မာတိကာဆီ ကျော်သွား

ညီအစ်မ တာတယာနာနဲ့ ခင်ပွန်း ဒီမီထရီ

မတ် ၁၇၊ ၂၀၂၁
ရုရှား

ဘိုင်ရိုဘစ်ဇန်မြို့က ညီအစ်မ တာတယာနာ ဇာဂူလီနာ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

ဘိုင်ရိုဘစ်ဇန်မြို့က ညီအစ်မ တာတယာနာ ဇာဂူလီနာ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်မ ဇာဂူလီနာရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလပြစ်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ် သူ ထောင်ထဲ သွားစရာ မလိုပါဘူး။

၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်မ တာတယာနာ ဇာဂူလီနာကို အပြစ်ရှိကြောင်း စီရင်လိုက်ပါတယ်။ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

တာတယာနာ ဇာဂူလီနာ

  • မွေးဖွားတဲ့နှစ်။ ၁၉၈၄ (ဆီလက်စီနာယာရွာ၊ ထရန်စ် ဘိုင်ကယ် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဖက်ရှင်ဒီဇိုင်းပညာ သင်ယူထားတယ်။ လက်သည်းပုံဖော်၊ စက်ချုပ်၊ အထူးသဖြင့် မင်္ဂလာဝတ်စုံတွေ ချုပ်တဲ့အလုပ် လုပ်တယ်။ ဘော်လီဘော၊ စားပွဲတင် တင်းနစ် ကစားရတာ နှစ်သက်ပြီး ကတာ၊ ဇာထိုးရတာလည်း ဝါသနာပါတယ်

    အရင်ကတည်းက သဘာဝ အလှအပတွေကို နှစ်သက်ပြီး ဖန်ဆင်းခြင်းကို ယုံကြည်တယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖြစ်ပြီး ၂၀၁၀ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၂ ခုနှစ်မှာ ဒီမီထရီနဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ မေ ၁၇ ရက်မှာ လက်နက်ကိုင် ရဲတပ်သား ၁၅၀ က ယေဟောဝါသက်သေ နေအိမ် ၂၂ လုံးကို ဝင်ရောက်စီးနင်းကြတယ်။ အာဏာပိုင်တွေက ဒီစစ်ဆင်ရေးကို “တရားစီရင်ရာနေ့” လို့ နာမည်ပေးထားတယ်။ အဲဒီအချိန်ကစပြီး ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးရုံးက ညီအစ်ကို/မ ၂၂ ယောက်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုထားတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ ၆ ရက်မှာ ညီအစ်မ တာတယာနာ အပါအဝင် ခရစ်ယာန် ညီအစ်မ ခြောက်ယောက်ကို “အစွန်းရောက်” လှုပ်ရှားမှုမှာ ပါဝင်လို့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုတယ်။

၂၀၂၀၊ စက်တင်ဘာ ၁၇ မှာ တာတယာနာရဲ့ အမှုကို စတင် စစ်ဆေးတယ်။ စီရင်ချက် ချမယ့် အချိန်ကို စောင့်နေချိန်အတွင်း အာဏာပိုင်တွေက ညီအစ်မကို ခရီးသွားခွင့် ပိတ်ပင်ထားပြီး ဘဏ်အကောင့်ကိုလည်း ပိတ်လိုက်တယ်။

ပုံမှန် ဆုတောင်းတာ၊ ကျမ်းစာဖတ်တာတွေက ခံနိုင်ရည် ရှိဖို့၊ ဆက်ဟောပြောနေဖို့၊ ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ ကူညီပေးတယ်လို့ တာတယာနာ ပြောတယ်။ “အာဏာပိုင်တွေ အသံကျယ်ကျယ်နဲ့ တံခါး လာခေါက်တဲ့အခါ ကျွန်မ ကြောက်သွားပေမဲ့ ချက်ချင်း ဆုတောင်းလိုက်တယ်။ အဲဒီနောက် စိတ်ငြိမ်သက်မှု ပြန်ခံစားလာရတယ်” လို့ ပြောတယ်။

ဥပမာ၊ အိမ်ကို ဝင်ရောက်ရှာဖွေနေတဲ့ အရာရှိ တစ်ယောက်ကို ညီအစ်မက ဒီနေ့ သူ့ယုံကြည်ခြင်း ပိုခိုင်မာလာတယ်ဆိုပြီး ပြောလိုက်တယ်။ အရာရှိက ဘာလို့လဲဆိုပြီး မေးတဲ့အခါ ညီအစ်မက ယောဟန် ၁၅:၂၀ မှာ ယေရှု ပြောထားတဲ့ “ကျွန်ဆိုတာ သခင်ထက် ပိုကြီးမြတ်တာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့တာကို မှတ်ထားပါ။ ကျွန်တော့်ကို ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်” ဆိုတဲ့ စကားကို ပြည့်စုံအောင် လုပ်နေတယ်လို့ ခံစားရလို့ပါဆိုပြီး ပြောလိုက်တယ်။ ညီအစ်မ အခုလို ထပ်ပြောပြတယ်- “အရာရှိ တစ်ယောက်က ‘အခု မင်း ပြောနေတဲ့ပုံကြောင့် ငါတောင် ယေရှုကို သတ်ခဲ့သူတွေထဲက တစ်ယောက်လို ခံစားရတယ်’ တဲ့။ အဲဒီအချိန်မှာ ကျွန်မရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာရုံသာမက ငြိမ်သက်မှုနဲ့ ရွှင်လန်းမှုကိုပါ ခံစားရတယ်။ အနားမှာ ယေဟောဝါဘုရား ရှိနေတယ်လို့ ခံစားရတယ်။” အမှုကြားနာချိန် အစပိုင်း တရားရုံးမှာ တာတယာနာ ကြောက်မိတယ်။ ဒါပေမဲ့ သတ္တိပေးဖို့ ဆုတောင်းပြီးနောက် “အခု ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်ပြီ” လို့ ပြောတယ်။

ရုရှားမှာ ရှိတဲ့ ညီအစ်ကို/မတွေရဲ့ ‘သစ္စာရှိရှိ လုပ်ဆောင်မှု၊ မေတ္တာပါပါ ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်’ ကို ယေဟောဝါ ထောက်မကောင်းချီးပေးနေလို့ ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—၁ သက်သာလောနိတ် ၁:၂၊ ၃