မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့။ ညီအစ်ကိုနဲ့ ညီအစ်မ ဆာဂေးနဲ့ အန်နာ မဲလ်နစ်၊ ဗာလေရီနဲ့ မာရီးနာ ရာဂိုဇင်၊ အီဂေါ်နဲ့ ယေ့ဂျန်နီးယား ရီကဇာရမ်

၂၀၂၁၊ ဖေဖော်ဝါရီ ၂၆
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်ကို သုံးယောက် ခုနစ်လကြာ ယာယီ ထိန်းသိမ်းခံရပြီးနောက် တရားရုံးရဲ့ စီရင်ချက်ကို စောင့်နေ

နောက်ဆုံးအချက်အလက် | ညီအစ်ကို သုံးယောက် ခုနစ်လကြာ ယာယီ ထိန်းသိမ်းခံရပြီးနောက် တရားရုံးရဲ့ စီရင်ချက်ကို စောင့်နေ

၂၀၂၂၊ မတ် ၁၈ မှာ ဂိုဂရက် ထရက်တရို ဇဗိုစကီ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး မဲလ်နစ်၊ ဗာလေရီ ရာဂိုဇင်၊ အီဂေါ် ရီကဇာရမ်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သုံးယောက်စလုံး ထောင်မှာ ဆက်နေရပါမယ်။

၂၀၂၁၊ စက်တင်ဘာ ၂၃ မှာ ဗော်ဂိုဂရက် ထရက်တရို ဇဗိုစကီ ခရိုင်တရားရုံးက ညီအစ်ကို သုံးယောက်ကို အပြစ်ရှိကြောင်း စီရင်လိုက်ပါတယ်။ ညီအစ်ကို ရီကဇာရမ်၊ ညီအစ်ကို မဲလ်နစ်တို့ကို ထောင်ဒဏ် ခြောက်နှစ်၊ ညီအစ်ကို ရာဂိုဇင်ကိုတော့ ထောင်ဒဏ် ခြောက်နှစ်နဲ့ ငါးလ ချလိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

ဆာဂေး မဲလ်နစ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၂ (ဗော်ဂိုဂရက်မြို့၊ ဗော်ဂိုဂရက် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာကျောင်းမှာ ကားပြင်သင်တန်း တက်တယ်။ လက်ရှိမှာတော့ အိမ်အမိုး ပြင်တဲ့အလုပ် လုပ်တယ်။ ၁၉၉၃ မှာ အန်နာနဲ့ လက်ထပ်တယ်။ သားသုံးယောက် ရှိတယ်။ မိသားစုလိုက် တောင်တက်တာ၊ ပေါင်းသင်းရတာတွေကို ကြိုက်တယ်

    အန်နာက ယေဟောဝါသက်သေတွေနဲ့ အရင်ဆုံး ကျမ်းစာလေ့လာတယ်။ ဇနီးရဲ့ အပြောင်းအလဲကောင်းတွေကို မြင်တဲ့အခါ ဆာဂေးလည်း ကျမ်းစာ စလေ့လာတယ်။ ၁၉၉၉ မှာ နှစ်ခြင်းခံတယ်

ဗာလေရီ ရာဂိုဇင်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၂ (ခရာစ်နာကမ်မြို့၊ ပီရမ် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ အငြိမ်းစားယူပြီး ဒီဇိုင်း အင်ဂျင်နီယာအဖြစ် အလုပ်မလုပ်ခင် စစ်တပ်မှာ လေယာဉ်မှူးအဖြစ် ဆယ့်နှစ်နှစ်ကြာ အမှုထမ်းတယ်။ ၁၉၈၄ မှာ မာရီးနာနဲ့ လက်ထပ်တယ်။ သားနှစ်ယောက် ရှိတယ်

    ၁၉၉၀ အစောပိုင်းမှာ ကျမ်းစာ စလေ့လာပြီး ၁၉၉၈ မှာ နှစ်ခြင်းခံတယ်

အီဂေါ် ရီကဇာရမ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၅ (ဗော်ဂိုဂရက်မြို့၊ ဗော်ဂိုဂရက် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ လျှပ်စစ်ပညာရှင်၊ ဖိနပ် ထုတ်လုပ်သူအဖြစ် အလုပ်လုပ်တယ်။ ငယ်ရွယ်စဉ်ကတည်းက ဂီတကို နှစ်သက်ပြီး ဂီတာတီး ဝါသနာပါတယ်။ ၂၀၀၂ မှာ ယေ့ဂျန်နီးယားနဲ့ လက်ထပ်တယ်။ သားတစ်ယောက် ရှိတယ်

    ဘုရားနိုင်ငံတော်အကြောင်း မိခင်ဆီကနေ ဦးဆုံး ကြားခဲ့ရတယ်။ ကျမ်းစာအမှန်တရားရဲ့ ရိုးရှင်းမှု၊ ယုတ္တိရှိမှုကို သဘောကျသွားတယ်။ ၁၉၉၂ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ မေ ၁၆ မှာ ရဲနဲ့ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) အရာရှိတွေက ရုရှားနိုင်ငံ၊ ဗော်ဂိုဂရက် ဒေသက အိမ်ခုနစ်အိမ်ကို ဝင်ရောက်စီးနင်းကြတယ်။ နှစ်ရက်ကြာပြီးနောက် ဗဟို ခရိုင်တရားရုံး တရားသူကြီးက ညီအစ်ကို မဲလ်နစ်၊ ရာဂိုဇင်နဲ့ ရီကဇာရမ်တို့ကို ယာယီ ထိန်းသိမ်းဖို့ အမိန့်ချလိုက်တယ်။ ဒီညီအစ်ကို သုံးယောက်ဟာ ခုနစ်လကြာ ထိန်းသိမ်းခံရတယ်။

သူတို့ သုံးယောက်စလုံး မိသားစုတွေနဲ့ ပြန်ဆုံခွင့် ရပေမဲ့ အမှုစီရင်ချက်ကို စောင့်နေချိန်အတွင်း အခက်အခဲတွေ ရင်ဆိုင်ရတယ်။ ဥပမာ၊ ဗာလေရီဟာ ရုရှား ဖယ်ဒရေးရှင်း၊ ဖယ်ဒရယ် ငွေကြေး စောင့်ကြည့် စစ်ဆေးရေးဌာနရဲ့ စောင့်ကြည့်ခြင်း ခံရတယ်။ “ကျွန်တော့် ဘဏ်အကောင့် အားလုံး ပိတ်ခံရတယ်။ တယ်လီဖုန်းနဲ့ အင်တာနက် အသုံးပြုခွင့်လည်း ပိတ်ခံရတယ်။ အဲဒါတွေ သုံးလို့ မရတော့ အလုပ်ပြုတ်သွားတယ်” လို့ ညီအစ်ကို ဗာလေရီ ပြောပြတယ်။ ဗာလေရီနဲ့ ဇနီးဟာ နေ့စဉ် လိုအပ်ရာတွေအတွက် ပင်စင်ကိုပဲ အားကိုးနေရပြီး အရင်ကထက် ဘဝကို ပိုရိုးရှင်းအောင် နေထိုင်ရတယ်။

ဆာဂေးနဲ့ အီဂေါ်လည်း တရားရုံးရဲ့ တားမြစ်ချက်တွေကြောင့် အလုပ်ရှာဖို့ အခက်ကြုံရတယ်။ တရားရုံးက မကြာခဏ ကြားနာစစ်ဆေးမှုတွေ လုပ်လို့ အလုပ်ချိန် ထိခိုက်တာတွေ ဆာဂေး ကြုံရတယ်။ “ကျွန်တော်က အိမ်ခေါင်မိုး လုပ်ငန်း လုပ်တာ။ အခုတော့ တရားရေး ကြားနာမှု နားတဲ့ အချိန်အတွင်း ပြီးနိုင်တဲ့ အလုပ် သေးသေးလေးတွေပဲ လုပ်နိုင်တော့တယ်” လို့ ဆာဂေး ပြောတယ်။

အီဂေါ်လည်း ကျန်းမာရေး မကောင်းလို့ မကြာခဏ ဆေးရုံ သွားရတယ်။ “ကျွန်တော့်ကို တင်ထားတဲ့ စွဲချက်တွေကြောင့် အလုပ်ရှာဖို့ မဖြစ်နိုင်ဘူး” လို့ ပြောတယ်။ ကျန်းမာရေး ပြဿနာနဲ့ ငွေကြေး အခက်အခဲတွေ ကြုံရပေမဲ့ “ဒီလို ခက်ခဲတဲ့ အချိန်မှာ ကျွန်တော်တို့ကို မစွန့်ပစ်တဲ့ ညီအစ်ကို ညီအစ်မတွေကို လက်ဆောင်အဖြစ် ယေဟောဝါ ပေးထားတယ်” လို့ ဆက်ပြောတယ်။

ရုရှားက ညီအစ်ကိုတွေနဲ့ မိသားစုဝင်တွေဟာ သူတို့အပေါ် ချမှတ်တဲ့ ကန့်သတ်ချက်တွေကြောင့် ငွေကြေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ လိုအပ်ရာတွေကို ယေဟောဝါ ဆက်ထောက်မပေးမယ်ဆိုတဲ့ အသိနဲ့ စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံ ရပ်တည်သွားကြမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—မဿဲ ၆:၃၃