မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့၊ အပေါ်တန်း။ ညီအစ်ကို ယူရီ ဂျယ်ရစကို့ဗ်၊ မာ့ခ်စင်း ခါတူးရင်၊ ဗလာဒီမာ ခိုရိုဘေနီကို့ဗ်နဲ့ အန်ဇေ အောနေဇချု့ခ်။ အောက်တန်း။ ညီအစ်ကို အန်ဒရေ ဆူဗာကို့ဗ်၊ ယေ့ဗ်ဂျနီ ဆူဗာကို့ဗ်နဲ့ ဗလာဒီမာ ဗာစီယေ့ဗ်

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | လပေါင်းများစွာ ထိန်းသိမ်းခံရချိန်၊ နေအိမ်အကျယ်ချုပ်ကျချိန်မှာ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းတို့ကနေ ညီအစ်ကိုတွေ ခွန်အားယူပြီး ခံရပ်ခဲ့ကြ

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | လပေါင်းများစွာ ထိန်းသိမ်းခံရချိန်၊ နေအိမ်အကျယ်ချုပ်ကျချိန်မှာ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းတို့ကနေ ညီအစ်ကိုတွေ ခွန်အားယူပြီး ခံရပ်ခဲ့ကြ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှာ ကီရို့ဗ်ဒေသ တရားရုံးက ညီအစ်ကို မာ့ခ်စင်း ခါတူးရင်၊ ဗလာဒီမာ ခိုရိုဘေနီကို့ဗ်၊ အန်ဇေ အောနေဇချု့ခ်၊ အန်ဒရေ ဆူဗာကို့ဗ်၊ ယေ့ဗ်ဂျနီ ဆူဗာကို့ဗ်နဲ့ ဗလာဒီမာ ဗာစီယေ့ဗ်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ လောလောဆယ်တော့ ထောင်ထဲသွားစရာမလိုပါ။

၂၀၂၂ ခုနှစ်၊ ဇွန် ၃ ရက်မှာ ကီရို့ဗ်ဒေသ ပါဗိုမေစကီ ခရိုင်တရားရုံးက ညီအစ်ကို မာ့ခ်စင်း ခါတူးရင်၊ ဗလာဒီမာ ခိုရိုဘေနီကို့ဗ်၊ အန်ဇေ အောနေဇချု့ခ်၊ အန်ဒရေ ဆူဗာကို့ဗ်၊ ယေ့ဗ်ဂျနီ ဆူဗာကို့ဗ်နဲ့ ဗလာဒီမာ ဗာစီယေ့ဗ်တို့ရဲ့ အမှုကို စီရင်ချက် ချလိုက်ပါတယ်။ ညီအစ်ကိုတွေဟာ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲကနေ ခြောက်နှစ်ခွဲအထိ အသီးသီး ပြစ်ဒဏ်ချမှတ်ခံရတယ်။ အမှု မပြီးခင် သေဆုံးသွားတဲ့ ညီအစ်ကို ယူရီ ဂျယ်ရစကို့ဗ်ကိုတောင် တရားရုံးက အပြစ်ရှိကြောင်း ကြေညာခဲ့တယ်။

ကိုယ်ရေးအကျဉ်း

ယူရီ ဂျယ်ရစကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၆ (အဇာဘိုင်ဂျန်)

  • သေဆုံးတဲ့ရက်။ ဧပြီ ၂၄၊ ၂၀၂၀

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်ငယ်ကတည်းက ဘောလုံးကန်တာ၊ ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ သံစုံတီးဝိုင်းတစ်ခုမှာ အလုပ်လုပ်တယ်။ အဇာဘိုင်ဂျန် နိုင်ငံရေး အခြေအနေကြောင့် ၁၉၉၃ ခုနှစ်မှာ ရုရှားကို ပြောင်းရွှေ့နေထိုင်တယ်။ ၂၀၁၁ မှာ အာလိဖ်တီနာနဲ့ လက်ထပ်တယ်။ အဲဒီနှစ်မှာပဲ နှစ်ခြင်းခံတယ်။ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းတွေဆီ အလည်သွားရတာ ကြိုက်ကြတယ်။

မာ့ခ်စင်း ခါတူးရင်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၄ (ကီရို့ဗ်၊ ကီရို့ဗ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝကတည်းက စာဖတ်ဝါသနာပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကျမ်းစာကို စပြီး စိတ်ဝင်စားလာတယ်။ ၁၉၉၅ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ သက်ကြီးရွယ်အို မိဘတွေကို ပြုစုစောင့်ရှောက်နေသူပါ။ ကိုးကွယ်တဲ့ ဘာသာ မတူပေမဲ့ မာ့ခ်စင်းရဲ့ ဘာသာရေး ယုံကြည်ချက်ကို မိဘတွေ လေးစားကြတယ်။

ဗလာဒီမာ ခိုရိုဘေနီကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၂ (ဒစ်စန်ကျွန်း၊ ကရာနိုရာ့စ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဖခင်က မြောက်ဝင်ရိုးစွန်း အဏ္ဏဝါဗေဒ ပညာရှင်ပါ။ ဗလာဒီမာဟာ ကလေးဘဝတုန်းက ပုံစံငယ်တွေ ဖန်တီးရတာ ဝါသနာပါတယ်။ ပိုက်ပြင်၊ စက်ပြင်တဲ့အလုပ် လုပ်တယ်။ အငြိမ်းစားယူပြီးနောက် ငါးဖမ်းထွက်ရတာကို ကြိုက်တယ်။

    ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ ဗလာဒီမာနဲ့ ဇနီး အော်လ်ဂါတို့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကျမ်းစာ ကြိုဟောချက်တွေကို သိပ်သဘောကျတယ်။ ၁၉၉၆ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ကျမ်းစာမူတွေကို လိုက်နာကြလို့ မိသားစု ပိုစည်းလုံးပျော်ရွှင်လာတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။

အန်ဇေ အောနေဇချု့ခ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၈ (ဘီယာလုစ်တော့ဗ်၊ ပိုလန်)

  • ဘဝအတ္ထုပ္ပတ္တိ။ လူငယ်ဘဝတုန်းက ဘောလုံးကစားတာ၊ အလေးမတာ ဝါသနာပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ နှစ်ခြင်းခံတယ်။ ၁၉၉၇ ခုနှစ်မှာ ကီရို့ဗ်ကို ပြောင်းရွှေ့နေထိုင်တယ်။ ရုရှားစာပေကို ကြိုက်နှစ်သက်တယ်။ ၂၀၀၂ ခုနှစ်မှာ အဲနာနဲ့ လက်ထပ်တယ်။ အိမ်ပြင်ထွက်သွားလာရတာ၊ မှိုရှာထွက်တာ၊ ဘောလုံးကစားတာကို ဝါသနာပါကြတယ်။

အန်ဒရေ ဆူဗာကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၃ (ကီရို့ဗ်၊ ကီရို့ဗ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ မိခင်က အမှန်တရား သင်ပေးတယ်။ ငယ်ငယ်က သိပ္ပံကို စိတ်ဝင်စားတယ်။ အားကစား လိုက်စားတယ်။ အထူးသဖြင့် ဘော်လီဘော ကစားတာ ဝါသနာပါတယ်။ ၂၀၀၇ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ စစ်မှုထမ်းခြင်းအစား အရပ်ဘက်ဆိုင်ရာလုပ်ငန်း ဖြစ်တဲ့ မူးယစ်ဆေးဖြတ် စင်တာမှာ အမှုထမ်းခဲ့တယ်။ ၂၀၁၆ မှာ ဇဗက်လာနာနဲ့ လက်ထပ်တယ်။ အားကစား ဝါသနာပါကြတယ်။

ယေ့ဗ်ဂျနီ ဆူဗာကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၈ (ကူမန်နီ၊ ကီရို့ဗ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝမှာ စစ်တုရင် ကစားတာ၊ ဟော်ကီ ကစားတာ၊ တေးသီချင်း နားထောင်တာ ဝါသနာပါတယ်။ လျှပ်စစ်ပြင်တဲ့အလုပ် လုပ်တယ်။ အသက် ၁၆ နှစ်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတယ်။ ၁၉၉၅ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ အသက် ၁၈ နှစ်မှာ စစ်မှုထမ်းခြင်းအစား အရပ်ဘက်လုပ်ငန်း လုပ်ခွင့်ပေးဖို့ တောင်းဆိုတယ်။ ခြောက်ကြိမ် တောင်းဆိုပြီးနောက်မှ အရပ်ဘက်လုပ်ငန်း လုပ်ခွင့်ရတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဇဗက်လာနာနဲ့ လက်ထပ်ပြီး မယားပါသား အန်ဒရေ (အထက်မှာ ဖော်ပြထား) ကို ပြုစုစောင့်ရှောက်တယ်။

ဗလာဒီမာ ဗာစီယေ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၆ (ပမ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝမှာ ဘောလုံးကစားတာ ဝါသနာပါတယ်။ ပိုက်ပြင်ဆရာ၊ ယာဉ်မောင်းတဲ့အလုပ် လုပ်တယ်။ အခု အငြိမ်းစားယူထားတယ်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ ဇနီး နာဒဇ်ဒါနဲ့အတူ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ၁၉၉၄ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

အမှုနောက်ကြောင်း

၂၀၁၈၊ အောက်တိုဘာ ၉ ရက်မှာ အာဏာပိုင်တွေက ကီရို့ဗ်ဒေသ ယေဟောဝါသက်သေတွေရဲ့ နေအိမ် ၁၄ လုံးကို ဝင်ရောက်ရှာဖွေတယ်။ ညီအစ်ကို မာ့ခ်စင်း ခါတူးရင်၊ ဗလာဒီမာ ခိုရိုဘေနီကို့ဗ်၊ အန်ဇေ အောနေဇချု့ခ်၊ အန်ဒရေ ဆူဗာကို့ဗ်၊ ယေ့ဗ်ဂျနီ ဆူဗာကို့ဗ်တို့ကို ဖမ်းဆီးထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားကြတယ်။ ၂၀၁၉၊ ဇူလိုင်လမှာ ညီအစ်ကို ဗလာဒီမာ ဗာစီယေ့ဗ်နဲ့ ယူရီ ဂျယ်ရစကို့ဗ်တို့ကိုပါ စွဲချက်တင်ကြတယ်။

ဗလာဒီမာ ခိုရိုဘေနီကို့ဗ်ကို နှစ်လကျော် ထိန်းသိမ်းထားပြီးနောက် နေအိမ်အကျယ်ချုပ် ချတယ်။ ရောဂါသည် ဇနီးနဲ့ သမီးကို ကြည့်ရှုစောင့်ရှောက်ဖို့ပါ။ ညီအစ်ကို မာ့ခ်စင်းနဲ့ အန်ဒရေတို့ကို သုံးလကျော်၊ ယေ့ဗ်ဂျနီကို ငါးလနီးပါး ထောင်ချထားတယ်။ အန်ဇေကို ၃၂၇ ရက် ထောင်ချတယ်။ နောက်ပိုင်းမှာ သူတို့ကို နေအိမ်အကျယ်ချုပ် ချထားတယ်။ ထောင်က လွတ်လာကြပေမဲ့ အပြင်သွားလာခွင့်တွေ ကန့်သတ်ခံရတယ်။

ထောင်ကျနေချိန် မိသားစုတွေနဲ့ ခွဲနေရတာ ညီအစ်ကိုတွေအတွက် မလွယ်ပါဘူး။ ဒါပေမဲ့ မိမိတို့ ချစ်ရသူတွေကို ယေဟောဝါ ကြည့်ရှုစောင့်ရှောက်ပေးမယ်ဆိုတာ ယုံကြတယ်။

ဗလာဒီမာ ခိုရိုဘေနီကို့ဗ်ရဲ့ ဇနီး အော်လ်ဂါဟာ မသန်စွမ်းသူ ဖြစ်တယ်။ “ကိုယ်ထူကိုယ်ထ မလုပ်နိုင်တဲ့ ဇနီးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရလို့ တော်တော့်ကို စိတ်ပူမိတယ်” လို့ ပြောပြတယ်။ အိမ်ကို ဝင်ရောက်ရှာဖွေချိန်မှာ အာဏာပိုင်တွေက ဇနီးရဲ့ လက်ကိုင်ဖုန်းကိုပါ သိမ်းယူသွားကြတယ်။ အော်လ်ဂါကို ညီအစ်ကို/မတွေ ကြည့်ရှုပေးနေပါတယ်ဆိုပြီး ညီအစ်မတစ်ယောက် ရေးလိုက်တဲ့စာ ရတော့မှပဲ ဗလာဒီမာ စိတ်အေးသွားတယ်။ နောက်ပိုင်း အော်လ်ဂါဆီကလည်း သာကြောင်းမာကြောင်း ရေးထားတဲ့ စာကို ရတယ်။

အသွားအလာ ကန့်သတ်ခံရခြင်း၊ “အစွန်းရောက်တွေ” လို့ စွပ်စွဲခံရခြင်းတို့ကြောင့် ညီအစ်ကိုတွေရဲ့ ဘဝ ခက်ခဲလှတယ်။ အလုပ်အကိုင် ရဖို့ မလွယ်ဘူး။ ဘဏ်အကောင့်တွေ အပိတ်ခံရလို့ ငွေထုတ်ဖို့ ခက်နေကြတယ်။

ဒါပေမဲ့ “ယေဟောဝါက ကျွန်တော်တို့ လိုအပ်သမျှ ဖြည့်ဆည်းပေးတယ်။ တောထဲ လှည့်လည်နေတဲ့ အစ္စရေးတွေလိုပဲ ကျွန်တော့်မှာ လိုလေသေးမရှိ ပြည့်စုံနေတာ။ ယေဟောဝါရဲ့ မိသားစုဝင်တွေ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ဝတ်ပြုရေးပိုင်း လိုအပ်ချက်တွေ အချင်းချင်း ဖြည့်ဆည်းပေးတာကို ကိုယ်တွေ့ ခံစားရတယ်“ လို့ ယေ့ဗ်ဂျနီ ပြောပြတယ်။

ဆုတောင်းတာ၊ ကျမ်းစာကို ဖတ်ရှုလေ့လာတာက သစ္စာရှိရှိ၊ သတ္တိရှိရှိ ခံရပ်နိုင်အောင် ကူညီပေးတယ်လို့ ညီအစ်ကိုတွေ ပြောကြတယ်။ “ကျမ်းစာပါ ဖြစ်ရပ်တွေက ယေဟောဝါဟာ အရာရာကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း နားလည်စေတယ်။ ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်ခံ့လာပြီး ဘုရားကို ပိုအားကိုးလာတယ်” လို့ ဗလာဒီမာ ဗာစီယေ့ဗ် ပြောပြတယ်။

အမှုရင်ဆိုင်နေရလို့ ညီအစ်ကို/မတွေ သာမက မိသားစုဝင်တွေပါ အခက်အခဲမျိုးစုံ ကြုံရပေမဲ့ ယေဟောဝါကို ဆက်ယုံကြည်အားကိုးကြမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။ “ဘာမဟုတ်တဲ့ လူသား” က အမြဲ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့ သူတို့ ဆက်ခံရပ်နေကြတယ်။—ဆာလံ ၅၆:၄