မတ် ၁၆၊ ၂၀၁၇
ရုရှား
ရုရှား တရားရေး ဝန်ကြီးဌာနက ရုရှားရှိ ယေဟောဝါသက်သေတွေကို ပိတ်ပင်ဖို့ လှုံ့ဆော်
“ဘာသာရေး အဖွဲ့အစည်း ဖြစ်တဲ့ ယေဟောဝါသက်သေများရဲ့ ဗဟို အုပ်ချုပ်ရေးရုံးကို အစွန်းရောက်အဖြစ် ကြေညာဖို့၊ လုပ်ငန်းတွေကို ပိတ်ပင်၊ ဖျက်သိမ်းဖို့” ရုရှား တရားရေး ဝန်ကြီးဌာနက တရားရုံးချုပ်ထံ စွဲချက်တင်လိုက်ပါတယ်။ ၂၀၁၇၊ မတ် ၁၅ ရက်မှာ တရားရုံးချုပ်က ဝန်ကြီးဌာနရဲ့ စွဲဆိုချက်ကို လက်ခံရရှိကြောင်း တရားဝင်ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့တယ်။ ဖျက်သိမ်းဖို့ စွဲဆိုချက်ကို တရားရုံးချုပ် စဉ်းစားသုံးသပ်ပြီး ၂၀၁၇၊ ဧပြီ ၅ ရက်၊ မနက် ၁၀:၀၀ နာရီမှာ ကြားနာဖို့ စီစဉ်ထားကြောင်း အကြောင်းကြားစာကို နောက်ပိုင်းမှ ဗဟိုအုပ်ချုပ်ရေးရုံးက ရရှိခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ စွဲဆိုချက်ကို အနိုင်ပေးလိုက်တဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေတွေအပေါ် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ သက်ရောက်စေပါလိမ့်မယ်။ ဘာသာရေး ဝတ်ပြုမှုအတွက် ဆက်ကပ်ထားတဲ့ မြေရာတွေကို သက်သေခံတွေ ဆုံးရှုံးသွားနိုင်တယ်။ တရားဝင် အဆောက်အအုံ ၄၀၀ နီးပါး ဖျက်သိမ်းခံရနိုင်တယ်။ ဝတ်ပြုစည်းဝေးရုံ၊ အတူတကွ ကျမ်းစာ ဖတ်ရုံ၊ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြရုံနဲ့ သက်သေခံ ၁၇၀,၀၀၀ ကျော်ထဲက တစ်ယောက်ချင်းစီကို ရာဇဝတ်မှုအဖြစ် တရားစွဲနိုင်တယ်။
ရုရှားနိုင်ငံ၊ ဗဟိုအုပ်ချုပ်ရေးရုံး ကိုယ်စားလှယ် ဗာဆီလီ ကာလင်က ဒီလိုပြောပါတယ်- “ရုရှားနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေ ယောက်တိုင်းရဲ့ ပြင်းပြတဲ့ဆန္ဒကတော့ ဘုရားသခင်ကို ငြိမ်းချမ်းစွာ ဝတ်ပြုခွင့် ရဖို့ပါပဲ။ ရုရှား အာဏာပိုင်တွေဟာ ဒီအခွင့်အရေး ပေးထားတဲ့၊ မိမိတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဥပဒေ အာမခံချက်တွေကို နင်းခြေလာခဲ့တာ အနှစ် ၁၀၀ ကျော်ပါပြီ။ ကျွန်တော့်မိသားစုကို ယေဟောဝါသက်သေတွေ ဖြစ်လို့ဆိုပြီး ဆိုက်ဘေးရီးယားကို စတာလင် နယ်နှင်ခဲ့တုန်းက ကျွန်တော် ကလေးပဲ ရှိသေးတယ်။ အဲဒီလိုအဖြစ်မျိုးကို ကျွန်တော့် သားမြေးတွေ ကြုံနေရတာ ဝမ်းနည်းစရာ၊ ပြစ်တင်ရှုတ်ချစရာပါပဲ။ ခေတ်သစ် ရုရှားမှာ ဘာသာရေးကြောင့် နှိပ်စက်ခံရဦးမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။”