မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၄၊ ၂၀၁၇
ရုရှား

အို​ရွိုလ်​တရားရုံး​က ဒဲနစ္စ ခရစ်​တန်​ဆန်​ကို ဖမ်းချုပ်​သက်တမ်း​တိုး​ပြီး ချုပ်​ထား

အို​ရွိုလ်​တရားရုံး​က ဒဲနစ္စ ခရစ်​တန်​ဆန်​ကို ဖမ်းချုပ်​သက်တမ်း​တိုး​ပြီး ချုပ်​ထား

၂၀၁၇၊ နိုဝင်ဘာ ၂၀ ရက်​နေ့မှာ ရုရှား​နိုင်ငံ၊ ဆို​ဗက်​စ​ကီး အို​ရွိုလ် ခရိုင်​တရားရုံး​က သုံးနာရီ​ကြာ ကြားနာစစ်ဆေး​မှု လုပ်ပြီးနောက် ဒဲနစ္စ ခရစ်​တန်​ဆန်​ကို ၂၀၁၈၊ ဖေဖော်ဝါရီ ၂၃ ရက်​နေ့​အထိ ဆက်ပြီး အချုပ်ချ​လိုက်ပါ​တယ်။ မစ္စတာ ခရစ်​တန်​ဆန်​ကို နောက်ထပ် သုံးလ အချုပ်ချ​တာ​ဟာ ဒီ​တစ်ခါ​နဲ့​ဆိုရင် နှစ်ကြိမ်​ရှိပါ​ပြီ။ အို​ရွိုလ်​မြို့မှာ ငြိမ်သက်​အေးချမ်း​စွာ ဝတ်ပြု​စည်းဝေး​နေတဲ့ ဘာသာရေး အစည်းအဝေး​တစ်ခုကို ရဲတွေ ဝင်ရောက်​စီးနင်း​ပြီး မစ္စတာ ခရစ်​တန်​ဆန်​ကို ဖမ်းဆီး​ခဲ့​တာ​ဖြစ်တယ်။ အဖမ်းခံရ​တဲ့ ၂၀၁၇၊ မေလ​ကတည်းက စုံစမ်း​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထား​ကြတယ်။

မစ္စတာ ခရစ်​တန်​ဆန်​ဟာ ဒိန်းမတ်​နိုင်ငံသား ယေဟောဝါ​သက်သေ​တစ်ယောက်ပါ။ သူ့ကို မ​ဖမ်းချုပ်​ခင် ရုရှား​တရားရုံးချုပ်​က ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး လုပ်ဆောင်မှုတွေဟာ အစွန်းရောက်​တယ်​ဆိုပြီး ပိတ်ပင်​ခဲ့တယ်။ ခရိုင်​တရားရုံး​က သူ့ကို ချုပ်​ထားဖို့ ရက်​တိုး​လိုက်တာ​က တရားမဝင် ဘာသာရေး​လုပ်ဆောင်မှုတွေ လုပ်​နေကြောင်း “သက်သေ​အထောက်အထား” စုဆောင်း​နိုင်အောင် အမှု​လိုက်​ရှေ့နေ​တွေ အခွင့်အရေး ရစေဖို့ ဖြစ်တယ်။ အမှု​ရင်ဆိုင်​ချိန်​အတွင်း သူ့​အိမ်မှာ အကျယ်ချုပ်​ထားဖို့ တရားရုံး​က ခွင့်မပြု​တဲ့​အပြင် မစ္စတာ ခရစ်​တန်​ဆန်​ကို နိုင်ငံ​ကူး​လက်မှတ် ထုတ်​မပေး​ပါဘူး၊ နိုင်ငံက ထွက်ခွာ​သွား​အောင် မကူညီ​ပါဘူး​လို့ ဒိန်းမတ်​အစိုးရ အာမခံ​တာ​ကိုလည်း လက်မခံ​ဘူး။

မစ္စတာ ခရစ်​တန်​ဆန်​ဟာ ရုရှား​နိုင်ငံသူ ဇနီးနဲ့​အတူ လွတ်လပ်​စွာ ဝတ်ပြု​ကိုးကွယ်၊ စုဝေး​ခွင့်​ဆိုတဲ့ အခြေခံ​လူ့​အခွင့်အရေး​အတိုင်း လုပ်ဆောင်နေ​တုန်း အဖမ်းခံရ​တာ​ဖြစ်တယ်။ တရားရုံး​က အမှု​မ​စစ်​ခင် နှစ်နှစ်​ကြာ​တဲ့​အထိ သူ့ကို ဥပဒေ​အရ ချုပ်​ထား​နိုင်တယ်။ အမှု​စစ်​ပြီးတဲ့အခါ ပြစ်ဒဏ်ချ​ခဲ့ရင် ခြောက်​နှစ်​ကနေ ဆယ်နှစ်​အထိ ထောင်ဒဏ်​ချနိုင်​တယ်။