြို့၊ ဗော့ရိုရှိလာဗ်စကေ ခရိုင်တရားရုံးက ညီအစ်မ အော်လ်ဂါ ဂါနူးရှာကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။
ကိုယ်ရေးအကျဉ်း
အော်လ်ဂါ ဂါနူးရှာ
မွေးဖွားတဲ့နှစ်။ ၁၉၆၁ ခုနှစ် (ရော့စတို့ဗ် အော်န်ဒွန်မြို့၊ ရော့စတို့ဗ်ဒေသ)
ဘဝနောက်ခံ။ အငြိမ်းစားယူထားတဲ့ ကြင်ဖော်မဲ့ မိခင်။ သားတစ်ယောက် ရှိတယ်။ လက်မှုပစ္စည်းတွေ လုပ်တာ၊ ရှေးဟောင်းသီချင်းတွေ နားထောင်တာ၊ စာဖတ်တာတွေကို နှစ်သက်တယ်
သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ အသက်ပြန်ရှင်လာမယ့် မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ကျမ်းစာလေ့လာဖို့ ဆုံးဖြတ်ချက် ချတယ်။ ၁၉၉၅ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်
အမှုနောက်ကြောင်း
၂၀၁၉ နှစ်ဆန်းပိုင်းမှာ ရုရှားအာဏာပိုင်တွေက ညီအစ်မ အော်လ်ဂါ ဂါနူးရှာရဲ့ တိုက်ခန်းမှာ ဗီဒီယိုစက်ကို လျှို့ဝှက်တပ်ဆင်ထားတယ်။ အဲဒါကို သက်သေပစ္စည်းအနေနဲ့ သုံးပြီး ဇွန် ၂၉ ရက်နေ့မှာ ညီအစ်မရဲ့ တိုက်ခန်းကို ဝင်စီးတယ်။ ညီအစ်မရဲ့ မှတ်စုတွေ၊ စာတွေ၊ စာအုပ်တွေကိုလည်း လှန်လှောရှာဖွေတယ်။ ၂၀၂၀၊ ဩဂုတ် ၁၇ ရက်နေ့မှာ အော်လ်ဂါကို တရားစွဲပြီး ၂၀၂၁၊ မတ် ၄ ရက်နေ့မှာ စတင် အမှုစစ်ဆေးတယ်။ ဝတ်ပြုအစည်းအဝေးတွေကို အိမ်မှာ လက်ခံကျင်းပပြီး သူ့ရဲ့ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြလို့ တရားစွဲရခြင်း ဖြစ်တယ်။ အစပိုင်း အမှုစစ်ဆေးချိန်မှာ ညီအစ်မ လုဒ်မီလာ ဖိုနိုမာရန်ကိုနဲ့ ဂါလီနာ ပါကိုဗာတို့လည်း ပါတယ်။ နောက်ပိုင်းမှာ သူတို့ကို သီးသန့် အမှုစစ်တယ်။
အမှုစစ်ဆေးချိန် နှစ်နှစ်နီးပါးမှာ ညီအစ်မ အော်လ်ဂါက ထက်ထက်သန်သန် ဆုတောင်းပြီး ခွန်အားယူခဲ့တယ်။ “ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်ပါစေလို့ နေ့တိုင်း ဆုတောင်းတယ်။ ထိန်းသိမ်းရေး စင်တာမှာ၊ ထောင်ထဲမှာ၊ နေအိမ်အကျယ်ချုပ်မှာ ရှိနေတဲ့ ညီအစ်ကို၊ ညီအစ်မတွေ သတ္တိရှိရှိ သက်သေခံနိုင်ဖို့ ကျွန်မ ဆုတောင်းပေးတယ်။ ဘယ်လို အခက်အခဲမျိုးကိုမဆို ကြုံရပါစေ၊ ယေဟောဝါဘုရား ဘယ်တော့မှ ပစ်မထားဘူးဆိုတာ သူတို့ အပြည့်အဝ ယုံကြည်နိုင်ဖို့ ဆုတောင်းပေးတယ်” လို့ ပြောတယ်။ “ကျွန်မ သတ္တိရှိဖို့၊ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားနိုင်ဖို့၊ ယေရမိလိုပဲ ကျွန်မကို သံတိုင်၊ ကြေးနီးမြို့ရိုးလို ဖြစ်စေဖို့ ဆုတောင်းတယ်။ ဟီဘရူးလူငယ် သုံးယောက်လိုမျိုး ပြင်းထန်ကြမ်းတမ်းတဲ့ စမ်းသပ်မှုတွေကို ခံရပ်အောင်မြင်ချင်တယ်။ ရန်သူတွေရှေ့မှာ သိက္ခာရှိရှိ ပြုမူပြောဆိုတဲ့ ခရစ်တော်လို ပြုမူပြောဆိုနိုင်ဖို့ ကြိုးစားတယ်” လို့လည်း ဆိုတယ်။
ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အော်လ်ဂါနဲ့ တခြားညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရား “ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲ ကိုင်ထား” ပြီး ဆက်ထောက်မပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၄၁:၁၀။