နိုဝင်ဘာ ၂၃၊ ၂၀၁၈
ရုရှား
ရုရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်တိုက်ကြုံနေရ
ရုရှားနိုင်ငံအနောက်ပိုင်းမှာ ၂၀၁၈၊ အောက်တိုဘာလအတွင်း ယေဟောဝါသက်သေတွေရဲ့ အိမ် ၃၀ ကျော်ကို ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အစွန်းရောက်လုပ်ငန်းမှာ ပါဝင်တယ်ဆိုပြီး စုံစမ်းမေးမြန်းခြင်း မရှိဘဲ ညီအစ်ကို ခြောက်ယောက်၊ ညီအစ်မ နှစ်ယောက်ကို ဖမ်းဆီးကြတယ်။ အခုဆိုရင် မတရား ဖမ်းဆီးထောင်ချခံရသူ ညီအစ်ကို/မ ၂၅ ယောက် ရှိနေပါပြီ။ နေအိမ်အကျယ်ချုပ်ထားခံရသူ ၁၈ ယောက် ရှိနေပါပြီ။
အောက်တိုဘာ ၇၊ စီချို့ဗ်ကာ စမိုလင့်ခ် ပြည်နယ်။ ရဲတွေ၊ မျက်နှာဖုံးတပ် အထူးတပ်ဖွဲ့ဝင်တွေက အိမ်လေးလုံးကို ဝင်ရောက်ရှာဖွေပြီး ညီအစ်မ နာတာလီယာ ဆာရို့ဗ်ကင် (၄၃ နှစ်)၊ ညီအစ်မ မာရီယာ ထရိုရှီနာ (၄၁ နှစ်) တို့ကို ဖမ်းခေါ်သွားကြတယ်။ ဖမ်းသွားပြီး နှစ်ရက်အကြာမှာ ညီအစ်မနှစ်ယောက်ကို စုံစမ်းမေးမြန်းခြင်း မရှိဘဲ ၂၀၁၈၊ နိုဝင်ဘာ ၁၉ အထိ ချုပ်နှောင်ထားဖို့ လီနင်စကီ ခရိုင်တရားရုံးက စီရင်ချက် ချခဲ့တယ်။ ၂၀၁၈၊ နိုဝင်ဘာ ၁၆ ရက်နေ့ ရောက်တော့ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်မနှစ်ယောက်ကို စုံစမ်းမေးမြန်းခြင်း မရှိဘဲ ၂၀၁၉၊ ဖေဖော်ဝါရီ ၁၉ အထိ နောက်ထပ် သုံးလ ချုပ်နှောင်ထားဖို့ ရက်တိုးလိုက်တယ်။
အောက်တိုဘာ ၉၊ ကီရို့ဗ် ပြည်နယ်။ အိမ် ၁၉ လုံးထက်မနည်း ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အသင်းတော်အကြီးအကဲ ငါးဦးကို ဖမ်းဆီးပြီးနောက် စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ထောင်ချလိုက်ပါတယ်။ မာ့ခ်စင်း ခါတူးရင်၊ ဗလာဒီမာ ခိုရိုဘေနီကို့ဗ်၊ အန်ဒရေ ဆူဗာကို့ဗ်၊ အီဂင်ညီ ဆူဗာကို့ဗ်တို့ လေးယောက်က ရုရှားနိုင်ငံသားတွေ။ အန်ဇေ အောနေဇချု့ခ်ကတော့ ပိုလန်နိုင်ငံသားပါ။ ရုရှားနိုင်ငံမှာ ခရစ်ယာန်ယုံကြည်ချက်ကြောင့် ပထမဆုံး မတရား ဖမ်းဆီးထိန်းသိမ်းခံရသူက ဒိန်းမတ်နိုင်ငံသား ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ပါ၊ ညီအစ်ကို အောနေဇချု့ခ်ကတော့ ဒုတိယမြောက် ထိန်းသိမ်းခံရတဲ့ တိုင်းတစ်ပါးသား ဖြစ်တယ်။
အောက်တိုဘာ ၁၈၊ ဒယူထူလီ၊ ဘာ့ရှ်ကော်တိုစတန်ဒေသ။ ရဲတွေက အိမ် ၁၁ လုံးထက်မနည်း ဝင်ရောက်စီးနင်းပြီး ငွေ၊ ဘဏ်ကတ်၊ ဓာတ်ပုံ၊ စာ၊ ကွန်ပျူတာ၊ ဆင်းကတ်နဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းယူကြတယ်။ အကြီးအကဲတစ်ဦးဖြစ်တဲ့ ညီအစ်ကို အန်တန် လေမီရှေ့ဗ်ကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ထောင်ဒဏ် နှစ်လ ချလိုက်ပါတယ်။ ၂၀၁၈၊ အောက်တိုဘာ ၃၁ မှာ ထောင်က လွတ်ပြီးနောက် လောလောဆယ်အထိ အိမ်အကျယ်ချုပ်ကျနေပါတယ်။
အိမ်တွေကို ဝင်ရောက်စီးနင်းတာ၊ ပစ္စည်းတွေ မတရားအသိမ်းခံရတာတွေ ကြုံနေရပေမဲ့ ညီအစ်ကို/မတွေဟာ ထောင်ကျနေသူတွေအတွက် ဆက်ဆုတောင်းပေးရုံမက သူတို့ရဲ့မိသားစုတွေကိုပါ လိုအပ်သလို ကူညီပေးနေကြတယ်။ အပြည်ပြည်ဆိုင်ရာ ညီအစ်ကို အသင်းအပင်းအနေနဲ့ ရုရှားနိုင်ငံက သစ္စာရှိ ညီအစ်ကို/မတွေအတွက်၊ တချို့ကို နာမည်နဲ့တကွ ဆုတောင်းပေးကြပါစို့။ အခြေအနေ တည်ငြိမ်သွားတဲ့အထိ ယေဟောဝါဆီ တိုးလျှိုးအသနားခံ ဆုတောင်းပေးကြပါမယ်။—ဧဖက် ၆:၁၈။