အောက်တိုဘာ ၁၀၊ ၂၀၂၁
ရုရှား
မောင်နှံ နှစ်စုံကို ရုရှားရဲတွေ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်ခဲ့ကြ
၂၀၂၁၊ အောက်တိုဘာ ၄၊ တနင်္လာနေ့မှာ ရုရှား လက်နက်ကိုင် အထူးအဖွဲ့ a ရဲတွေက ညီအစ်ကို အနာတိုလီနဲ့ ညီအစ်မ ဂရီတာ ရဇ်ဒိုဘရို့ဗ်၊ ညီအစ်ကို နီကိုလိုင်နဲ့ ညီအစ်မ လီလီယာ မာရီနို့ဗ်တို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြတယ်။ အီရကွတ်မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ် ၁၂ လုံးကို တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ လူမဆန်တဲ့ ဒီတိုက်ခိုက်မှု ဖြစ်ပျက်ခဲ့တာပါ။ အဲဒီဝင်ရောက်စီးနင်းမှုမှာ ညီအစ်ကို/မ များစွာလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။
မနက် ၆ နာရီမှာ ရဲတွေက အနာတိုလီနဲ့ ဂရီတာရဲ့ အိမ်ထဲ ဝင်လာတယ်။ ဂရီတာကို ဆံပင်ကနေ ဆွဲပြီး နောက်တစ်ခန်းဆီ တရွတ်တိုက် ခေါ်သွားတယ်။ လက်နောက်ပြန် လက်ထိတ်ခတ်ပြီး တရစပ် ရိုက်နှက်ကြတယ်။
အနာတိုလီကို ကြမ်းပြင်ပေါ် မှောက်ခိုင်းပြီး လက်နောက်ပြန် လက်ထိတ်ခတ်လိုက်တယ်။ ခေါင်းနဲ့ ဗိုက်ကို ကန်ကြတယ်။ နောက်ပြန် လက်ထိပ်ခတ်ထားတဲ့ လက်ကို ကြမ်းပြင်ကနေ ဆွဲမထားကြတယ်။ အနာတိုလီရဲ့ ကိုယ်အလေးချိန်ကြောင့် လက်မောင်းတွေ ပြုတ်ထွက်မတတ် နာကျင်နေတယ်။ အပြစ်ကျူးလွန်ကြောင်း ထွက်ဆိုခိုင်းချိန်၊ ညီအစ်ကိုတွေအကြောင်း ဖော်ကောင်လုပ်ခိုင်းချိန်မှာ လက်ကို ရိုက်တယ်။ တင်ပါးထဲ ပုလင်းထိုးထည့်ပြီး နှိပ်စက်တယ်။ သူတို့အိမ်ကို ရှစ်နာရီကြာ ဝင်ရောက်စီးနင်းခဲ့ကြတယ်။
နီကိုလိုင်နဲ့ လီလီယာ မာရီနို့ဗ်တို့အိမ်ထဲ ရဲတွေ အတင်း ဝင်လာတယ်။ အရင်ဆုံး၊ နီကိုလိုင်ရဲ့ မျက်နှာကို ခပ်ထူထူ၊ ခပ်တုံးတုံးအရာနဲ့ ရိုက်လိုက်တဲ့အတွက် ကြမ်းပြင်ပေါ် လဲကျပြီး သတိမေ့သွားတယ်။ သတိပြန်ရလာတဲ့အခါ သူ့ကိုယ်ပေါ် မှာ ရဲက တက်ထိုင်နေပြီး ရိုက်နှက်နေမှန်း သိလိုက်တယ်။ ရှေ့သွားတွေကို ရိုက်ချိုးတယ်။ လီလီယာကို ဆံပင်ကနေ ဆောင့်ဆွဲ၊ အိပ်ရာပေါ်ကနေ တရွတ်တိုက် ဆွဲချပြီး လက်ထိတ်ခတ်တယ်။ အကြိမ်ကြိမ် လက်ရောက်မှု ကျူးလွန်ပြီး နောက်ဆုံးကျမှ အဝတ်တွေ လုံလုံခြုံခြုံ ဝတ်ခွင့် ပေးကြတယ်။
ဒီလို မိုက်ကန်းတဲ့ စော်ကားမှုမျိုးကို ရုရှား ရာဇဝတ်မှု ဥပဒေအရ ပြစ်ဒဏ်ပေးလို့ ရတယ်။ ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်တားဆီးရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများစွာရဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း ရုရှား ဖယ်ဒရေးရှင်းက လိုက်နာရမယ်။ ဒါကြောင့် ဒီမောင်နှံတွေက အခုလို ခံနေရတဲ့ ကျူးလွန်မှုအတွက် အရေးယူပေးဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ တရားဥပဒေ အကူအညီတွေ ရဖို့ ဆက်လုပ်ဆောင်သွားပါမယ်။
ဝင်ရောက်စီးနင်းပြီး နောက်နှစ်ရက်မှာ ညီအစ်ကို ခြောက်ယောက်ကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ထားဖို့ တရားရုံးက အမိန့်ထုတ်တယ်။ ယာရိုဆလဗ် ကလင်၊ ဆာဂေး ကော့စ်တိဗ်၊ နီကိုလိုင် မာတ်တီနို့ဗ်၊ မီခေးလာ မွိုက်၊ အလက်ဆီ စိုနက်ချီ၊ အန်ဒရေ တိုမက်ချီတို့ ဖြစ်တယ်။ ဒီလိုမတရားမှု ခံနေရတဲ့ ညီအစ်ကို/မတွေကို အားပေးထောက်မဖို့ ညီအစ်ကို/မ ၃၀၀ လောက် တရားရုံးကို ရောက်လာကြတယ်။
ပေါလုက သက်သာလောနိတ်မြို့သားတွေကို “ခင်ဗျားတို့က ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာတောင် ခံနိုင်ရည်နဲ့ ယုံကြည်ခြင်းကို တင်ပြတဲ့အတွက် ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ခင်ဗျားတို့အကြောင်း ကျွန်တော်တို့ ဂုဏ်ယူပြောဆိုကြတယ်” ဆိုပြီး ပြောခဲ့တယ်။ ရုရှားက ညီအစ်ကို/မအားလုံးကိုလည်း ကျွန်တော်တို့ ထပ်တူ ပြောချင်ပါတယ်။—၂ သက်သာလောနိတ် ၁:၄။
a ရုရှား အထူးရဲတပ်ဖွဲ့