၂၀၁၇ ဧပြီ ၁၉
ရုရှား
ရုရှားတရားရုံးချုပ်မှာ ငါး ရက်မြောက်နေ့- သက်သေခံတွေရဲ့ ဆယ်စုနှစ်ချီ တရားရေးအမှုတွေကို ပြန်သုံးသပ်
နယူးယောက်-၂၀၁၇၊ ဧပြီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့မှာ တရားရေးဝန်ကြီးဌာနက ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်ဖို့ ကြိုးစားတာနဲ့ ပတ်သက်ပြီး ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်မှာ ၅ ရက်မြောက်နေ့ ဆက်လက်ကြားနာခဲ့ပါတယ်။ ကြားနာမှုကို နားထောင်ဖို့ လူ ၃၀၀ လောက် (တစ်ချို့က မနက် ၂:၀၀ နာရီခန့်ကတည်းက) ရောက်နေကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ယေဟောဝါသက်သေတွေအပေါ် ရုရှားအာဏာပိုင်တွေရဲ့ ကြမ်းတမ်းစွာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ အတွဲ ၄၃ တွဲပါ စာရွက်စာတမ်းတွေကို တရားရုံးက ပြန်လည်သုံးသပ်ခဲ့တယ်။
အဲဒီလိုပြန်သုံးသပ်ချိန်မှာ တရားရေးဝန်ကြီးဌာနကို ကိုယ်စားပြုတဲ့ ရှေ့နေတွေက ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနကို ပိတ်ပစ်ဖို့နဲ့ ယေဟောဝါသက်သေ စီမံခန့်ခွဲရေးဌာနဖြစ်စေ၊ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ ဒေသခံဘာသာရေးအဖွဲ့ဖြစ်စေ အစွန်းရောက်လုပ်ဆောင်မှုတွေမှာ ပါဝင်တာကို ဥပဒေအရ ခိုင်လုံတဲ့အထောက်အထား တစ်ခုမှ မပြနိုင်ခဲ့ပါဘူး။ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနအတွက် ရှေ့နေတွေထဲက တစ်ယောက်ဖြစ်သူ ယူရီ တိုပိုရော့ဖ်က တရားရုံးကို စာရွက်စာတမ်းတွေ တင်ပြခဲ့တယ်။ အဲဒီစာရွက်စာတမ်းတွေထဲမှာ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနရဲ့ လုပ်ရပ်ကောင်းတွေအတွက် နှစ်တွေတစ်လျှောက် ရုရှားအာဏာပိုင်တွေ အသိအမှတ်ပြု ကျေးဇူးတင်တဲ့စာတွေနဲ့ ဆုတံဆိပ်တွေ ပါတယ်။ ဒေသခံဘာသာရေးအဖွဲ့တွေ (LROs) ပြုလုပ်ခဲ့တဲ့ ရပ်ကွက်အတွက် အကျိုးဆောင်မှုတွေကိုလည်း ထောက်ပြခဲ့တယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ကတည်းက ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဒေသခံဘာသာရေးအဖွဲ့တွေ (LROs) ကို အစွန်းရောက်လုပ်ရပ်တွေမှာ ပါမပါ တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့တာ ဘာအထောက်အထားမှ မတွေ့ရှိခဲ့တဲ့အကြောင်းကိုလည်း အမှုတွဲအတော်များများနဲ့ တင်ပြခဲ့တယ်။ အဲဒါကို တရားရေးဝန်ကြီးဌာနရဲ့ ရှေ့နေတွေလည်း အသိအမှတ်ပြု ဝန်ခံခဲ့ကြပါတယ်။
တရားရုံးက ဒီကြားနာမှုကို ၂၀၁၇ ဧပြီ ၂၀ ရက် မွန်းလွဲ ၂:၀၀ နာရီ မှာ ပြန်လည်သုံးသပ်မယ်လို့ မျှော်လင့်ပါတယ်။
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
ရုရှား- Yaroslav Sivulskiy, +7-911-087-8009