မာတိကာဆီ ကျော်သွား

စိန့်ပီတာစဘတ်မြို့က သိမ်းယူခံထားရတဲ့ ယေဟောဝါသက်သေတွေရဲ့ အဆောက်အအုံနှစ်ခု၊ ဆိုနီချနာယာမှာရှိတဲ့ ယခင် ဌာနခွဲရုံး (ဘယ်) နဲ့ ကိုလိုမြာဇကီယာ စည်းဝေးပွဲခန်းမဟောင်း (ညာ)

ဇူလိုင် ၄၊ ၂၀၁၉
ရုရှား

ဒေါ်လာ ၅၇ သန်းကျော် တန်ဖိုးရှိ ယေဟောဝါသက်သေတွေရဲ့ အဆောက်အအုံတွေကို ရုရှား သိမ်းယူ

ဒေါ်လာ ၅၇ သန်းကျော် တန်ဖိုးရှိ ယေဟောဝါသက်သေတွေရဲ့ အဆောက်အအုံတွေကို ရုရှား သိမ်းယူ

ရုရှားတရားရုံးချုပ်က ၂၀၁၇၊ ဧပြီ ၂၀ ရက်နေ့မှာ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေးကို ပိတ်ပင်လိုက်တယ်။ အဲဒီနောက်ပိုင်း ညီအစ်ကို၊ ညီအစ်မတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရ၊ ထောင်ချခံရတယ်။ အာဏာပိုင်တွေဟာ ယေဟောဝါသက်သေတွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံ ၁၃၁ ခုကို တစ်ခုပြီးတစ်ခု သိမ်းလိုက်တယ်။ နောက်ထပ် အဆောက်အအုံ ၆၀ လည်း အသိမ်းခံရမယ့် အန္တရာယ် ကြုံနေရတယ်။ အဆောက်အအုံအားလုံးရဲ့ စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ၅၇ သန်းကျော်လောက် ရှိတယ်။

အသိမ်းခံရတဲ့ အဆောက်အအုံတစ်ခုကတော့ ဆိုနီချနာယာမှာ ရှိတဲ့ ယခင် ရုရှားဌာနခွဲ အဆောက်အအုံ ဖြစ်တယ်။ အဲဒီအဆောက်အအုံကို ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းက ပိုင်ဆိုင်တာပါ။ (အပေါ်ပုံ ဘယ်ဘက်။) အဲဒီအဆောက်အအုံတစ်ခုတည်းကပဲ ဒေါ်လာ သန်း ၃၀ လောက်တန်တယ်။ အသိမ်းခံလိုက်ရတဲ့ တခြား အဆောက်အအုံ ၄၃ ခုက ဩစတြီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အမေရိကန်က နိုင်ငံခြား တရားဝင် အသင်းအဖွဲ့တွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။ အဲဒီလို သိမ်းလိုက်တာက တရားမဝင်ပါဘူး။ တရားရုံးချုပ်က ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် ချတာနဲ့ပဲ အစိုးရက နိုင်ငံခြားသား ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေကို တရားဝင် သိမ်းယူခွင့် ရသွားတာ မဟုတ်ဘူး။

ယခင် ရုရှားဌာနခွဲရုံး အဆောက်အအုံကို မတရား သိမ်းယူထားတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) ထံ ယေဟောဝါသက်သေတွေ တိုင်ကြားထားပါတယ်။ ECHR က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်ကိုးစားကြပါတယ်။ ချင်းနင်းဝင်ရောက်ရှာဖွေမှု၊ ဖမ်းဆီးမှု၊ အစည်းအဝေး ကျင်းပတဲ့ နေရာတွေကို သိမ်းယူမှုတွေ ရှိနေပေမဲ့ ရုရှားက ညီအစ်ကို၊ ညီအစ်မတွေ သတ္တိရှိရှိနဲ့ ယေဟောဝါကို “စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ” ဆက်ဝတ်ပြုကိုးကွယ်နိုင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ယောဟန် ၄:၂၃