ဇူလိုင် ၇၊ ၂၀၂၁
ရုရှား
တခြားသူတွေရဲ့ စံနမူနာတွေကြောင့် ညီအစ်ကို ကွန်စတန်တင် မွိုင်စီယန်ကို ခွန်အားရ
နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ
၂၀၂၁၊ စက်တင်ဘာ ၉ ရက်မှာ အာမူရ် ခရိုင်တရားရုံးက ညီအစ်ကို မွိုင်စီယန်ကိုရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ချမှတ်ထားတဲ့ ထောင်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ်မှာ သူ ထောင်ထဲ သွားစရာ မလိုပါဘူး။
၂၀၂၁၊ ဇူလိုင် ၁၄ မှာ အာမူရ်ဒေသ၊ ဇေစကီ ခရိုင်တရားရုံးက ညီအစ်ကို ကွန်စတန်တင် မွိုင်စီယန်ကိုကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။
ကိုယ်ရေးအကျဉ်း
ကွန်စတန်တင် မွိုင်စီယန်ကို
မွေးဖွားတဲ့နှစ်။ ၁၉၇၆ (အဘာကန်၊ ခါကာစီယာ ပြည်သူ့သမ္မတနိုင်ငံ)
ဘဝအတ္ထုပ္ပတ္တိ။ အမြွှာညီနှစ်ယောက် ရှိတယ်။ လူငယ်အရွယ်မှာ ကိုယ်ခံပညာ လိုက်စားတယ်။ ကွန်ပျူတာစနစ် စီမံခန့်ခွဲရေးမှူး၊ အင်ဂျင်နီယာ ဖြစ်တယ်
၁၉၉၈ မှာ ဖက်ရှင်ဒီဇိုင်နာ မာဂရီတာနဲ့ လက်ထပ်တယ်။ ၂၀၀၀ နှစ်ဆန်းလောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကျမ်းစာရဲ့ သမိုင်းကြောင်းနဲ့ သိပ္ပံပညာအရ တိကျမှန်ကန်မှုကြောင့် ပိုလေ့လာချင်စိတ် ပေါ်လာတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာ သူတို့ နှစ်ခြင်းခံကြတယ်
လွန်ခဲ့တဲ့ ဆယ်နှစ်က ဖခင် ဆုံးသွားတယ်။ မျက်မမြင် အဖွားကို ခြောက်နှစ်လောက် ပြုစုစောင့်ရှောက်ရတယ်။ မကြာသေးခင်က အဖွား ဆုံးသွားတယ်
အမှုနောက်ကြောင်း
၂၀၁၉၊ မတ် ၁၁ မှာ အာမူရ်ဒေသ၊ ဖယ်ဒရယ် လုံခြုံရေးအဖွဲ့ စုံစမ်းထောက်လှမ်းရေးဌာနက ညီအစ်ကို ကွန်စတန်တင် မွိုင်စီယန်ကို ရာဇဝတ်မှုနဲ့ တရားစွဲကြတယ်။ ရဲတွေက ကွန်စတန်တင်ရဲ့ အိမ်အပါအဝင် သက်သေခံ ငါးယောက်ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေတယ်။ လက်ပတော့၊ ဖုန်း၊ မှတ်တမ်းမှတ်ရာတွေကို အာဏာပိုင်တွေ သိမ်းလိုက်ကြတယ်။ ကွန်စတန်တင်ကို ရုရှား ဖယ်ဒရေးရှင်း အစွန်းရောက်သမား စာရင်းထဲ ထည့်ထားတဲ့အတွက် ဘဏ်မှာ ငွေထုတ်လို့ မရဘူး။
၂၀၁၈၊ တောင်ကိုရီးယားမှာ ဇနီးနဲ့အတူ အစည်းအဝေးကြီး တက်ခဲ့တာကို ကွန်စတန်တင် ပြန်အမှတ်ရမိတယ်။ ဟောပြောသူတစ်ယောက်က ကြားနေရပ်တည်မှုကြောင့် ထောင်ချခံရတဲ့သူတွေ မတ်တပ်ရပ်ပေးပါလို့ ပြောတယ်။ “ခန်းမထဲက အားလုံးနီးပါး မတ်တပ်ရပ်ကြတယ်။ [ဟောပြောသူက] ပြောတယ်။ ‘ကြည့်လိုက်ပါဦး။ သူတို့တွေ သက်ရှိထင်ရှား ရှိနေဆဲပဲ’ တဲ့။ စမ်းသပ်မှုတွေကို ခံရပ်နိုင်တယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း သိသွားတယ်” လို့ ကွန်စတန်တင် ပြောတယ်။ “ကိုယ်တော်က ရန်သူရှေ့မှာ စားသောက်ပွဲ တည်ခင်းပေးတယ်။ ကျွန်တော့်ခေါင်းကို ဆီလိမ်းပေးတယ်။ ကျွန်တော့်ခွက်ဟာ ပြည့်လျှံနေတယ်” လို့ ဆိုထားတဲ့ ဆာလံ ၂၃:၅ ကို ဟောပြောသူက အလေးပေး ဟောပြောတယ်။ ဒီစကားတွေ ရင်ထဲ စွဲသွားတယ်လို့ ကွန်စတန်တင် ပြောတယ်။
ညီအစ်ကိုတွေရဲ့ ထောက်မမှုကိုလည်း ကွန်စတန်တင် တန်ဖိုးထားတယ်။ ကမ္ဘာတစ်ဝန်းက သက်သေခံတွေ မိမိရဲ့ အမှုကို အသေးစိတ်ကအစ စိတ်ဝင်တစား ရှိတာ၊ ဆုတောင်းပေးကြတာကိုလည်း ကျေးဇူးတင်နေတယ်။ “ကျွန်တော်တို့နိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ညီအစ်ကို/မတွေ အုပ်စုလိုက် အတူရပ်နေကြတယ်လို့ မြင်ယောင်နေမိတယ်။ ‘ကျွန်တော်တို့လည်း ညီအစ်ကိုအတွက် အသက်စွန့်ဖို့ တာဝန် ရှိတယ်’ ဆိုတဲ့ ၁ ယောဟန် ၃:၁၆ ပါ စကားတွေနဲ့အညီ ဒီညီအစ်ကို/မတွေ လုပ်ဆောင်နေပါတယ်” လို့ သူ ပြောတယ်။
ရုရှားမှာ ရှိတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ခွန်အားပေးနေကြောင်း ကြားရလို့ ကျွန်တော်တို့ ဝမ်းသာတယ်။ ကျွန်တော်တို့ အလားတူ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရတဲ့အခါမှာလည်း ဘုရားသခင် “အစွမ်းခွန်အား ပေး” မယ်ဆိုတာ ပိုယုံကြည်စိတ်ချစေတယ်။—ဆာလံ ၆၈:၃၅။