မာတိကာဆီ ကျော်သွား

ညီအစ်မ တာတယာနာ ရှိုလ်နာ

၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ညီအစ်မ တာတယာနာ ရှိုလ်နာ စမ်းသပ်မှု ကြုံနေရပေမဲ့ ယေဟောဝါဘုရားကို ယုံကြည်အားကိုးပြီး ပြုံးပျော်ဆဲ

နောက်ဆုံးအချက်အလက် | ညီအစ်မ တာတယာနာ ရှိုလ်နာ စမ်းသပ်မှု ကြုံနေရပေမဲ့ ယေဟောဝါဘုရားကို ယုံကြည်အားကိုးပြီး ပြုံးပျော်ဆဲ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ တရားစီရင်ရေး နယ်မြေ ၉ အယူခံတရားရုံးက ညီအစ်မ တာတယာနာ ရှိုလ်နာရဲ့ ဒုတိယအယူခံကို ပယ်ချလိုက်ပါတယ်။ လောလောဆယ် ထောင်ထဲ သွားစရာ မလိုပါဘူး။

၂၀၂၁၊ ဒီဇင်ဘာ ၁၆ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက တာတယာနာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။

၂၀၂၁၊ ဇွန် ၂၅ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက တာတယာနာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် လ ၃၀ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

တာတယာနာ ရှိုလ်နာ

  • မွေးဖွားတဲ့နှစ်။ ၁၉၉၃ (ဘိုင်ရိုဘစ်ဇန်)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်စဉ်မှာ ဖခင်က မတော်တဆမှုနဲ့ ဆုံးပါးသွားလို့ မိခင်ကပဲ တာတယာနာနဲ့ မောင်လေးကို ပြုစုပျိုးထောင်ခဲ့တယ်။ ဆေးဆိုင်မှာ အလုပ်လုပ်တယ်။ ရေခဲပြင် စကိတ်စီးတာ၊ စက်ဘီး စီးတာ၊ ဘော်လီဘော ကစားတာ ဝါသနာပါတယ်။

    နည်းပညာကောလိပ်မှာ စက်ချုပ်ပညာ သင်ယူနေချိန် ကျမ်းစာကို စိတ်ဝင်စားလာတယ်။ ယေဟောဝါသက်သေ အတန်းဖော်တစ်ဦးကို အထင်ကြီးလေးစားမိတယ်။ ၂၀၁၄ ခုနှစ်၊ အသက် ၁၂ နှစ်အရွယ် ဝမ်းကွဲ သေဆုံးသွားချိန်မှာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် စိတ်သက်သာရာရခဲ့တယ်။ ၂၀၁၇ မှာ နှစ်ခြင်းခံတယ်။

အမှုနောက်ကြောင်း

၂၀၂၀၊ ဖေဖော်ဝါရီ ၆၊ ဘိုင်ရိုဘစ်ဇန်မှာ ရုရှားအာဏာပိုင်တွေက ၂၇ နှစ်အရွယ် တာတယာနာ ရှိုလ်နာအပါအဝင် ခရစ်ယာန် ညီအစ်မ ခြောက်ယောက်ကို ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲတယ်။ ယုံကြည်ကိုးကွယ်မှု အကြောင်းပြချက်သက်သက်နဲ့ “အစွန်းရောက်” အဖြစ် စွပ်စွဲတယ်။ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ယေဟောဝါသက်သေတွေကို အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲထားပါတယ်။

စမ်းသပ်မှုကို ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးနေကြောင်း တာတယာနာ စိတ်ချတယ်။ “အမှုစဖြစ်တော့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို အပြည့်အဝ မပါဝင်နိုင်ပေမဲ့ ကျမ်းစာဖတ်ဖို့ လုံးဝ မမေ့ဘူး။ ကိုယ့်ခံစားချက်တွေ၊ စိုးရိမ်စရာတွေကို ယေဟောဝါဘုရားဆီ ရင်ဖွင့်တယ်။ အရာရာကို ခံရပ်နိုင်အောင်၊ အဆုံးအထိ သစ္စာရှိအောင် သန့်ရှင်းသော စွမ်းအားတော် ပေးဖို့ ဆုတောင်းတယ်။ တရားရုံးမှာ ဘုရားနာမည်ကို မကြောက်မရွံ့ ခုခံကာကွယ်နိုင်ဖို့ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ ပေးပါလို့ ဆုတောင်းတယ်” ဆိုပြီး သူ ပြောတယ်။

“မိမိရဲ့ ကျေးကျွန်တွေကို ယေဟောဝါဘုရား အမြဲ ထောက်မကူညီပြီး ကာကွယ်ပေးတယ်ဆိုတဲ့ အသိက ကျွန်မကို ပျော်ရွှင်စေတယ်။ ယေဟောဝါဘုရားက ကျွန်မကို ညာလက်နဲ့ မြဲမြဲကိုင်ထားတယ်။ ဒါကြောင့် ဘုရားကို ယုံကြည်အားကိုးပြီး စမ်းသပ်မှု ကြုံနေရချိန်မှာ တည်ငြိမ်နိုင်တာပါ” လို့လည်း ပြောတယ်။—ဟေရှာယ ၄၁:၁၀

တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဉ်မှာ တာတယာနာဟာ ယေဟောဝါရဲ့ အကူအညီနဲ့ ‘ဒုက္ခရောက်ချိန်မှာ ခံနိုင်ရည်’ ဆက်ရှိနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ရောမ ၁၂:၁၂