မာတိကာဆီ ကျော်သွား

ဝဲမှယာသို့။ ညီအစ်ကို အိလန် ခဲရီမို့ဖ်၊ ကွန်စတန်တင် မာထရာရှို့ဗ်၊ ဗလာဒီမာ မာကူရှင်၊ အိုင်ဒါ ယူမီယေ့ဗ်

၂၀၂၁ ခုနှစ်၊ မေ ၁၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | စမ်းသပ်မှု ကြုံရချိန်မှာ မေတ္တာနဲ့ ကူညီထောက်မပေးနေတဲ့ ယေဟောဝါကို တာတာစတန်က ညီအစ်ကိုတွေ ကျေးဇူးတင်

နောက်ဆုံးအချက်အလက် | စမ်းသပ်မှု ကြုံရချိန်မှာ မေတ္တာနဲ့ ကူညီထောက်မပေးနေတဲ့ ယေဟောဝါကို တာတာစတန်က ညီအစ်ကိုတွေ ကျေးဇူးတင်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှာ တာတာစတန်ဒေသ အထက်တရားရုံးက ညီအစ်ကို အိလန် ခဲရီမို့ဖ်၊ ကွန်စတန်တင် မာထရာရှို့ဗ်၊ ဗလာဒီမာ မာကူရှင်၊ အိုင်ဒါ ယူမီယေ့ဗ်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဒီဇင်ဘာ ၁၆ မှာ တာတာစတန်နယ်မြေ၊ နိုင်ဘရစ်နီလ် ချင်နီ ခရိုင်တရားရုံးက အိလန်၊ ကွန်စတန်တင်၊ ဗလာဒီမာ၊ အိုင်ဒါတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်ပါတယ်။ အိလန်နဲ့ ကွန်စတန်တင်ကို ဆိုင်းငံ့ ထောင်ဒဏ် လ ၃၀ စီ၊ ဗလာဒီမာကို ဆိုင်းငံ့ ထောင်ဒဏ် ၃၇ လ၊ အိုင်ဒါကို ဆိုင်းငံ့ ထောင်ဒဏ် ၃၃ လ အသီးသီး ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

အိလန် ခဲရီမို့ဖ်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၁ (ဂျော်ဘွိုင်၊ ဥဇဘက်ကစ္စတန်)

  • ဘဝအတ္ထုပ္ပတ္တိ။ ဖန်မှုတ်နည်း သင်ယူတယ်။ ဥဇဘက်ကစ္စတန်မှာ မိသားစုကို ထောက်ပံ့နိုင်ဖို့ အလုပ်မျိုးစုံ လုပ်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ ရုရှားကို ပြောင်းရွှေ့လာတယ်။ ၂၀၀၁ ခုနှစ်၊ တစ်နေ့မှာ အကူအညီ ရဖို့ ဘုရားဆီ ဆုတောင်းတယ်။ နောက်တစ်ရက်မှာ ယေဟောဝါသက်သေတွေနဲ့ တွေ့ပြီး ကျမ်းစာ လေ့လာတယ်။ ၂၀၀၄ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၂ မှာ ယူလီယာနဲ့ လက်ထပ်တယ်။

ကွန်စတန်တင် မာထရာရှို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၈ (ပရာကော့ပယာ့စ်ခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝမှာ ဖခင်ဆုံးသွားတယ်။ စက်ပြင်ဆရာ လုပ်ပြီး မိခင်ကို ထောက်ပံ့တယ်။ သူ ရှစ်နှစ်သားအရွယ်မှာ မိခင်က ယေဟောဝါသက်သေ ဖြစ်လာတယ်။ မျှော်လင့်ချက် ရှိစေတဲ့ ကျမ်းစာသတင်းတရားကို စိတ်ဝင်စားသွားပြီး ၂၀၁၈ မှာ နှစ်ခြင်းခံတယ်။

ဗလာဒီမာ မာကူရှင်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၇ (နိရှ်နီစကန်ခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ နည်းပညာ၊ အင်ဂျင်နီယာ တက္ကသိုလ်ကျောင်းဆင်း ဖြစ်တယ်။ ကားစက်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ ဦးစီးသူပါ။ ကျမ်းစာရဲ့ ရှင်းလင်းမှု၊ ယုတ္တိရှိမှုကို သာမက ကျမ်းစာထဲက ဉာဏ်ပညာစကားတွေကို သဘောကျတယ်။ ၂၀၁၃ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၇ မှာ ဆဗက်လာနာနဲ့ လက်ထပ်တယ်။

အိုင်ဒါ ယူမီယေ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၃ (နိရှ်နီစကန်ခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ တေးဂီတပညာနဲ့ ကားစက်ပြင်တာကို လေ့လာသင်ယူတယ်။ မော်တော်ယာဉ် စက်ပစ္စည်းတွေ ပြုပြင်တယ်။ ကျမ်းစာမူတွေ လိုက်နာလို့ မိဘတွေ အကျိုးခံစားနေတာ မြင်ရတဲ့အတွက် ကျမ်းစာ စလေ့လာတယ်။ ၂၀၁၂ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၃ မှာ အာလ်ဘီနာနဲ့ လက်ထပ်တယ်။ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပြီး အစားထိုး အရပ်ဘက်လုပ်ငန်းမှာ လုပ်ဆောင်တယ်။

အမှုနောက်ကြောင်း

၂၀၁၈၊ မေ ၂၇ ရက်မှာ တာတာစတန်ရဲတွေက ယေဟောဝါသက်သေ ဆယ်ဦးရဲ့ နေအိမ်တွေကို ဝင်စီးပြီး အိလန်၊ ကွန်စတန်တင်၊ ဗလာဒီမာနဲ့ အိုင်ဒါတို့ကို ဖမ်းခေါ်သွားပြီး အချုပ်ချထားလိုက်တယ်။ ရက်ပေါင်း ၁၆၀ မက ထိန်းသိမ်းခံရပြီးနောက် နေအိမ်အကျယ်ချုပ် ချထားပြန်တယ်။

လောလောဆယ် နေအိမ်အကျယ်ချုပ် မကျတော့ပေမဲ့ ရုရှား အစွန်းရောက်သမားစာရင်းထဲ ထည့်ထားတဲ့အတွက် မိမိတို့ရပ်ကွက်ကနေ ထွက်ခွာခွင့် မရှိဘူး။ ဘဏ်စာရင်းတွေ သုံးလို့ မရတော့သလို အလုပ်ရဖို့လည်း ခက်နေကြတယ်။

ထိန်းသိမ်းခံရချိန်အကြောင်း အိုင်ဒါ ပြန်ပြောပြတယ်။ “ကျမ်းချက် အတော်များများကို ကျွန်တော် ပြန်မှတ်မိလာတယ်။ . . ကိုယ့်အစွမ်းအစနဲ့ဆို ဘယ်လိုမှ မှတ်မိနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာ အတော်များများကို ယေဟောဝါအကူအညီနဲ့ ပြန်မှတ်မိလာတယ်။”

အချုပ်ထောင်ထဲ ရောက်ခါစမှာ ကွန်စတန်တင် ကြောက်နေခဲ့တယ်။ ဒါပေမဲ့ အရာရှိ၊ အစောင့်၊ ထောင်သား၊ ရဲ၊ ထောင်ကြပ်တွေကို အခွင့်ကြုံရင် ကြုံသလို ကျမ်းစာအကြောင်း ပြောပြတယ်။ “ထောင်ထဲ ရောက်မှ သက်သေခံဖို့ အခွင့်အရေး ပိုရတယ်။ ‘ညီအစ်ကိုတို့၊ ကျွန်တော် ကြုံနေရတဲ့ အခြေအနေက သတင်းကောင်း ပျံ့နှံ့ဖို့ အထောက်အကူ ဖြစ်စေတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်တယ်။ ခရစ်တော်ကို ယုံကြည်လို့ ကျွန်တော် အကျဉ်းကျနေမှန်း နန်းတော်စောင့်တပ် တစ်တပ်လုံးရော ကျန်တဲ့လူတွေပါ သိကြတယ်’ ဆိုတဲ့ ပထမရာစု ခရစ်ယာန်တွေဆီ တမန်တော် ပေါလု ရေးခဲ့တဲ့ ဖိလိပ္ပိ ၁:၁၂၊ ၁၃ ပါ ကျမ်းစကားအတိုင်းပါပဲ” လို့ ပြောပြတယ်။

ညီအစ်ကို/မတွေရဲ့ အကူအညီအတွက် ဗလာဒီမာ သိပ်ကျေးဇူးတင်တယ်။ “ရိက္ခာတွေ ဝယ်ပို့ပေးဖို့ ညီအစ်ကို/မတွေ ငွေထုတ်ပေးကြတယ်လို့ ကျွန်တော့်ဇနီး ပြောပြတယ်။ တစ်လကို ဘယ်လောက်ပဲ လက်ခံရမယ်ဆိုတဲ့ ထောင်သတ်မှတ်ချက် ရှိတယ်။ ကျွန်တော့်ရိက္ခာထုပ်က သတ်မှတ်ချက်ထက် အမြဲ ပိုနေတယ်” လို့ ပြောပြတယ်။

ယေဟောဝါနဲ့ ပိုရင်းနှီးလာပုံအကြောင်း အိလန် ပြောပြတယ်။ “စမ်းသပ်မှု ကြုံရလို့ အဖဘုရားနဲ့ အရင်ကထက် ပိုရင်းနှီးလာတယ်။ ဘုရားကို ပိုယုံကြည်အားကိုးတတ်လာတယ်။ ရင်ဖွင့်စရာတွေ များတော့ အကြာကြီး ဆုတောင်းဖြစ်တယ်။ ပိုလေးလေးနက်နက်၊ ထက်ထက်သန်သန် ဆုတောင်းတတ်လာတယ်။”

“ဘုရားတရား ကိုင်းရှိုင်းမှု၊ လေးနက်တည်ကြည်မှု” ရှိကြတဲ့ ဒီညီအစ်ကိုတွေရော မိသားစုဝင်တွေပါ ကောင်းချီးခံစားရမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—၁ တိမောသေ ၂:၂