မာတိကာဆီ ကျော်သွား

ညီအစ်ကို အက်တန် အော့စတာဖန်ကို

ဧပြီ ၂၈၊ ၂၀၂၁
ရုရှား

ထိန်းသိမ်းခံရချိန်မှာ ဆုတောင်းခြင်း၊ ဘုရားနိုင်ငံတော်သီချင်း ဆိုခြင်းတို့ကြောင့် ညီအစ်ကို အက်တန် အော့စတာဖန်ကို ခံရပ်နိုင်ခဲ့

ထိန်းသိမ်းခံရချိန်မှာ ဆုတောင်းခြင်း၊ ဘုရားနိုင်ငံတော်သီချင်း ဆိုခြင်းတို့ကြောင့် ညီအစ်ကို အက်တန် အော့စတာဖန်ကို ခံရပ်နိုင်ခဲ့

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်ကို အော့စတာဖန်ကိုကို အပြစ်ရှိကြောင်း စီရင်ချက် ချ

၂၀၂၁၊ အောက်တိုဘာ ၂၅ မှာ ခရာနာယာ့စ်ဒေသ ရှာရီပိုဗာမြို့ တရားရုံးက ညီအစ်ကို အက်တန် အော့စတာဖန်ကိုကို ပြစ်မှုထင်ရှားကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်နဲ့ သုံးလ ချမှတ်လိုက်ပါတယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ကိုယ်ရေးအကျဉ်း

အက်တန် အော့စတာဖန်ကို

  • မွေးဖွားတဲ့နှစ်။ ၁၉၉၁ (အက်ခ်ဘတ်တဇ်၊ ကာဇက်စတန်)

  • ဘဝအတ္ထုပ္ပတ္တိ။ ဓာတ်အားပေးစက်ရုံမှာ ဘွိုင်လာအိုး စစ်တဲ့အလုပ် လုပ်တယ်။ အစ်မနဲ့အတူ ဆယ်ကျော်သက်အရွယ်မှာ မိခင်ဆီကနေ အမှန်တရား သိလာတယ်။ ၂၀၀၅ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်

    ၂၀၁၅ ခုနှစ်မှာ နာတာယာနဲ့ လက်ထပ်တယ်။ ရေခဲပြင် လျှောစီးတာ၊ နှင်းလျှောစီးတာ ဝါသနာပါကြတယ်။ အက်တန်က ဂီတာတီးတာ၊ ငါးမျှားတာ၊ တင်းနစ်ကစားတာလည်း ဝါသနာပါတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဧပြီ ၁၉ မှာ ရှာရီပိုဗာမြို့ အာဏာပိုင်တွေက ယေဟောဝါသက်သေတွေရဲ့ အိမ်ဆယ်လုံးကို ဝင်ရောက်ရှာဖွေပြီး ညီအစ်ကို/မတွေကို စစ်ဆေးမေးမြန်းခဲ့တယ်။ ညီအစ်ကို အက်တန် အော့စတာဖန်ကိုကို ဖမ်းခေါ်သွားပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အကျဉ်းခန်းထဲ ထည့်ထားတယ်။ ၂၀၁၉၊ ဒီဇင်ဘာ ၂၀ ကျမှ ပြန်လွှတ်ပေးတယ်။ “အစွန်းရောက်” အဖွဲ့အစည်း လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုပြီး စွဲချက်တင်တယ်။

အကျဉ်းကျချိန် ခြောက်လအတွင်း အက်တန်ဟာ လုံခြုံရေး ကင်မရာမှာ မပေါ်တဲ့ လက်ဆေးကန်နား သွားပြီး ဝမ်းနည်းပက်လက် ငိုရတဲ့အချိန်တွေ ရှိဖူးတယ်။

ဆုတောင်းခြင်းကနေပဲ ခွန်အားရယူတယ်။ “ခံနိုင်ရည်စွမ်း ရှိအောင် ကူညီပေးဖို့ ယေဟောဝါကို အသနားခံတယ်” လို့ အက်တန် ပြောပြတယ်။ “ကျွန်တော် သင်ယူစရာ အများကြီး ရှိသေးတယ်။ အမှန်တရားထဲမှာ ကျွန်တော် ကြီးပြင်းလာတယ်လို့ ပြောနိုင်တယ်။ . .  ဒီလိုအခက်အခဲ ကြုံရတာက သီအိုရီကို လက်တွေ့ ရင်ဆိုင်လိုက်ရသလိုပဲ။ ထောင်ထဲမှာ ကျမ်းစာ ရဖို့လည်း မလွယ်ဘူး။ ကျွန်တော် အကျဉ်းမကျခင်က ယေဟောဝါဘုရားအကြောင်း ဖတ်ရုံ ဖတ်ဖူးတာ။ ထောင်ထဲ ရောက်မှ ယေဟောဝါဟာ ဘယ်လို ဘုရား ဖြစ်မှန်း ကောင်းကောင်း သိလိုက်ရတယ်။ နှစ်သိမ့်မှု ခံစားခဲ့ရတယ်။ ယေဟောဝါဆိုတာ ကျွန်တော့်အတွက် အနန္တ တန်ခိုးရှင် ဖြစ်ရုံမကပါဘူး။ ကျွန်တော့်ကို နားလည်ပေးတဲ့ ဖခင်၊ မထင်ထားတဲ့ နည်းတွေနဲ့ လိုအပ်သလို အမြဲ ကူညီထောက်မပေးတဲ့ ဖခင်ပါ။”

ဘုရားနိုင်ငံတော်သီချင်း ဆိုတာကလည်း အက်တန်ကို အားရှိစေတယ်။ “ကျွန်တော်တို့လင်မယား သီချင်း အတူဆိုနေကျဆိုတော့ အလွတ်ရနေပြီ။ အကျဉ်းကျချိန်မှာ တကယ် အထောက်အကူပြုတယ်။ မီးတွေ ပိတ်သွားပြီဆိုရင် ကျွန်တော် ဆုတောင်းပြီး သီချင်းဆိုတယ်။ ဒါက စိတ်အေးချမ်းစွာ အိပ်ပျော်စေတယ်။”

စီရင်ချက် ချမယ့်အချိန်ကို စောင့်ရင်း အလုပ်လုပ်ခွင့် ရနေပါတယ်။ ရှာရီပိုဗာမြို့ပြင်ကိုတော့ ထွက်ခွင့် မရှိဘူး။ ဒီကန့်သတ်ချက်ကြောင့် အမေ့ကို ဆေးခန်းပို့ပေးလို့ မရဘူး။

နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါဘုရား စိတ်ငြိမ်သက်မှု ဆက်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ယောဟန် ၁၄:၂၇