မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့- ညီအစ်ကို ဒီမီထရီ မီလက်ဗာနီ၊ ညီအစ်မ အော်လ်ဂါ အိုပလိုဗာနဲ့ အော်လ်ဂါ ပဲန်ယူတာ၊ ညီအစ်ကို အလက်ဆီ တရိုဖီမို

၂၀၂၁ ခုနှစ်၊ ဇွန် ၂၉ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | စမ်းသပ်မှုအောက်မှာ ယေဟောဝါသက်သေတွေ ခွန်အားရှိပြီး ရွှင်လန်းနေကြ

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | စမ်းသပ်မှုအောက်မှာ ယေဟောဝါသက်သေတွေ ခွန်အားရှိပြီး ရွှင်လန်းနေကြ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပရီမိုစကီဒေသ၊ စပက်စ် ခရိုင်တရားရုံးက ညီအစ်ကို ဒီမီထရီ မီလက်ဗာနီ၊ ညီအစ်မ အော်လ်ဂါ အိုပလိုဗာ၊ ညီအစ်မ အော်လ်ဂါ ပဲန်ယူတာနဲ့ ညီအစ်ကို အလက်ဆီ တရိုဖီမိုတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ ညီအစ်ကို မီလက်ဗာနီကို ထောင်ဒဏ်ခုနစ်နှစ်၊ ညီအစ်ကို တရိုဖီမိုကို ထောင်ဒဏ် ခြောက်နှစ်နဲ့ ခြောက်လ၊ ညီအစ်မ ပဲန်ယူတာကို ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်တယ်။ သုံးယောက်စလုံးကို တရားခွင်မှာပဲ ချက်ချင်းဖမ်းဆီးတယ်။ ညီအစ်မ အိုပလိုဗာကတော့ ဆိုင်းငံ့ထောင်ဒဏ် လေးနှစ်နဲ့ခြောက်လ ချမှတ်ခံရလို့ လောလောဆယ် ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ဒီမီထရီ မီလက်ဗာနီ

  • မွေးဖွားတဲ့နှစ်။ ၁၉၉၀ (စပက်စ်ဒေါ့လ်နီ)

  • ဘဝနောက်ခံ။ ကွန်ပျူတာ ပရိုဂရမ် သင်ပေးသူ။ ဇနီး အိုယာနာက ပန်းချီဆရာမ။ ဆယ်ကျော်သက်အရွယ်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာခဲ့တယ်။ ကျမ်းစာဟာ ယုံကြည်စိတ်ချထိုက်တဲ့ စာအုပ် ဖြစ်မှန်း၊ ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိနိုင်မှန်း ယုံကြည်လာတယ်။ ၂၀၀၄ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

အော်လ်ဂါ အိုပလိုဗာ

  • မွေးဖွားတဲ့နှစ်။ ၁၉၅၂ (စပက်စ်ဒေါ့လ်နီ)

  • ဘဝနောက်ခံ။ လူငယ်ဘဝမှာ ဘုရားသခင်ကို ယုံကြည်ပေမဲ့ ကျမ်းစာကိုတော့ စိတ်မဝင်စားဘူး။ ၂၂ နှစ်အရွယ် သမီး သေဆုံးပြီး မကြာခင် ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံခဲ့တယ်။ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ ကျမ်းစာကတိကို နှစ်သက်သွားတယ်။ ယုံကြည်ချက် ခိုင်မာလာတဲ့အခါ တခြားသူတွေကိုလည်း ပြောပြတယ်။ ၁၉၉၅ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ကလေးဘဝကတည်းက သီချင်းနားထောင်တာ၊ သီချင်းဆိုတာ ကြိုက်တယ်။ အထူးသဖြင့် ဘုရားသခင့် နိုင်ငံတော် သီချင်းတွေကို နှစ်သက်တယ်။

အော်လ်ဂါ ပဲန်ယူတာ

  • မွေးဖွားတဲ့နှစ်။ ၁၉၅၉ (နိဇ်နီ နို့ဗ်ဂိုရော့)

  • ဘဝနောက်ခံ။ မူကြိုဆရာမ၊ လူမှုဝန်ထမ်း ဖြစ်ပြီး အငြိမ်းစား ယူထားတယ်။ ဗလာဒါမီယာနဲ့ ၁၉၈၂ ခုနှစ်မှာ လက်ထပ်ခဲ့တယ်။ အရွယ်ရောက် သမီးနှစ်ယောက်၊ သားတစ်ယောက် ရှိတယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ကျမ်းစာသွန်သင်ချက်တွေကို ကောင်းကောင်း နားလည်ပြီး နှစ်သက်လာတယ်။ ၁၉၉၆ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

အလက်ဆီ တရိုဖီမို

  • မွေးဖွားတဲ့နှစ်။ ၁၉၅၉ (မဲမကန် ယူကွတ်စကာဒေသ)

  • ဘဝနောက်ခံ။ ဘလာဒါဗစတာ ကောလိပ်မှာ ဇနီးဖြစ်သူ တာမယာနဲ့ တွေ့ဆုံခဲ့တယ်။ သားသမီး လေးယောက်နဲ့ မြေးတွေ ရှိတယ်။ သော့ပြင်ဆရာဖြစ်ပြီး မကြာသေးခင်က ဘွိုင်လာခန်းရဲ့ ကြီးကြပ်မှူး လုပ်တယ်။ ဘဝကို အဓိပ္ပာယ်ရှိရှိ ဘယ်လို ဖြတ်သန်းရမလဲဆိုတာ ကျမ်းစာကနေ သိရှိပြီးနောက် ၁၉၉၀ နောက်ပိုင်းမှာ ယေဟောဝါဘုရားကို ကိုးကွယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

အမှုနောက်ကြောင်း

၂၀၁၈၊ နိုဝင်ဘာ ၂၅ ရက်နေ့မှာ စပက်စ်ဒေါ့လ်နီမြို့က သက်သေခံ လေးဦးရဲ့ အိမ်ကို ရဲတွေ ဝင်စီးပြီး ရှာဖွေခဲ့တယ်။ အော်လ်ဂါ အိုပလိုဗာရဲ့ တိုက်ခန်းတံခါးကို လျှပ်စစ်လွှနဲ့ ဖြတ်ပြီး ဝင်လာတယ်။ တံခါးခေါက်တာကို ဘာလို့ မဖွင့်တာလဲလို့ ရဲတွေ မေးတော့ အော်လ်ဂါ ကောင်းကောင်း ပြန်မပြောနိုင်ဘူး။ နှလုံးအမောဖောက်နေတဲ့ အော်လ်ဂါကို လူနာတင်ကားနဲ့ ဆေးရုံကို ခေါ်သွားတယ်။ အဲဒီနေ့မှာပဲ အော်လ်ဂါကို ဆေးရုံကနေ စစ်ကြောရေးစခန်း ခေါ်သွားတယ်။ နှလုံးရောဂါကြောင့် အော်လ်ဂါ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း လေဖြန်းသွားတယ်။ အော်လ်ဂါကို ပြုစုစောင့်ရှောက်ပေးနေတဲ့ သားဖြစ်သူ ညီအစ်ကို ဗစ်တာလီ အီလီနက်ကိုလည်း သီးသန့် အမှုစွဲထားတယ်။

လေးယောက်စလုံးကို ယာယီအချုပ်ထောင်မှာ နှစ်ရက် ချုပ်ထားတယ်။ ၂၀၁၈၊ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြန်လွတ်လာပြီး နေအိမ်အကျယ်ချုပ်နဲ့ နေရတယ်။ နောက်တစ်နှစ်ကျော်မှ သူတို့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်တယ်။

အစွန်းရောက် အဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်နေတယ်လို့ သူတို့ကို စွဲချက်တင်တယ်။

အေးအေးဆေးဆေး နေတဲ့သူတို့ကို ယုံကြည်ချက်အတွက်နဲ့ ဘာကြောင့်ပြစ်ဒဏ်ပေးသလဲဆိုတာ သက်သေခံ မဟုတ်တဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေ နားမလည်ကြဘူး။ ဘာသာရေး ယုံကြည်ချက် မတူတဲ့ အလုပ်ဖော်တွေကတောင် ဒီမီထရီကို ထောက်မပေးပြီး အရှုံးမပေးဖို့ အားပေးကြတယ်။

ဒီမီထရီက ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ ရွှင်လန်းနေတယ်။ အဲဒီလိုရွှင်လန်းနေတာက ကိုယ်နဲ့အတူ ယေဟောဝါဘုရား ရှိတယ်ဆိုတဲ့ အမှတ်အသား ဖြစ်တယ်လို့ သူ ခံယူထားတယ်။ “မောရှေရဲ့ တောင်ဝှေးက မောရှေနဲ့အတူ ယေဟောဝါဘုရား ရှိတယ်ဆိုတဲ့ အမှတ်အသား ဖြစ်သလို ကျွန်တော့်ရဲ့ ရွှင်လန်းမှုကလည်း ယေဟောဝါဘုရား ထောက်မပေးနေမှန်း သိသာစေတယ်။ ကျွန်တော့်ရဲ့ ရွှင်လန်းမှုက တရားရုံးမှာ၊ စုံစမ်းစစ်ဆေးရေးစင်တာမှာ အလုပ်လုပ်နေတဲ့သူတွေ အားလုံးအတွက် သက်သေခံကောင်းဖြစ်မှာ သေချာတယ်” လို့ ဒီမီထရီ ပြောပြတယ်။

အော်လ်ဂါ အိုပလိုဗာက “ယေဟောဝါဘုရား ကူညီပေးနေလို့ ကျွန်မ ခံရပ်နိုင်တာ။ အသေးအမွှားကအစ ဘာမဆို ယေဟောဝါဘုရားဆီ ပုံအပ်ပြီး အားကိုးတတ်လာတယ်” လို့ ပြောတယ်။

စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ထားချိန်နဲ့ နေအိမ်အကျယ်ချုပ် ကျချိန်မှာ ဘယ်ကနေ အကူအညီရခဲ့သလဲဆိုတာ အလက်ဆီ ပြောပြတယ်- “[ယေဟောဝါဘုရား] ကြောင့် ကျွန်တော် ခွန်အားရလာတာ။ ယာယီအချုပ်ထောင်မှာ ရှိနေတုန်း ဘုရား ခွန်အားပေးတာကို ခံစားခဲ့ရတယ်။ သတ္တိပေးပါလို့ ယေဟောဝါဘုရားဆီ ဆုတောင်းတယ်။ တုန်ခါနေတဲ့ ကျွန်တော့်ခြေလက်တွေ ချက်ချင်း ရပ်သွားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောဆိုနိုင်ခဲ့တယ်။ တစ်ခါမှ မကြုံဖူးတဲ့ ဒီလိုအခြေအနေကို ခံရပ်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။”

အော်လ်ဂါ ပဲန်ယူတာက “ကျွန်မတို့ ဆက်သစ္စာရှိမှ ယေဟောဝါဘုရားရဲ့ဘုန်း ထင်ရှားမှာ။ ဒါကြောင့် ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပြီး ဝတ်ပြုရမယ်။ အလိုတော်ကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ရမယ်။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိရမယ်” လို့ ပြောတယ်။

ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေ တရားရုံးစီရင်ချက်ကို စောင့်နေချိန်ကာလမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ယေဟောဝါဘုရားကို “ကျောက်ဆောင်” အဖြစ် အပြည့်အဝ အားကိုးနိုင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—တရားဟောရာ ၃၂:၄