မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့။ ညီအစ်ကို အာစန် အဗနက်စို့ဗ်၊ ဗီလန် အဗနက်စို့ဗ်၊ အလက်ဇန်းဒါး ပါကို့ဗ်

၂၀၂၁ ခုနှစ်၊ မေ ၁၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်ကို သုံးဦးကို ချုပ်ရက် ထပ်တိုး

နောက်ဆုံးအချက်အလက် | ညီအစ်ကို သုံးဦးကို ချုပ်ရက် ထပ်တိုး

၂၀၂၂ ခုနှစ်၊ ဇွန် ၂၃ ရက်မှာ တရားစီရင်ရေး နယ်မြေ ၄ အယူခံတရားရုံးက ညီအစ်ကို ဗီလန် အဗနက်စို့ဗ်နဲ့ အလက်ဇန်းဒါး ပါကို့ဗ်ရဲ့ ဒုတိယ အယူခံကို ပယ်ချလိုက်ပါတယ်။ အစိုးရရှေ့နေရဲ့ တောင်းဆိုချက်အရ ညီအစ်ကို အာစန် အဗနက်စို့ဗ်ရဲ့ အယူခံကို အောက်ရုံးကို ပြန်လွှဲလိုက်တယ်။ ဒါကြောင့် ပိုပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်။ ညီအစ်ကို သုံးယောက်စလုံး ထောင်ကျနေကြတယ်။

၂၀၂၁၊ ဒီဇင်ဘာ ၆ မှာ ရော့စတို့ဗ် ခရိုင်တရားရုံးက အာစန်၊ ဗီလန်၊ အလက်ဇန်းဒါးတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူတို့ ထောင်ထဲ ဆက်နေရပါမယ်။

၂၀၂၁၊ ဇူလိုင် ၂၉ မှာ ရော့စတို့ဗ် အော်ဒွန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက အာစန်နဲ့ အလက်ဇန်းဒါးကို ထောင်ဒဏ် ခြောက်နှစ်ခွဲ၊ ဗီလန်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ ညီအစ်ကို သုံးဦးစလုံး အချုပ်ခံရတာ နှစ်နှစ်ကျော် ရှိနေပါပြီ။ သူတို့ ထောင်ထဲ ဆက်နေရပါမယ်။

ကိုယ်ရေးအကျဉ်း

အာစန် အဗနက်စို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၃ (ဘာကူ၊ အဇာဘိုင်ဂျန်)

  • ဘဝအတ္ထုပ္ပတ္တိ။ အင်ဂျင်နီယာကျောင်း တက်ပြီး ဆောက်လုပ်ရေးမှာ အလုပ်လုပ်တယ်။ ကလေးဘဝက ရတ်ဂ်ဘီဘောလုံး ကစားတာ ဝါသနာပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်စကား သင်ယူတယ်။

    မိဘတွေ ကူညီပေးလို့ ကျမ်းစာကို လေးမြတ်တတ်လာတယ်။ ၂၀၀၅ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။

ဗီလန် အဗနက်စို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၂ (ဘာကူ၊ အဇာဘိုင်ဂျန်)

  • ဘဝအတ္ထုပ္ပတ္တိ။ လျှပ်စစ်ပြင်ဆရာ၊ ဆောက်လုပ်ရေးသမား ဖြစ်တယ်။ ချက်ပြုတ်တာ၊ မုန့်ဖုတ်တာ၊ စာဖတ်တာ ဝါသနာပါတယ်။ လူငယ်ဘဝကတည်းက ကျမ်းစာဖတ်ရတာ အကြိုက်ဆုံးပဲ။

    ၁၉၈၀ ပြည့်နှစ်မှာ စတယ်လာနဲ့ လက်ထပ်တယ်။ ကလေး နှစ်ယောက် ရှိတယ်။ သား အာစန်နဲ့ သမီး အယ်လီနာ။ ၁၉၈၈ ခုနှစ်မှာ ဒုက္ခသည်အဖြစ် အာမေးနီးယားကို ပြောင်းရွှေ့လာကြတယ်။ အဲဒီနှစ်မှာပဲ အာမေးနီးယား၊ ယီရီဗင်မြို့မှာ ငလျင်ဘေး ကြုံရတယ်။ မိသားစု စားဝတ်နေရေး ပိုကျပ်တည်းလာတဲ့အတွက် ရုရှား၊ ရော့စတို့ဗ် အော်န်ဒွန်မြို့ကို ပြောင်းရွှေ့ခဲ့ရပြီး ၂၀၀၆ မှာ နှစ်ခြင်းခံတယ်။

အလက်ဇန်းဒါး ပါကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၇ (စပါ့ခ်၊ ကင်မရိုဗိုဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်စဉ်ကတည်းက လယ်လုပ်တယ်၊ သိုးကျောင်းတယ်။ ထွန်စက်မောင်းသူ၊ ကြေးပန်းထိမ်အတတ် ကျွမ်းကျင်သူပါ။

    ၁၉၉၀ ပြည့်နှစ်မှာ ဂါလီနာနဲ့ လက်ထပ်ပြီး ကျမ်းစာ အတူလေ့လာကြတယ်။ ၁၉၉၂ မှာ နှစ်ခြင်းခံတယ်။ သမီး သုံးယောက်၊ မြေး နှစ်ယောက် ရှိတယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ မေ ၂၂ မှာ ရော့စတို့ဗ် အော်န်ဒွန်မြို့က ယေဟောဝါသက်သေတွေရဲ့ နေအိမ် ဝင်ရောက်စီးနင်းခံရတယ်။ ညီအစ်ကို ဗီလန် အဗနက်စို့ဗ်နဲ့ သား အာစန်၊ ညီအစ်ကို အလက်ဇန်းဒါး ပါကို့ဗ်တို့ အဖမ်းခံရပြီး နှစ်နှစ်နီးပါး အချုပ်ခံရတယ်။ ၂၀၂၁၊ မတ်လမှာ ညီအစ်ကို သုံးယောက်စလုံးကို နောက်အချုပ်ထောင်ဆီ ပြောင်းရွှေ့ထားတယ်။

ဗီလန်ရဲ့ ဇနီး စတယ်လာက ခင်ပွန်းနဲ့ သားကို တွေ့ခွင့် မရှိဘူး။ ဝင်ငွေ ထောက်ပံ့သူ မရှိဘဲ နေရတယ်။ အလက်ဇန်းဒါးရဲ့ ဇနီး ဂါလီနာလည်း ယုံကြည်ခြင်းကြောင့် တရားစွဲခံနေရတယ်။ တရားရုံးက အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်နဲ့ သုံးလ ချမှတ်ထားတယ်။

ဒီမတရားဖမ်းဆီးမှုတွေအတွက် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ အလွန် စိတ်ထိခိုက်ကြတယ်။ “အကျဉ်းကျနေတဲ့သူတွေကို [ကျွန်တော်တို့လည်း] သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး သတိရကြ” ပါတယ်။​—⁠ဟီဘရူး ၁၃:၃