မာတိကာဆီ ကျော်သွား

ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီနဲ့ မိခင် ဗာလင်တီနာ ဘရန်နိုဗ်စကာယာ

ဇန်နဝါရီ ၂၉၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | ရုရှားမှာ ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီနဲ့ မိခင် ဗာလင်တီနာ ဘရန်နိုဗ်စကာယာ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

နောက်ဆုံးအချက်အလက် | ရုရှားမှာ ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီနဲ့ မိခင် ဗာလင်တီနာ ဘရန်နိုဗ်စကာယာ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

၂၀၂၂၊ မေလ ၄ ရက်နေ့မှာ ခါကာစီယာ အယူခံတရားရုံးက အသက် ၇၁ နှစ်အရွယ် ညီအစ်မ ဗာလင်တီနာ ဘရန်နိုဗ်စကာယာကို ထောင်ကနေ လွှတ်ပေးဖို့ စီရင်ချက် ချလိုက်ပါတယ်။ ထောင်ကနေ မလွှတ်ပေးဖို့ အစိုးရဘက်က ရှေ့နေရဲ့ အယူခံကို တရားရုံးက ပယ်ချလိုက်တယ်။ ဗာလင်တီနာဟာ ထောင်ထဲမှာ တစ်နှစ်ကျော် နေခဲ့ရတယ်။ သူ့ရဲ့သား ရိုမန်ကတော့ ထောင်ထဲမှာ ဆက်နေရပါတယ်။

ဗာလင်တီနာကို အုဇ်-အာဘာကန် ခရိုင်တရားရုံးက ခံဝန်ချက်နဲ့ လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို အစိုးရဘက်က ရှေ့နေက ၂၀၂၂၊ မတ်လ ၄ ရက်မှာ အယူခံဝင်ပါတယ်။ ဗာလင်တီနာဟာ “နောင်တမရတဲ့အတွက်” ပြစ်ဒဏ်ကနေ စောစော မလွှတ်ပေးသင့်လို့ ရှေ့နေက တင်သွင်းတယ်။ ဗာလင်တီနာဟာ အစိုးရ ရှေ့နေရဲ့ အယူခံကို ကြားနာပြီးတဲ့အထိ ထောင်ထဲမှာ ဆက်နေရပါမယ်။

၂၀၂၁၊ မေလ ၂၄ ရက်မှာ ရုရှားနိုင်ငံ၊ ခါကာစီယာဒေသ အထက်တရားရုံးက ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီနဲ့ သူ့မိခင် အသက် ၇၀ အရွယ် ဗာလင်တီနာ ဘရန်နိုဗ်စကာယာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူတို့တွေ ထောင်ထဲမှာ ဆက်နေရပါမယ်။ နောက်နောင် ထောင်ကနေ လွတ်သွားပြီးနောက်ပိုင်း လိုက်နာရမယ့် ကန့်သတ်ချက်တွေကိုပါ တရားရုံးက ဖော်ပြခဲ့တယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၂၄ မှာ ခါကာစီယာဒေသ၊ အာဘာကန်မြို့နယ် တရားရုံးက ရိုမန်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ ရိုမန်ရဲ့ မိခင် ဗာလင်တီနာကို ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ ယုံကြည်ချက်ကြောင့် ထောင်ချခံရတဲ့ ညီအစ်မတွေထဲမှာ ပထမဆုံး ဖြစ်ပါတယ်။ ဗာလင်တီနာဟာ ၂၀၂၁၊ ဧပြီလမှာ အသက် ၇၀ ပြည့်မှာ ဖြစ်ပြီး ၂၀၂၀၊ ဇူလိုင်လတုန်းက လေဖြတ်သွားတယ်။ ပြစ်ဒဏ်စီရင်ချက် ချပြီးတာနဲ့ နှစ်ယောက်စလုံးကို ထောင်ထဲ ခေါ်သွားကြတယ်။

ကိုယ်ရေးအကျဉ်း

ရိုမန် ဘရန်နိုဗ်စကီ

  • မွေးဖွားတဲ့နှစ်– ၁၉၇၄ (ဗလာကိုဗို၊ စရာတော့ ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ– အိမ်ပြုပြင်ရေးလုပ်ငန်း လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ မိခင်ကို ထောက်ပံ့နေသူ ဖြစ်တယ်။ ဂစ်တာတီးတာ၊ ချက်ထိုးတာ၊ ဘောလုံး ကစားတာ ကြိုက်တယ်။

    ဆယ်ကျော်သက်အရွယ်ကတည်းက ဘဝအဓိပ္ပာယ်အကြောင်း စဉ်းစားမိတယ်။ “လမ်းမှန် ပြပေးပါလို့ ဘုရားဆီ တစ်ခါတလေ ဆုတောင်းဖူးတယ်” လို့ သူ ပြောတယ်။ ၁၉၉၃ ခုနှစ်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာပြီး ၁၉၉၇ မှာ နှစ်ခြင်းခံတယ်။

ဗာလင်တီနာ ဘရန်နိုဗ်စကာယာ

  • မွေးဖွားတဲ့နှစ်– ၁၉၅၁ (ဗင်နိုဗ်ကာ၊ ကာဇက်စတန်)

  • ဘဝအတ္ထုပ္ပတ္တိ– ပင်စင်ယူတဲ့ ၂၀၀၆ ခုနှစ်အထိ စာရင်းကိုင်နဲ့ ဘဏ္ဍာရေး စီမံသူအဖြစ် အလုပ်လုပ်တယ်။ ချက်ပြုတ်တာ၊ သီချင်း ရေးတာ၊ ကဗျာ ရေးတာ ဝါသနာပါတယ်။

    ၁၉၉၅ ခုနှစ်မှာ သားဖြစ်သူနဲ့အတူ ကျမ်းစာလေ့လာတယ်။ အထူးသဖြင့် ဘုရားသခင် မုသာ မသုံးဘူးဆိုတဲ့ အချက်ကို သဘောကျတယ်။ ၁၉၉၆ မှာ နှစ်ခြင်းခံတယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ ဧပြီ ၁၀ မှာ လက်နက်ကိုင် ရဲတွေက အာဘာကန်မှာ ရှိတဲ့ ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီ၊ မိခင် ဗာလင်တီနာတို့ရဲ့ အိမ်အပါအဝင် နေအိမ် လေးလုံးကို ဝင်ရောက် စီးနင်းကြတယ်။ ကျမ်းစာတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ ကိုယ်ပိုင် စာရွက်စာတမ်းတွေ သိမ်းသွားပြီး ရိုမန်နဲ့ ဗာလင်တီနာကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ကြတယ်။

“အိမ်ကို ဝင်ရောက်စီးနင်းကြတုန်းက ကျွန်တော်တို့ ကြားရက်အစည်းအဝေးမှာ ၁ ကောရိန္သု ၁၀:၁၃ ကို ဆွေးနွေးနေတာ။ ဘယ်စမ်းသပ်မှု ကြုံရမယ်လို့ ယေဟောဝါ သတ်မှတ်တာ မဟုတ်ဘူးဆိုတဲ့ အရေးကြီးအချက်ကို အဲဒီကျမ်းချက်က သင်ပေးတယ်။ . . . ‘သူကတော့ သန်မာတယ်၊ ဒီစမ်းသပ်မှု ကြုံပါစေ။ သူကတော့ အားနည်းတယ်၊ သိပ်မခက်တဲ့ စမ်းသပ်မှုပဲ ကြုံပါစေ’ ဆိုပြီး မတွေးဘူး။ အဲဒီလိုသာဆိုရင် ကိုယ့်ခွန်အားကိုပဲ ကျွန်တော်တို့ အားကိုးရတော့မှာ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး စမ်းသပ်မှု အမျိုးမျိုး ကြုံရနိုင်တယ်။ ယေဟောဝါရဲ့ အစွမ်းကို အားကိုးမယ်ဆိုရင် ခံရပ်နိုင်ပါတယ်” လို့ ရိုမန် ပြောတယ်။

၂၀၂၀၊ ဇူလိုင်မှာ ဗာလင်တီနာ လေဖြတ်သွားတယ်။ “ကျန်းမာရေး အခြေအနေ ပိုဆိုးလာလေ ကျွန်မဘေးမှာ ယေဟောဝါ ရှိနေတယ်ဆိုတာ ပိုထင်ရှားလေပဲ။ ကျွန်မ အမြဲ ဆုတောင်းတယ်။ ဘုရားလက်နဲ့ ပွေ့ဖက်ထားသလို ခံစားရတယ်။ ငြိမ်သက်မှု အပြည့်အဝ ခံစားရတယ်” လို့ သူ ပြောတယ်။

ရင်ဆိုင်ရတဲ့ ဘဝအတွေ့အကြုံတွေကြောင့် ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ “ဘယ်လို အခြေအနေမျိုးပဲ ကြုံပါစေ အဖဘုရားကို ဆက်သစ္စာရှိဖို့၊ ထာဝစဉ် အမှုဆောင်သွားဖို့ ဆုံးဖြတ်ထားတယ်” ဆိုပြီး ပြောတယ်။

ကျမ်းစာခေတ်နဲ့ အခုခေတ် ခံနိုင်ရည် ပုံနမူနာတွေကို တွေးတောခြင်းကြောင့် ယုံကြည်ခြင်း ပိုခိုင်မာလာတယ်လို့ ရိုမန် ပြောတယ်။ အဲဒီလို ပုံနမူနာတွေကို စဉ်းစားရင်း ‘သူတို့ ဘာတွေ ကြုံရသလဲ။ ဘာကြောင့်လဲ။ ဆက်သစ္စာရှိဖို့ ဘာက ကူညီပေးသလဲ။ ယေဟောဝါရဲ့ စွမ်းအားတော်က ဘယ်လို ကူညီပေးသလဲ’ လို့ သူ့ကိုယ်သူ မေးလေ့ရှိတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေက ဘယ်လို အခက်အခဲပဲ ကြုံပါစေ “လိုအပ်မယ်ဆိုရင် သာမန်ထက် ထူးကဲတဲ့ ခွန်အားမျိုး ယေဟောဝါ ပေးမယ်” ဆိုတာ ရိုမန်ကို ပိုစိတ်ချစေတယ်။

ရိုမန်၊ ဗာလင်တီနာနဲ့ ရုရှားက ညီအစ်ကို ညီအစ်မအားလုံး မိမိတို့ရဲ့ ခိုလှုံရာ ဖြစ်တဲ့ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားနေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဆာလံ ၄၆:၁