မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို အဲလက်စီ ဘာရ်ချုပ်နဲ့ ဇနီး အဲန်နာ။ ညီအစ်ကို ဒီမီထရီ ဂိုလစ်နဲ့ ဇနီး ခရစ်တီးနား

၂၀၂၁၊ မတ် ၉
ရုရှား

ဘလာဂါဗင့်ချင့်စ်မြို့မှာ ညီအစ်ကို အဲလက်စီ ဘာရ်ချုပ်၊ ဒီမီထရီ ဂိုလစ်တို့ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

ဘလာဂါဗင့်ချင့်စ်မြို့မှာ ညီအစ်ကို အဲလက်စီ ဘာရ်ချုပ်၊ ဒီမီထရီ ဂိုလစ်တို့ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ဒုတိယ အယူခံကို ပယ်ချ

၂၀၂၂၊ ဖေဖော်ဝါရီ ၁၆ မှာ နဝမမြောက် ပြည်သူ့ အထက်တရားရုံးက ညီအစ်ကို အဲလက်စီ ဘာရ်ချုပ်နဲ့ ဒီမီထရီ ဂိုလစ်ရဲ့ ဒုတိယ အယူခံကို ပယ်ချလိုက်တယ်။ သူတို့ ထောင်မှာ ဆက်နေရတယ်။

၂၀၂၁၊ စက်တင်ဘာ ၂ ရက်မှာ အာမူရ် ခရိုင်တရားရုံးက ညီအစ်ကို အဲလက်စီနဲ့ ဒီမီထရီရဲ့ အယူခံကို ပယ်ချလိုက်တယ်။ အဲလက်စီရဲ့ ထောင်ဒဏ်က အရင်အတိုင်း ဖြစ်ပြီး ဒီမီထရီရဲ့ ထောင်ဒဏ်ကို ဆယ်လ လျှော့ချပေးတယ်။ သူတို့ကို အချုပ်စခန်းကနေ အကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်တယ်။

၂၀၁၇ ပိတ်ပင်မှုနောက်ပိုင်း ရုရှားတရားရုံးက ညီအစ်ကို နှစ်ဦးကို နှစ်အကြာဆုံး ထောင်ဒဏ်ချမှတ်

၂၀၂၁၊ ဇွန် ၃၀ ရက်မှာ အာမူရ်ဒေသ၊ ဘလာဂါဗင့်ချင့်စ်မြို့ တရားရုံးက ညီအစ်ကို အဲလက်စီနဲ့ ဒီမီထရီကို ထောင်ဒဏ် ရှစ်နှစ်နဲ့ ခုနစ်နှစ် အသီးသီး ချမှတ်လိုက်တယ်။ ၂၀၁၇ မှာ အဖွဲ့အစည်း ပိတ်ပင်ခံရပြီးနောက်ပိုင်း ယေဟောဝါသက်သေတွေအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ထဲမှာ ခုနစ်နှစ်ခွဲဟာ နှစ်အကြာဆုံး ဖြစ်ခဲ့တယ်။ ညီအစ်ကို နှစ်ယောက်စလုံးကို တရားရုံးကနေ တန်းခေါ်သွားကြတယ်။

ကိုယ်ရေးအကျဉ်း

အဲလက်စီ ဘာရ်ချုပ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၅ (ကာတာလေ၊ ချေယာဘင်စ် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဆောက်လုပ်ရေး လုပ်တယ်။ လက်သမား လုပ်တယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ကျမ်းစာ စလေ့လာတယ်။ ကြမ်းတမ်းတဲ့ အားကစားတွေကို ရပ်လိုက်ပြီး မိတ်ဆွေတွေနဲ့ ဘောလုံးကစားရတာ နှစ်သက်တယ်။ ၁၉၉၈ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၀၈ မှာ အဲန်နာနဲ့ လက်ထပ်တယ်။

ဒီမီထရီ ဂိုလစ်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၇ (တော့ဟွေ၊ ဘာရာတီယာ သမ္မတနိုင်ငံ)

  • ဘဝအတ္ထုပ္ပတ္တိ။ တရုတ်-ရုရှား ဘာသာပြန်အဖြစ် အလုပ်လုပ်တယ်။ အလေးမတာ၊ ဘောလုံးကစားတာ၊ ဂစ်တာတီးရတာ ကြိုက်တယ်။

    ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မိသားစုလိုက် ကျမ်းစာ စလေ့လာကြတယ်။ ၂၀၀၂ မှာ သူ နှစ်ခြင်းခံတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ အစားထိုး အရပ်ဘက်လုပ်ငန်း လုပ်ဖို့ တောင်းဆိုခဲ့လို့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမှာ လုပ်ခွင့်ရတယ်။ ၂၀၁၂ ခုနှစ်မှာ ခရစ်တီးနားနဲ့ လက်ထပ်တယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်ဖို့ အင်္ဂလိပ်နဲ့ တရုတ် ဘာသာစကားကို နှစ်ယောက်စလုံး သင်ယူနေကြတယ်။

အမှုနောက်ကြောင်း

၂၀၁၈ ခုနှစ် အစောပိုင်းမှာ အစိုးရ သူလျှိုတွေက ညီအစ်ကို ဂိုလစ်ရဲ့ အိမ်မှာ ရုပ်သံဖမ်း ကိရိယာတွေ လျှို့ဝှက်တပ်ဆင်ကြတယ်။ ၂၀၁၈၊ ဇွန်လမှာ ဖယ်ဒရယ် လုံခြုံရေး ဌာန (FSB) က ဘလာဂါဗင့်ချင့်စ်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ် ခုနစ်လုံးကို ဝင်ရောက်စီးနင်းကြတယ်။ နောက်ပိုင်း၊ ညီအစ်ကို အဲလက်စီ ဘာရ်ချုပ်နဲ့ ဒီမီထရီ ဂိုလစ်တို့ကို အစွန်းရောက် လုပ်ဆောင်မှုတွေ စီစဉ်တယ်ဆိုပြီး ရာဇဝတ်မှုနဲ့ တရားစွဲတယ်။

အဲလက်စီကို ဘာအတွက် တရားစွဲထားကြောင်း အသိပေးခြင်း မရှိဘူး။ ၂၀၁၉၊ ဇန်နဝါရီ ၂၁ မှာ ဒိုမိုဒီဒိုဗို၊ မော်စကို လေဆိပ်၊ လူဝင်မှု ကြီးကြပ်ရေးက အဲလက်စီကို ဖမ်းဆီးလိုက်တယ်။ FSB စုံစမ်းစစ်ဆေးသူ တစ်ယောက်က အဲလက်စီကို ဇာတိမြို့ဆီ ပြန်ပို့တယ်။ သွားလာမှု ကန့်သတ်ထားတယ်။

ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးကြောင်း ညီအစ်ကို နှစ်ယောက်စလုံး ပြောကြတယ်။ “အကောင်းဆုံးကို မျှော်လင့်ပေမဲ့ အဆိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာ ကောင်းတယ်။ လက်တွေ့ကျ အချက်တွေ ပြင်ဆင်ထားတာ အကျိုးရှိတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခံ့အောင် လုပ်ထားတာက ပိုတန်ဖိုးရှိတယ်။ နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်မှာ ကျွန်တော်တို့ ဘယ်လောက် တော်တယ်၊ ဘယ်လောက် ပုန်းနိုင်တယ်ဆိုတာထက် ဘုရားအပေါ် သစ္စာစောင့်သိဖို့ အရေးကြီးတယ်။ ယေရှုက ရန်သူတွေ မတွေ့အောင် ပုန်းနိုင်တယ်။ ဒါပေမဲ့ အဲဒါ သူ့ပန်းတိုင် မဟုတ်ဘူး။ ကျွန်တော်တို့လည်း သူ့နောက်လိုက်တွေ ဖြစ်လို့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ အခက်အခဲတွေကို ရှောင်ဖို့ မဟုတ်ဘူး။ သတ္တိရှိရှိ ခံရပ်သွားဖို့ ဖြစ်တယ်” လို့ ဒီမီထရီ ပြောတယ်။

အဲလက်စီက “‘ငါတော့ ဒါမျိုး မကြုံလောက်ပါဘူး’ လို့ တွေးရင် မှားမယ်။ ဒီလိုမျိုး ကြုံဖို့ ယေဟောဝါ ခွင့်ပြုထားတာ။ အဲဒီအချက်ကို အသိအမှတ် ပြုမယ်၊ အပြုသဘော ကြိုတင် မွေးမြူထားမယ်ဆိုရင် တကယ် ကြုံလာတဲ့အခါ လက်ခံဖို့ လွယ်မယ်။ ခံနိုင်ရည် ရှိမယ်။ ယေဟောဝါရဲ့ အကူအညီကို အားကိုးလိမ့်မယ်” လို့ ပြောတယ်။

အဲလက်စီ၊ ဒီမီထရီနဲ့ သူတို့ရဲ့ ဇနီးတွေ အပါအဝင် ရုရှားက ညီအစ်ကိုတွေဟာ “ကြည့်လိုက်ပါ။ ဘုရားသခင်ဟာ ငါ့ရဲ့ ကူညီမစရှင်ပဲ။ ငါ့ကို ထောက်မသူတွေနဲ့အတူ ယေဟောဝါ ရှိနေတယ်” ဆိုပြီး ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားနေရမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ဆာလံ ၅၄:၃၊ ၄