မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ။ ညီအစ်ကို အလမ် အလီယေ့ဗ်၊ ဗာလေရီ ခရီဂျာ၊ ဆာဂေး ရှူယရန်ကို၊ ဒီမီထရီ ဇာဂူလင်

၂၀၂၁ ခုနှစ်၊ မတ် ၁၈ ရက်| နောက်ဆုံးအချက်အလက်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ပြစ်ဒဏ် ချမှတ်ခံရ | ဘိုင်ရိုဘစ်ဇန်မြို့က ညီအစ်ကို လေးယောက် ထောင်ချခံရနိုင်ဖွယ်ရှိ

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ပြစ်ဒဏ် ချမှတ်ခံရ | ဘိုင်ရိုဘစ်ဇန်မြို့က ညီအစ်ကို လေးယောက် ထောင်ချခံရနိုင်ဖွယ်ရှိ

ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်ကို အလမ် အလီယေ့ဗ်၊ ဗာလေရီ ခရီဂျာ၊ ဆာဂေး ရှူယရန်ကိုနဲ့ ဒီမီထရီ ဇာဂူလင် တို့ကိုပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ညီအစ်ကို အလီယေ့ဗ်ကို ထောင်ဒဏ် ခြောက်နှစ်ခွဲ၊ ညီအစ်ကို ဇာဂူလင်ကို ထောင်ဒဏ် သုံးနှစ်ခွဲချမှတ်တယ်။ ညီအစ်ကို ခရီဂျာနဲ့ ရှူယရန်ကို ထောင်ဒဏ် ခုနစ်နှစ်ချမှတ်တယ်။ ညီအစ်ကို လေးယောက်စလုံးကို တရားခွင်ကနေ ချက်ချင်းခေါ်သွားကြတယ်။

ကိုယ်ရေးအကျဉ်း

အလမ် အလီယေ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၃ (လယာကီရွာ၊ အဇာဘိုင်ဂျန်)

  • ဘဝအတ္ထုပ္ပတ္တိ။ ဂျာမနီနိုင်ငံ၊ ဆိုဗီယက် ပြည်ထောင်စု စစ်တပ်မှာ အမှုထမ်းဖူးတယ်။ နောက်ပိုင်း ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်တယ်။ ၁၉၈၉ မှာ ရုရှားနိုင်ငံ၊ ခါဘာရော့စ်မြို့ကို ပြောင်းရွှေ့သွားတယ်။ အခု စက်ရုံတစ်ခုမှာ လုပ်တယ်။

    ရုရှားကို ပြောင်းလာပြီးနောက် မကြာခင်မှာပဲ ကျမ်းစာ စလေ့လာတယ်။ ၁၉၉၁ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၅ မှာ စဗယ်လာနာနဲ့ လက်ထပ်တယ်။ အပြင်ထွက်လည်ရတာ ကြိုက်တယ်။

ဗာလေရီ ခရီဂျာ

  • မွေးဖွားတဲ့နှစ်။ ၁၉၆၈ (ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဘာသာတရား မရှိတဲ့ မိသားစုမှာ ကြီးပြင်းလာတယ်။ ကလေးတုန်းက ကျွမ်းဘား ကစားတာ ကြိုက်တယ်။ အနှိပ်ပညာ သင်ယူထားတယ်။ လောလောဆယ် ကိုယ်ပိုင်လုပ်ငန်း ထောင်ထားတယ်။ ၁၉၉၄ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၇ မှာ နာတာလီယာနဲ့ လက်ထပ်တယ်။ ဘော်လီဘော ကစားတာ၊ အပြင်ထွက်လည်ရတာ ကြိုက်တယ်။

ဆာဂေး ရှူယရန်ကို

  • မွေးဖွားတဲ့နှစ်။ ၁၉၈၄ (ခါဘာရော့စ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးတုန်းက တာ့ခ်မင်နစ္စတန်မှာ နေတယ်။ အဖေက အဲဒီက စစ်တပ်မှာ အမှုထမ်းတယ်။ ဆာဂေးဟာ လက်ထောက် စက်ကိုင် ဖြစ်လာတယ်။ ပုံဆွဲတာ၊ ဘာသာခြားစကား သင်ယူတာ နှစ်သက်တယ်။ မိခင်ဆီကနေ ယေဟောဝါအကြောင်း သိလာတယ်။ အသက် ၁၃၊ ၁၉၉၇ မှာ နှစ်ခြင်းခံတယ်။

ဒီမီထရီ ဇာဂူလင်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၃ (ခါဘာရော့စ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးတုန်းက စစ်သား ဖြစ်ချင်တယ်။ ကိုယ်ခံပညာ တတ်လာတယ်။ လေထီးခုန် လေ့ကျင့်ရေးလည်း ဆင်းခဲ့ရတယ်။ မီးရထား ကုမ္ပဏီတစ်ခုမှာ လောလောဆယ် အလုပ်လုပ်နေတယ်။ ၁၉၉၁ မှာ ကျမ်းစာ စလေ့လာတယ်။ ၁၉၉၂ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၂ မှာ တာတယာနာနဲ့ လက်ထပ်တယ်။

အမှုနောက်ကြောင်း

၂၀၁၈၊ မေ ၁၇ မှာ ဘိုင်ရိုဘစ်ဇန်မြို့က လုံခြုံရေး အရာရှိ ၁၅၀ က “တရားစီရင်ရာနေ့” ဆိုတဲ့ စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်။ ညီအစ်ကို အလမ် အလီယေ့ဗ်ကို “အစွန်းရောက် အဖွဲ့အစည်း လုပ်ဆောင်မှုတွေ စီစဉ်ပေးလို့” ဆိုပြီး တရားစွဲတယ်။ ယာယီအချုပ်ထောင်မှာ ရှစ်ရက် ချုပ်ထားတယ်။ ညီအစ်ကို ဗာလေရီ ခရီဂျာ၊ ဆာဂေး ရှူယရန်ကို၊ ဒီမီထရီ ဇာဂူလင်တို့ကိုလည်း တရားစွဲတယ်။ ညီအစ်ကို လေးယောက်စလုံး ကိုယ့်ဒေသကနေ တခြားကို မသွားဖို့ ကန့်သတ်ခံရတယ်။ အဲဒီအပြင် ညီအစ်ကို အလမ်၊ ဗာလေရီ၊ ဒီမီထရီတို့ရဲ့ ဇနီးတွေလည်း သီးခြားစီ တရားစွဲခံထားရတယ်။

ညီအစ်ကို အလမ်ဟာ အဖမ်းမခံရခင် နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ရှာဖွေလေ့လာထားတယ်။ သိလာတာကို အသင်းတော်က တခြားသူတွေကိုလည်း ပြောပြတယ်။ “နှိပ်စက်ညှဉ်းပန်းခံရမှာကို ကြောက်ပြီး အလျှော့မပေးဖို့ ညီအစ်ကိုတွေကို အားပေးခဲ့တယ်။ အဲဒါ အချိန်ကိုက်ပဲ။ နောက်တစ်ပတ်မှာပဲ အသင်းတော်က မိသားစု ၂၁ စုရဲ့ အိမ်တွေ ဝင်ရောက်စီးနင်းခံရတယ်” လို့ အလမ် ပြောတယ်။

ဗာလေရီနဲ့ ဇနီး နာတာယာလည်း အသွားအလာ ကန့်သတ်ခံရလို့ တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီး မတက်နိုင်တော့ဘူး။ အစ္စရေးမှာ နေတဲ့ မိဘတွေဆီလည်း သွားလည်လို့ မရတော့ဘူး။ ၂၀၁၉၊ ဖေဖော်ဝါရီမှာ ညီအစ်ကိုရဲ့ ဖခင် ဆုံးသွားတယ်။ လအနည်းငယ် ကြာပြီးနောက် မိခင်ဖြစ်သူလည်း ကျောရိုးမ ခွဲစိတ်ရပြီး အချိန်ပြည့် စောင့်ရှောက်ဖို့ လိုအပ်လာတယ်။ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ဗာလေရီ စိတ်ချတယ်။ မိဘတွေ ယုံကြည်ခြင်း မတူပေမဲ့ အစ္စရေးမှာ ရှိတဲ့ ညီအစ်ကို/မတွေက ဗာလေရီရဲ့ မိခင်ကို ကူညီစောင့်ရှောက်ပေးကြတယ်။ “အမေ့အခြေအနေအတွက် ယေဟောဝါဆီ ဆုတောင်းထားတာ။ ဒါ ဆုတောင်းချက်တွေရဲ့ အဖြေပဲ။ အစ္စရေးမှာ ရှိတဲ့ ညီအစ်ကို/မတွေက အမေ့ကို စိတ်ပိုင်းဆိုင်ရာ အားပေးထောက်မကြတယ်။ သူ့ဆီ သွားလည်တယ်။ စကားပြောတယ်။ အစည်းအဝေးတွေ တက်ဖို့ ဖိတ်ခေါ်တယ်။ အမေနဲ့အတူ ကျွန်တော်တို့ မရှိနိုင်ပေမဲ့ ညီအစ်ကို/မတွေကတစ်ဆင့် ဘယ်လို ကူညီနိုင်တယ်ဆိုတဲ့ ယေဟောဝါရဲ့ လက်တော်ကို မြင်ခဲ့ရတယ်” လို့ ဗာလေရီ ပြောတယ်။

ဒီမီထရီကတော့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကိုယ်သိထားပြီးသားအရာတွေကို ပိုယုံကြည်စိတ်ချလာတယ်။ “ဘဝမှာ အစစအရာရာ အဆင်ပြေနေပြီး ဝတ်ပြုရေးအတွက် ကန့်သတ်မှုတွေ မရှိတဲ့အခါ ဘုရားရေးရာ ရတနာတွေကို ပေါ့ပေါ့တန်တန် သဘောထားမိဖို့၊ လျစ်လျူရှုမိဖို့ သိပ်လွယ်တယ်။ ဒါပေမဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို အာဏာပိုင်တွေ ရုပ်သိမ်းလိုက်တဲ့အခါ လောလောဆယ် ကိုယ်ရထားတာကို သုံးပြီး ကြုံလာရမယ့် နှိပ်စက်ညှဉ်းပန်းမှုအတွက် ပြင်ဆင်ထားဖို့ သိပ်အရေးကြီးမှန်း သိခဲ့ရတယ်။ လက်ရှိ ရထားတဲ့ လွတ်လပ်မှုကို ‘ကောင်းကင်ဘဏ္ဍာ’ စုဆောင်းရာမှာ သုံးတာ သိပ်ပညာရှိတယ်။ ဒါဟာ အဆုံးထိ ခံနိုင်ရည် ရှိဖို့၊ ယုံကြည်ခြင်း ခိုင်မာနေဖို့ ကူညီပေးတယ်” လို့ ပြောတယ်။—မဿဲ ၆:၂၀

ရုရှားမှာ ရှိတဲ့ ညီအစ်ကို/မတွေ ခံရပ်နိုင်ဖို့ ယေဟောဝါက “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ပေးနေတာ ထင်ရှားပါတယ်။—၂ ကောရိန္သု ၄:၇