မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၄၊ ၂၀၁၇
ရုရှား

အိုရွိုလ်တရားရုံးက ခရစ်တန်ဆန်ကို ချုပ်ထားဖို့ ရက်တိုးလိုက်

အိုရွိုလ်တရားရုံးက ခရစ်တန်ဆန်ကို ချုပ်ထားဖို့ ရက်တိုးလိုက်

ဇူလိုင် ၂၀၊ ၂၀၁၇ မှာ ဆိုဗက်စကီး အိုရွိုလ် ခရိုင်တရားရုံးက ဒဲနစ္စ ခရစ်တန်ဆန်ကို ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်အထိ ချုပ်ထားဖို့ ရက်တိုးလိုက်တယ်။ မစ္စတာ ခရစ်တန်ဆန်ဟာ ဒိန်းမတ်နိုင်ငံသား ယေဟောဝါသက်သေ တစ်ယောက်ဖြစ်တယ်။ မေလ ၂၅ ရက်က ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) နဲ့ မျက်နှားဖုံးတပ် လက်နက်ကိုင် ရဲအရာရှိတွေ အိုရွိုလ်မြို့က ဘာသာရေး ဝတ်ပြုစည်းဝေးတစ်ခုကို ဝင်ရောက်စီးနင်းချိန်မှာ သူ့ကို ဖမ်းဆီးခဲ့တယ်။

တရားရေးစရိတ်ကို ကုန်ကျခံပေးပြီး အာမခံနဲ့လွှတ်ပေးဖို့ သူ့ရဲ့ရှေ့နေက တောင်းဆိုခဲ့ပေမဲ့ တရားရုံးက ငြင်းပယ်လိုက်တယ်။ သူ့မှာ ရာဇဝတ်မှုမှတ်တမ်း၊ အကြမ်းဖက်တဲ့မှတ်တမ်း တစ်ခုမှမရှိပေမဲ့ ငြင်းပယ်ခဲ့တယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက ဇူလိုင် ၁၇ ရက်နေ့မှာ အတည်ပြုလိုက်တယ်။ အဲဒါရဲ့အကျိုးဆက်တစ်ခုအနေနဲ့ မစ္စတာ ခရစ်တန်ဆန်ကို ချုပ်ထားဖို့ ရက်တိုးလိုက်တာဖြစ်တယ်။ ရုရှားအာဏာပိုင်တွေဟာ ယေဟောဝါသက်သေတွေကို တိုက်ခိုက်ဖို့၊ “အစွန်းရောက်” သူတွေအဖြစ် သတ်မှတ်ဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်ကျော်ပြီ။ အခု လီဆယ်လုပ်ကြံမှုတွေနဲ့ တရားဥပဒေကို ဗန်းပြပြီး သက်သေခံတွေရဲ့ လုပ်ဆောင်မှုတွေကို ရာဇဝတ်မှုဖြစ်အောင် လုပ်နိုင်ခဲ့ကြပြီ။

ရုရှားမှာ ယေဟောဝါသက်သေတွေ ကြုံနေရတဲ့ အခြေအနေကို သုံးသပ်ပြီး ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ယူအက်စ် မစ်ရှင် တာဝန်ခံ ကိတ် အမ်. ဘရိုင်းစ် က ဒီလိုပြောတယ်– “ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနနဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း ၃၉၅ ခုကို ‘အစွန်းရောက်လုပ်ဆောင်မှု’ လုပ်တယ်လို့ စွပ်စွဲပြီး ဖျက်သိမ်းဖို့နဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ဖို့ တရားရုံးချုပ်က ဇူလိုင် ၁၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်မတို့ ထိတ်လန့်သွားတယ်။ ဒီအတွက်ကြောင့် ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေ ၁၇၅,၀၀၀ ကျော်ဟာ သူတို့ရဲ့ ဘာသာရေးလုပ်ငန်းကို လုပ်တာနဲ့တင် ရာဇဝတ်မှုမြောက်တယ်ဆိုပြီး အဖမ်းခံရတော့မှာပဲ။ ‘အစွန်းရောက်ဝါဒ’ ကိုတားမြစ်တဲ့ ဥပဒေပြဒါန်းချက်တွေကို သုံးပြီး ရုရှားမှာရှိတဲ့ အေးဆေးငြိမ်သက်စွာ ဝတ်ပြုတဲ့လူနည်းစုကို မှားပြီးတိုက်ခိုက်နေတာက စိတ်ပူပင်စရာပဲ။”