မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို အလက်ဇန်ဒါ အာ့ကိုပို့ဗ်၊ ကွန်စတန်တင် ဆမ်စိုနို့ဗ်၊ ရှာမီ စူလ်တာနို့ဗ်

ဇွန် ၂၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | စမ်းသပ်မှု ကြုံရပေမဲ့ ညီအစ်ကို အာ့ကိုပို့ဗ်၊ ဆမ်စိုနို့ဗ်၊ စူလ်တာနို့ဗ်တို့ ယေဟောဝါကို အားကိုး

နောက်ဆုံးအချက်အလက် | စမ်းသပ်မှု ကြုံရပေမဲ့ ညီအစ်ကို အာ့ကိုပို့ဗ်၊ ဆမ်စိုနို့ဗ်၊ စူလ်တာနို့ဗ်တို့ ယေဟောဝါကို အားကိုး

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်မှာ စတာ့ဗ်ရိုပေါ်ဒေသ တရားရုံးက ညီအစ်ကို အလက်ဇန်ဒါ အာ့ကိုပို့ဗ်၊ ကွန်စတန်တင် ဆမ်စိုနို့ဗ်၊ ရှာမီ စူလ်တာနို့ဗ်တို့ရဲ့ အယူခံမှုကို စီရင်ချက် ချမှတ်လိုက်ပါတယ်။ အလက်ဇန်ဒါနဲ့ ရှာမီတို့ ပေးရမယ့် ဒဏ်ငွေကို ရူဘယ် ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၀၇၇) အထိ လျှော့ချလိုက်ပါတယ်။ ဒဏ်ငွေကို ချက်ချင်း ပေးဆောင်ရမယ်။ ကွန်စတန်တင်ကို ထောင်ဒဏ်အစား ဒဏ်ငွေ ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၅၂၄) ပေးဆောင်စေတယ်။ သူ ထောင်ကနေ ချက်ချင်းလွတ်လာတယ်။

၂၀၂၂၊ ဧပြီ ၁၉ မှာ စတာ့ဗ်ရိုပေါ်ဒေသ၊ နဖ်တီခမ်စကီ ခရိုင်တရားရုံးက အလက်ဇန်ဒါ၊ ကွန်စတန်တင်၊ ရှာမီတို့ရဲ့ အမှုကို စီရင်ချက်ချလိုက်ပါတယ်။ အလက်ဇန်ဒါနဲ့ ရှာမီကို ရူဘယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၀၅၅) ဒဏ်ငွေတပ်တယ်။ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ခံထားရတဲ့ အချိန်ကြောင့် သူတို့ရဲ့ ဒဏ်ငွေကို ပေးဆောင်ဖို့ မလိုပါ။ ကွန်စတန်တင်ကို ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချလိုက်တယ်။ သူ့ကို အကျဉ်းထောင်ဆီ ချက်ချင်း ခေါ်သွားကြတယ်။

ကိုယ်ရေးအကျဉ်း

အလက်ဇန်ဒါ အာ့ကိုပို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၂ (နဖ်တီခမ့်)

  • ဘဝအတ္ထုပ္ပတ္တိ။ အဖေ၊ အစ်ကိုနဲ့အတူ ဆောက်လုပ်ရေး လုပ်တယ်။ ဘောလုံး၊ ဘတ်စကက်ဘော၊ တင်းနစ် ဆော့တာ၊ သဘာဝ ရှုခင်းတွေ ကြည့်တာ၊ ချက်ပြုတ်တာ ဝါသနာပါတယ်။

    ၂၀၀၇ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။

ကွန်စတန်တင် ဆမ်စိုနို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (နဖ်တီခမ့်)

  • ဘဝအတ္ထုပ္ပတ္တိ။ လူငယ်ဘဝမှာ စစ်တုရင် ကစားတာ၊ ကွန်ပျူတာ နည်းပညာပိုင်းမှာ စိတ်ဝင်စားတယ်။ လောလောဆယ် ဆေးရုံမှာ နည်းပညာ အင်ဂျင်နီယာ လုပ်တယ်။ ၁၉၉၈ ခုနှစ်မှာ သူနဲ့ ဇနီး စဗယ်လာနာက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတယ်။ ၂၀၀၀ ပြည့်နှစ်မှာ နှစ်ခြင်းခံကြတယ်။ သားတစ်ယောက် ရှိတယ်။

ရှာမီ စူလ်တာနို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (မာမွတ်-မက်ထက်ဘ်၊ စတာ့ဗ်ရိုပေါ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးအလုပ် လုပ်တယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာတယ်။ ၂၀၀၃ မှာ နှစ်ခြင်းခံတယ်။ ၂၀၀၄ မှာ ယီလန်နာနဲ့ လက်ထပ်တယ်။ ယီလန်နာရဲ့ ပထမ အိမ်ထောင်နဲ့ ရတဲ့ သားကို ကျွေးမွေးစောင့်ရှောက်ကြတယ်။

အမှုနောက်ကြောင်း

၂၀၁၇၊ သြဂုတ် ၂၆၊ စနေနေ့မှာ လက်နက်ကိုင်တပ်ဖွဲ့က နဖ်တီခမ့်အနီး ရေအိုင်နားမှာ အားလပ်ရက် အပန်းဖြေနေတဲ့ ယေဟောဝါသက်သေ ၁၈ ယောက်ကို ဝိုင်းထားလိုက်တယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် အားလုံးကို ရဲစခန်းဆီ ဖမ်းခေါ်ပြီး သုံးနာရီကြာ စစ်ကြောတယ်။ အဲဒီနောက် နဖ်တီခမ့်မှာ ရှိတဲ့ ညီအစ်ကို/မ အတော်များများကို စောင့်ကြည့်ထောက်လှမ်းပြီး အိမ်တွေထဲ ဝင်ရောက်ရှာဖွေတယ်။ အလက်ဇန်ဒါ၊ ကွန်စတန်တင်၊ ရှာမီတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ တစ်နှစ်နီးပါး ဖမ်းထားတယ်။

အလက်ဇန်ဒါက အစိုးရိမ်ကြီးသူ၊ ကျန်းမာရေး မကောင်းသူ ဖြစ်လို့ ထောင်ကျမှာ သိပ်ကြောက်ခဲ့တယ်လို့ ပြောတယ်။ ထောင်ထဲမှာ ခံနိုင်ရည် ရှိဖို့ စိတ်ခွန်အားပေးပါဆိုပြီး ယေဟောဝါဆီ အသနားခံဆုတောင်းတယ်။ “ထောင်ထဲမှာ ဆက်တောင့်မခံနိုင်တော့ဘူးလို့ ယေဟောဝါကို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းမှာ တစ်နှစ်နီးပါး နေနိုင်ခဲ့တာ မယုံနိုင်စရာပဲ” လို့ သူ ပြောတယ်။ ကျမ်းစာ မရနိုင်လို့ ကျမ်းချက်တွေ ပြန်မှတ်မိအောင် ယေဟောဝါ ကူညီပေးတယ်။ မှတ်မိသမျှ ကျမ်းချက်တွေ ချရေးထားတယ်။ မနက်တိုင်း ကျမ်းချက်တစ်ချက် ဖတ်ပြီး သုံးသပ်တယ်။ ဒီကျမ်းချက်က လက်ရှိ အခြေအနေမှာ ဘယ်လို အကူအညီ ဖြစ်စေနိုင်တယ်ဆိုတာ တွေးတောဆင်ခြင်တယ်။ ဒါက ယေဟောဝါလို စဉ်းစားတွေးခေါ်တတ်အောင် ကူညီပေးတယ်။

ကွန်စတန်တင်က ဇနီး ရေးပို့တဲ့ စာတွေကြောင့် ရဲစွမ်းသတ္တိ ရှိလာတယ်။ သူ မှတ်မိသလောက် စာတစ်စောင်မှာ စမ်းသပ်မှုကို စွန့်စားခန်းအဖြစ် ရှုမြင်ဖို့ အားပေးထားတယ်။ “အဲဒီလို ရှုမြင်လိုက်တော့ ကျွန်တော် ပျော်လာတယ်။ နောက်ပိုင်း ပိုအဆင်ပြေလာတယ်” လို့ သူ ပြောတယ်။

ရှာမီက ဖမ်းဆီးထိန်းသိမ်းရေးစခန်း ရောက်ခါစ လတွေမှာ အခက်ဆုံးပဲလို့ ပြောတယ်။ “နောက်ပိုင်းတော့ ပိုအဆင်ပြေလာပါတယ်။ ကျွန်တော့်ကို ဘုရား ပစ်မထားဘူးဆိုတဲ့ သက်သေပဲ” လို့ သူ ပြောတယ်။ အခုတော့ ရှေ့မှာ ကြုံရမယ့် စမ်းသပ်မှုတွေအတွက် အစိုးရိမ် မလွန်ဘဲ ယေဟောဝါကို ယုံကြည်အားထားတတ်လာတယ်။

ဒီညီအစ်ကို သုံးယောက်ဟာ ခရီးသွားလာခွင့်၊ ဖုန်းနဲ့ အင်တာနက် သုံးခွင့် ပိတ်ပင်ခံရတယ်။ ဒီကန့်သတ်ချက်တွေကြောင့် အလက်ဇန်ဒါက ဆေးကုသဖို့ ခက်နေတယ်။ ကွန်စတန်တင်ကတော့ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲတဲ့အလုပ် လုပ်ဖို့ ခက်နေတယ်။ ဒီအခက်အခဲတွေ ရှိပေမဲ့ ဘုရားသခင်ကို ဆက်သစ္စာစောင့်သိဖို့ ဒီညီအစ်ကိုတွေ စိတ်ပိုင်းဖြတ်ထားကြတယ်။

ယေဟောဝါကို ဆက်အားကိုးနေတဲ့ ဒီညီအစ်ကိုတွေ ကောင်းချီးခံစားရမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။—ဆာလံ ၂၀:၇