မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၉၊ ၂၀၁၈
ရုရှား

နိုင်ငံတကာ ထောက်မပေးမှုကို ဒဲနစ္စ ခရစ်တန်ဆန် ရရှိ

နိုင်ငံတကာ ထောက်မပေးမှုကို ဒဲနစ္စ ခရစ်တန်ဆန် ရရှိ

ယုံကြည်ချက်အတိုင်း လုပ်ဆောင်မှုကြောင့် ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန် ထောင်ကျနေတာ ၅၂၅ ရက် ကျော်ပါပြီ။ အကြိမ် ၅၀ နီးပါး တရားရုံး တက်ပြီးပြီ။ ဒဲနစ္စ ခရစ်တန်ဆန်အမှုကို စစ်ဆေးနေတဲ့ ရုရှားနိုင်ငံ အိုရွိုလ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးက ဒီဇင်ဘာလလယ်အထိ ကြားနာဖို့ ဇယားဆွဲထားပါတယ်။ ချုပ်နှောင်ကာလကို ၁၈ လကျော်အထိ သက်တမ်းတိုးခဲ့ပေမဲ့ ဒဲနစ္စ တစ်ခါမှ အပြုသဘောထား မပျောက်ဆုံးခဲ့ဘူး။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မ သန်းနဲ့ချီရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပြီး ဖြေကြားပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။

ရုရှားနဲ့ တခြားနိုင်ငံတွေက ယုံကြည်သူချင်းတွေဟာ ရာနဲ့ချီတဲ့ ကတ်တွေ၊ ပန်းချီတွေကို ဒဲနစ္စဆီ ပေးပို့ပြီး သူတို့ရဲ့ မေတ္တာပါထောက်မမှုကို တင်ပြကြပါတယ်။ အမှုကြားနာတဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ မှန်လုံခန်းထဲကနေ သူ့ဆီ ကလေးတွေ ပို့လိုက်တဲ့ ကတ်တွေ၊ ရုပ်ပုံတွေကို ပြတယ်။ ဒါကြောင့် သူ့ကို ထောက်မဖို့ ရောက်ရှိနေသူတွေ အားရှိသွားခဲ့ကြတယ်။

အမှုကြားနာတဲ့နေ့ ၂၀၁၈၊ အောက်တိုဘာ ၃၀ တုန်းက ခေတ္တရပ်နားချိန်မှာ လက်ခံရရှိတဲ့ အားပေးစာတချို့ကို မှန်လုံခန်းထဲကနေ ဒဲနစ္စ ခရစ်တန်ဆန် ပြနေစဉ်။

ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒဲနစ္စအမှုကို စိတ်ဝင်စားကြတယ်။ မော်စကို အခြေစိုက် လူ့အခွင့်အရေး အထိမ်းအမှတ်ရုံးက ဒဲနစ္စကို နိုင်ငံရေး အကျဉ်းသားအဖြစ် ၂၀၁၇၊ ဇူလိုင် ၂၁ ရက်နေ့မှာ ကြေညာခဲ့တယ်။ ယေဟောဝါသက်သေတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနေခြင်းကို တရားသဖြင့် ဖြစ်အောင် စစ်ဆေးပေးဖို့ ရုရှား လူ့အခွင့်အရေး ကောင်စီက အထွေထွေရှေ့နေများရုံးကို ၂၀၁၈၊ ဇွန် ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အမေရိကန်ပြည်ထောင်စု ကော်မရှင်က ဒဲနစ္စကို “ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ဘာသာရေးအကျဉ်းသား” အဖြစ် ၂၀၁၈၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ သတ်မှတ်လိုက်တယ်။

ယေဟောဝါသက်သေများရဲ့ တရားဝင် အသင်းအဖွဲ့တွေကို ပိတ်ပင်ခြင်းဟာ ယေဟောဝါသက်သေတစ်ယောက် ယုံကြည်ချက်အတိုင်း လုပ်ပိုင်ခွင့်ကို ထိခိုက်မှာ မဟုတ်ကြောင်း ရုရှားအစိုးရက တရားရုံးမှာ အာမခံထားပြီးပါပြီ။ ရဲတွေနဲ့ ဥပဒေအဖွဲ့သားတွေက အဲဒီအာမခံချက်ကို အလေးမထားဘဲ ဒဲနစ္စနဲ့ တခြားသူတွေကို “အစွန်းရောက်” လုပ်ဆောင်မှုနဲ့ တရားစွဲဆိုဖို့ ဥပဒေကို တလွဲသုံးနေကြတယ်။ ဒီနှစ်အတွင်း ရုရှားနိုင်ငံတစ်ဝန်းမှာ ဝင်ရောက်စီးနင်းမှုတွေ အကြိမ်ကြိမ် ရှိခဲ့တယ်။ အခုအချိန်အထိ ညီအစ်ကို/မ ၂၅ ယောက် ထောင်ကျနေတယ်။ ၁၈ ယောက်က အိမ်အကျယ်ချုပ်နဲ့ နေရတယ်။ အယောက် ၄၀ ကျော်က တစ်နည်းမဟုတ် တစ်နည်းနဲ့ ကန့်သတ်ချုပ်ချယ် ခံနေရတယ်။ ဒဲနစ္စအမှု ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ရုရှားပြည်နယ် ၃၀ နီးပါးက ယေဟောဝါသက်သေ ၉၀ ကျော်ရဲ့ အမှုတွေကို စီရင်ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ တရားစွဲခံနေရတဲ့ ချစ်လှစွာသော ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်ပြီး ခွန်အားပေးဖို့ နိုင်ငံတကာက ညီအစ်ကို/မတွေ ဆုတောင်းပေးနေကြပါတယ်။ ယေဟောဝါ “တရားသဖြင့်” စီရင်ပေးမယ့်အချိန်ကို စိတ်ထက်သန်စွာ ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။—လုကာ ၁၈:၇