မာတိကာဆီ ကျော်သွား

၂၀၂၀၊ ဩဂုတ် ၂၆ ရက်မှာ တရားရုံး အချုပ်ခန်းထဲက ညီအစ်ကို ယူရီ ဆေ့လီယက်ဖ်

ဒီဇင်ဘာ ၁၁၊ ၂၀၂၀
ရုရှား

နှစ်နှစ်ကျော် အချုပ်ကျနေတဲ့ ညီအစ်ကို ယူရီ ဆေ့လီယက်ဖ် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံရဖွယ်ရှိ

နှစ်နှစ်ကျော် အချုပ်ကျနေတဲ့ ညီအစ်ကို ယူရီ ဆေ့လီယက်ဖ် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံရဖွယ်ရှိ

စီရင်ချက်ချမယ့်အချိန်

၂၀၂၀၊ ဒီဇင်ဘာ ၁၆ ရက်မှာ a နိုဗိုဆာဘီရိခ်ဒေသ၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ယူရီ ဆေ့လီယက်ဖ်ရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ ယူရီကို ဆိုင်းငံ့ထောင်ဒဏ် ရှစ်နှစ် ချဖို့ အစိုးရရှေ့နေ တောင်းဆိုထားပါတယ်။ ၂၀၁၇၊ ရုရှားတရားရုံးချုပ် စီရင်ချက် ချပြီးနောက်ပိုင်း ညီအစ်ကိုတွေအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထဲမှာ နှစ်အကြာဆုံး ထောင်ဒဏ် ဖြစ်ပါလိမ့်မယ်။

ကိုယ်ရေးအကျဉ်း

ယူရီ ဆေ့လီယက်ဖ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၄ (ခရိုခါရို့ကာ၊ နိုဗိုဆာဘီရိခ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ နို့စို့ကလေးအရွယ်မှာ မိခင် ဆုံးပါးသွားလို့ အစ်မလက်ထဲမှာ ကြီးပြင်းလာသူပါ။ ဓာတ်အားပေးစက်ရုံမှာ ပိုက်ပြင်တဲ့အလုပ် လုပ်တယ်။ ဇနီး ဆုံးပြီးတဲ့နောက်ပိုင်း ဘာသာရေးကို စိတ်ဝင်စားလာတယ်။ သူ သိချင်တဲ့ မေးခွန်းတွေအတွက် ယုတ္တိရှိတဲ့ အဖြေ ကျမ်းစာမှာ ပါမှန်း သိလိုက်ရတယ်။ ၁၉၉၆ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၈၊ နိုဝင်ဘာ ၈ ရက်မှာ ရဲတွေက ယူရီရဲ့ တိုက်ခန်းကိုရော နိုဗိုဆာဘီရိခ်ဒေသမှာ ရှိတဲ့ သက်သေခံ ကိုးဦးရဲ့ နေအိမ်ကိုပါ ဝင်ရောက်စီးနင်းတယ်။ ယူရီကို ဖမ်းခေါ်သွားပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ချုပ်ထားကြတယ်။

ယူရီဟာ သူ နေထိုင်တဲ့ မြို့က ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို စီစဉ်ဆောင်ရွက်မှုနဲ့ တရားစွဲဆိုခံရတယ်။ လွှတ်ပေးဖို့ အကြိမ်ကြိမ် အယူခံဝင်တာတောင် ချုပ်နှောင်သက်တမ်းကို ကိုးကြိမ် ထပ်တိုးကြတယ်။ ထောင်ကျနေတာ နှစ်နှစ် ရှိပါပြီ။ ၂၀၁၇၊ ရုရှားတရားရုံးချုပ် စီရင်ချက် ချပြီးနောက်ပိုင်းမှာ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်နဲ့ ဆာဂေ ကလီမို့တို့ နှစ်ဦးသာ ညီအစ်ကို ယူရီ ဆေ့လီယက်ဖ်ထက် ထောင်သက် ပိုများတယ်။

၂၀၂၀၊ ဒီဇင်ဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ အမှုကြားနာလို့အပြီးမှာ တရားသူကြီးကို ညီအစ်ကို ယူရီ ဒီလို ရဲရဲဝံ့ဝံ့ ပြောခဲ့တယ်။ “ရာဇဝတ်မှု ကျူးလွန်လို့ မဟုတ်ဘဲ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး သွန်သင်ချက်ကို လိုက်လျှောက်လို့ ကျွန်တော် တရားစွဲဆိုခံရတယ်။

“အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ကျွန်တော့်ဘဝမှာ ရန်သူ မရှိခဲ့သလို ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတာမျိုးလည်း မကြုံခဲ့ဖူးပါဘူး။ နိုင်ငံရေးမှာ ကြားနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ နှုတ်နဲ့သာမက ကာယပိုင်းအရဖြစ်စေ၊ စိတ်ပိုင်းအရဖြစ်စေ ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးကိုမှ ကျွန်တော် မကျူးလွန်ခဲ့ဘူး။

“ဘုရားရဲ့ တောင်းဆိုချက်တွေကို လိုက်နာသူ ဖြစ်လို့ လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမရွေး လူတိုင်းကို လေးလေးစားစား ဆက်ဆံပါတယ်။

“အစိုးရ အာဏာပိုင်တွေကိုလည်း လေးစားဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ ရောမ ၁၃:၁-၃ မှာ ‘အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ ခွင့်ပြုချက် မရှိရင် အာဏာပိုင်ဆိုတာ မရှိဘူး။ ဘုရားသခင်က လက်ရှိ အာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။ ဒါကြောင့် အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ’ လို့ ပြောထားတယ်။

“အစိုးရ အာဏာပိုင်တွေကို ကျွန်တော် မဆန့်ကျင်ပါဘူး။ ဘုရားရဲ့ အစီအစဉ်ကို ဆန့်ကျင်သူ မဖြစ်ချင်လို့ပါ။ ဘုရားကို ဆန့်ကျင်ရင် သေဒဏ်ခံရမှာပေါ့။ ယေဟောဝါသက်သေတွေ ပြောပြလို့ တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်အကြောင်း၊ သားတော် ယေရှုခရစ်အကြောင်း ကျွန်တော် သိလာရတာ။ ဘဝကဏ္ဍအားလုံးကို အကျိုးပြုတဲ့ ကျမ်းစာဟာ အလွန် ထူးခြားတဲ့ စာအုပ် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်လာတာပါ။”

ညီအစ်ကို ယူရီရဲ့ ယုံကြည်ခြင်း ခိုင်ခံ့မှုအကြောင်း ကြားသိရလို့၊ သူ့ကို ယေဟောဝါ စိတ်ငြိမ်သက်မှု ပေးနေမှန်း သိရလို့ ကျွန်တော်တို့ အားရှိပါတယ်။—ဟေရှာယ ၂၆:၃

a အပြောင်းအလဲရှိနိုင်။