မာတိကာဆီ ကျော်သွား

အိုရွိုလ် ခရိုင်တရားရုံး

ဇွန် ၁၁၊ ၂၀၁၉
ရုရှား

မေ ၁၆ ရက်နေ့တုန်းက ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ တရားရုံး လျှောက်လှဲချက်

မေ ၁၆ ရက်နေ့တုန်းက ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ တရားရုံး လျှောက်လှဲချက်

ဒဲနစ္စ ခရစ်တန်ဆန်ဟာ ၂၀၁၉၊ မေ ၁၆၊ ကြာသပတေးနေ့တုန်းက အယူခံဝင်မှုကို ကြားနာချိန်မှာ တစ်နာရီနီးပါး ချေပခွင့် ရခဲ့တယ်။ ဒါက (ရုရှားဘာသာစကားကနေ ပြန်ဆိုထားတဲ့) တရားရုံးထံ ဒဲနစ္စရဲ့ အားပါးတဲ့ လျှောက်လှဲချက် ဖြစ်ပါတယ်–

နှစ်အတော်ကြာတုန်းက လူဆိုးတစ်ယောက် ဒီလိုပြောခဲ့တယ်– ‘အလိမ်အညာစကားကို အထပ်ထပ် ပြောတဲ့အခါ အဲဒီစကားက မှန်သယောင် ဖြစ်လာတယ်။’ နောက်တစ်နည်းနဲ့ ပြောရရင် မုသာစကားကို အကြိမ်ထောင်နဲ့ချီ ပြောလာတဲ့အခါ အဲဒီစကားက အမှန်တရား ဖြစ်သွားတယ်။ အဲဒီလူ ပြောခဲ့သလိုပဲ တချို့သူတွေဟာ မုသာစကားကို တခြားသူတွေ ယုံကြည်လာအောင် ကြိုးစားတဲ့အခါ အပြစ်မဲ့သူများစွာ ဒုက္ခရောက်ကြရတယ်။

ဒီပြဿနာက အတိတ်တုန်းက ဖြစ်ခဲ့တာပါ။ အခုခေတ်မှာတော့ ၂၁ ရာစု ခေတ်ပညာတတ်တွေဟာ အတိတ်သမိုင်းကနေ သင်ခန်းစာ ရနေကြပါပြီလို့ ထင်တတ်ကြတယ်။

ဒါပေမဲ့လည်း သင်ခန်းစာ မရသေးကြပုံရပါတယ်။ ကျွန်တော့်အမှုမှာရော၊ ရုရှားက ယေဟောဝါသက်သေတွေရဲ့ အမှုတွေမှာပါ မုသာစကား အထပ်ထပ်ပြောနည်းကို သုံးနေကြပါတယ်။ အဲဒီမုသာကြောင့် အပြစ်မရှိသူများစွာ အခက်အခဲတွေ့၊ ဒုက္ခရောက်နေကြရတယ်။

ကျွန်တော့်အမှုနဲ့ဆိုင်တဲ့ မုသာစကားကတော့ တရားရုံးက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပိတ်ပင်ထားတဲ့ ယေဟောဝါသက်သေများရဲ့ အိုရွိုလ် ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း (LRO) ရဲ့ လုပ်ဆောင်မှုတွေမှာ ဆက်ပြီး လျှို့ဝှက်ပါဝင် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါပဲ။

အမှုစစ်ဆေးချိန်တစ်လျှောက်မှာ ဘာအထောက်အထားမှ မရှိဘဲ အဲဒီစွပ်စွဲချက်ကို အထပ်ထပ် ပြောကြတယ်။ ဒီနည်းနဲ့ မုသားကို အမှန်တရား ဖြစ်အောင် စွပ်စွဲသူတွေ လုပ်ဆောင်နေကြပုံ ရပါတယ်။

အမှန်တရားကတော့ ကျွန်တော်ဟာ ယေဟောဝါသက်သေများရဲ့ အိုရွိုလ် LRO အဖွဲ့နဲ့ ဘယ်တုန်းကမှ ပတ်သက်ခြင်း မရှိဘူး ဆိုတာပါပဲ။

ကျွန်တော်ဟာ ယေဟောဝါသက်သေ ယုံကြည်သူတစ်ယောက်ဆိုတာ မှန်ပါတယ်။ ကျွန်တော်ဟာ ယေဟောဝါသက်သေများရဲ့ အိုရွိုလ် LRO အဖွဲ့နဲ့ မပတ်သက်ဘဲ မိတ်ဆွေတွေနဲ့အတူ ဘာသာရေးအုပ်စုတစ်စု ကျင်းပတဲ့ အစည်းအဝေးတွေကို တက်ရောက်ခြင်းသာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ရုရှားဖယ်ဒရေးရှင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၂၈ အရ တရားဝင်ပါတယ်။

ပိတ်ပင်ထားတဲ့ ယေဟောဝါသက်သေများရဲ့ အိုရွိုလ် LRO အဖွဲ့ လုပ်ဆောင်မှုတွေကို ဆက်မလုပ်တော့တဲ့အတွက် ရုရှားဥပဒေကို ကျွန်တော် မချိုးဖောက်ပါဘူး။ အစွန်းရောက်လုပ်ရပ် တစ်ခုမှလည်း ကျွန်တော် မလုပ်ဆောင်ခဲ့ဘူး။

လူအတော်များများက “ငြိမ်သက်အေးချမ်းစွာ နေတဲ့ ယေဟောဝါသက်သေတွေကို အစွန်းရောက်တွေလို့ ဘာကြောင့် ပြောကြတာလဲ။ ဘယ်အချက်ကြောင့် အစွန်းရောက်လို့ ခေါ်ကြသလဲ” လို့ မေးကြတယ်။ “ကျွန်တော် မသိဘူး” လို့ပဲ ပြန်ဖြေတတ်ပါတယ်။

ယေဟောဝါသက်သေတွေဟာ မိမိကိုယ်ကို ချစ်သလို လူသားချင်းကို ချစ်ကြတယ်။ လူ့အသိုင်းအဝိုင်းမှာ (လူ့အသိုင်းအဝိုင်း ကောင်းကျိုးအတွက်) ကောင်းတဲ့ အကျင့်တွေ ကြိုးစားကျင့်ကြတယ်။ သူတို့ဟာ ရိုးသားသူတွေ ဖြစ်ပြီး အစိုးရဥပဒေကို လိုက်နာတယ်၊ အခွန်အတုတ်တွေ ပေးကြတယ်။ သူတို့ကို ဘာလို့ “အစွန်းရောက်” လို့ သတ်မှတ်ကြသလဲ။ ကျွန်တော် မသိဘူး။ အခု ကျွန်တော် တရားရင်ဆိုင်နေရချိန် အတွင်းမှာလည်း အဖြေမရခဲ့ဘူး။

အဖွဲ့ဝင် ဆယ်ယောက်လောက်ပဲ ရှိတဲ့ တရားဝင်အသင်းအဖွဲ့လေးရဲ့ လုပ်ဆောင်မှုတွေမှာ ဆက်ပါဝင်နေတယ်လို့ ကျွန်တော် စွပ်စွဲခံနေရတာပါ။ ဒီအသင်းအဖွဲ့လေးကို နောက်ပိုင်းမှာ အစွန်းရောက်အဖွဲ့အဖြစ် တရားရုံးက ကြေညာလိုက်တယ်။ ဒီတရားဝင်အသင်းအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော် ဘယ်တုန်းက၊ ဘယ်လို ဆက်ပါဝင်ခဲ့လို့လဲ။ အစွန်းရောက်တဲ့ ဘယ်လုပ်ရပ်ကို ကျွန်တော် လုပ်ခဲ့လို့လဲ။

အမှုကြားနာနေချိန်မှာ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်တော် မရခဲ့ဘူး။ ဘာကြောင့်လဲ သိပါသလား။ ကျွန်တော့်ကို စွပ်စွဲသူတွေက မုသာစကားကို အထပ်ထပ်ပြောပြီး အမှန်တရား ဖြစ်အောင် ကြိုးစားနေကြလို့ပါ။

ဒီရုရှားနိုင်ငံမှာ ငြိမ်သက်အေးချမ်းစွာ နေထိုင်တဲ့ ယေဟောဝါသက်သေတွေကို အစွန်းရောက်တွေ ဖြစ်ကြောင်း သက်သေပြဖို့ ခက်ပါတယ်။ အဲဒီလိုလုပ်တာ မတရားဘူး။ အမှန်တရားနဲ့ မညီပါဘူး။ ယေဟောဝါသက်သေတွေဟာ အစွန်းရောက်သမားတွေ မဟုတ်ဘူး။ ဘာကြောင့်လဲ သိပါသလား။

ဦးဆုံးအချက်က ယေဟောဝါသက်သေတွေဟာ စစ်တပ်ထဲ မဝင်ကြဘူး။ စစ်ပွဲတွေမှာ မပါဝင်ကြဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီနိုင်ငံမှာ ယေဟောဝါသက်သေတွေ ဂျာမန်စစ်တပ်ထဲ မဝင်တဲ့အတွက် အသတ်ခံခဲ့ကြရတယ်။ အရှေ့ပိုင်း စစ်မျက်နှာကို သွားပြီးလည်း ဆိုဗီယက်စစ်သားတွေကို မသတ်ခဲ့ကြဘူး။

ဆိုဗီယက်ပြည်ထောင်စု အချိန်တုန်းကလည်း ယေဟောဝါသက်သေတွေဟာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရကြတယ်။ ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံ့ရန်သူအဖြစ် သမုတ်ခံရတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေဟာ ညှဉ်းပန်းနှိပ်စက်သူတွေကို မမုန်းတီးခဲ့ကြဘူး။

ဒီနေ့အချိန်မှာ ယေဟောဝါသက်သေတွေဟာ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးက စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ငြိမ်သက်အေးချမ်းစွာ၊ တစ်ယောက်နဲ့တစ်ယောက် သင့်တင့်စွာ နေထိုင်ကြတယ်။ လူမျိုး၊ နိုင်ငံ မတူကြပေမဲ့လည်း အားလုံး စည်းလုံးစွာ နေထိုင်နိုင်တယ်ဆိုတဲ့ သက်သေပါပဲ။

ဒုတိယအချက်၊ ကမ္ဘာမှာ ယေဟောဝါသက်သေတွေကို အစွန်းရောက်အဖြစ် စွပ်စွဲတာ ရုရှားတစ်နိုင်ငံပဲ ရှိတယ်။ ယေဟောဝါသက်သေတွေဟာ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၀၀ ကျော်မှာ လွတ်လပ်ငြိမ်းချမ်းစွာ ဘုရားကို ဝတ်ပြုနေကြတယ်။ အစွန်းရောက် လုပ်ရပ်တွေနဲ့ လုံးလုံးကင်းရှင်းပြီး အေးချမ်းစွာ နေထိုင်သူတွေအဖြစ် လူသိများပါတယ်။

ယေဟောဝါသက်သေတွေဟာ ကျမ်းစာပေါ် အခြေခံတဲ့ တစ်မျိုးတည်းသော ယုံကြည်ခြင်း ရှိကြပြီး မေတ္တာ၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ [နူးညံ့သိမ်မွေ့ခြင်း]၊ ချုပ်တည်းခြင်း စတဲ့ အရည်အသွေးကောင်းတွေ မွေးမြူဖို့ အချင်းချင်း အားပေးကြတယ်။

ကျမ်းစာထဲမှာ အဲဒီအရည်အသွေးတွေကို “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” လို့ ခေါ်ဆိုထားတယ်။ လူ့အသိုင်းအဝိုင်းမှာ ပြဿနာ မဖြစ်စေတဲ့ အရည်အသွေးတွေ ဖြစ်တယ်။ အစွန်းရောက်မှုနဲ့ လုံးလုံး မပတ်သက်ဘူး။ လူသားထုကို အကျိုးပြုတဲ့ အရည်အသွေးတွေပါ။

တတိယ၊ ရုရှားရဲ့ အစွန်းရောက်လုပ်ငန်း တိုက်ဖျက်ရေး ဥပဒေကို သုံးပြီး ယေဟောဝါသက်သေတွေကို အစွန်းရောက်အဖြစ် သတ်မှတ်တာကို ရုရှား လူ့အခွင့်အရေး ပညာရှင်တွေတောင် ရှုတ်ချကြတယ်။ တရားဥပဒေ လွှမ်းမိုးတဲ့ ဒီမိုကရေစီ နိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို နာမည်ပျက်စေနိုင်တယ်လို့ ပညာရှင် အတော်များများ ပြောကြတယ်။ ယေဟောဝါသက်သေတွေဟာ အစွန်းရောက်သမားတွေ ဖြစ်ကြောင်း သက်သေအထောက်အထား တစ်ခုတလေများ ရှိခဲ့မယ်ဆိုရင် လေးစားခံရတဲ့ အဲဒီပညာရှင်တွေ အဲဒီလို ပြစ်တင်ရှုတ်ချမှာ မဟုတ်ဘူး။

စတုတ္ထ၊ ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေကို အစွန်းရောက်လုပ်ငန်း တိုက်ဖျက်ရေး ဥပဒေသုံး တရားစွဲခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုတ်ချကြတယ်။ ယေဟောဝါသက်သေတွေအပေါ် ရုရှားအာဏာပိုင်တွေ အဲဒီဥပဒေ သုံးပြီး တရားစွဲခြင်းကို ရပ်တန့်ဖို့ ဥရောပကောင်စီ ပါလီမန်အသင်းက တိုက်တွန်းတယ်။ ရုရှားက အစွန်းရောက် တိုက်ဖျက်ရေး ဥပဒေ သုံးပြီး ယေဟောဝါသက်သေတွေကို တိုက်ခိုက်ခြင်းကြောင့် ငြိမ်သက်အေးချမ်းတဲ့ အပြစ်မဲ့ ပြည်သူတွေ ညှဉ်းပန်းနှိပ်စက်ခံရခြင်းသာ အဖတ်တင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက အကြိမ်ကြိမ် ဖော်ပြခဲ့တယ်။

နောက်လိုက်တွေကို ယေရှုခရစ် ဒီလိုသတိပေးခဲ့တယ်– “ကျွန်တော့်ကို ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်။” (ယောဟန် ၁၅:၂၀) a နောက်ဆုံး ယေရှုကို မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်ရှိတယ်လို့ စီရင်ချက်ချပြီး သတ်ပစ်ကြတယ်။

ကျွန်တော်တို့ဟာ ပထမရာစုမှာ နေထိုင်နေရတာ မဟုတ်ဘူး။ အလယ်ခေတ်မှာ နေထိုင်နေကြတာလည်း မဟုတ်ဘူး။ လူတိုင်း လူ့အခွင့်အရေး ရှိပြီး လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် ရှိတဲ့ ၂၁ ရာစုမှာ အသက်ရှင်နေကြတာပါ။

ဘုရားကို ယုံကြည်သူတစ်ယောက်ကို တားမြစ်ပိုင်ခွင့်၊ အဲဒီအတွက်နဲ့ ထောင်ချပိုင်ခွင့် ရှိသလား။ အဲဒီလိုလုပ်တာ မှားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံတွေမှာသာ အဲဒီလို လုပ်ကြတာပါ။ တရားဥပဒေ စိုးမိုးတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ မလုပ်ကြပါဘူး။ ရုရှားနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ၊ အဲဒီလိုနိုင်ငံ ဖြစ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံလို့ ကျွန်တော် မျှော်လင့်ပါတယ်။

ရုရှားမှာ မိမိယုံကြည်သက်ဝင်တဲ့ ဘာသာကို စစ်မှန်တဲ့ ဘာသာလို့ ယုံကြည်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူကို အစွန်းရောက်သမားအဖြစ် သတ်မှတ်တယ်လို့ တချို့ ပြောကြတာကို ကျွန်တော့်အမှုကို ကြားနာနေချိန်အတွင်း ကြားမိပါတယ်။ ဒါ လုံးဝ ယုတ္တိမရှိပါဘူး။ ဘာသာတရားကို ယုံကြည်သက်ဝင်သူတိုင်းက မိမိရဲ့ ဘာသာကို စစ်မှန်တဲ့ ဘာသာပဲလို့ ယုံကြည်ကြပါတယ်။ စစ်မှန်တဲ့ ဘာသာလို့ မယုံကြည်ဘူးဆိုရင် ဘာလို့ အဲဒီဘာသာကို ယုံကြည်သက်ဝင်မလဲ။

အဲဒီအချက်ကို သုံးပြီး အစွန်းရောက်သမား ဖြစ်တယ်လို့ စီရင်ချက်ချမယ်ဆိုရင် ယေရှုခရစ်လည်း အစွန်းရောက်သမား ဖြစ်သွားပါလိမ့်မယ်။ ပုန္တိပိလတ်မင်းကို ယေရှုက “ကျွန်တော်မွေးဖွားပြီး ဒီလောကကို ရောက်လာတာ အမှန်တရားကို သက်သေခံဖို့ပဲ။ အမှန်တရားဘက် ရပ်တည်သူတိုင်း ကျွန်တော်ပြောတာကို နားထောင်ကြတယ်” လို့ ပြောခဲ့တယ်။—ယောဟန် ၁၈:၃၇

[ကျမ်းစာထဲမှာ] အမှန်တရား ရှိတယ်လို့ ယေရှု ဆိုလိုနေတာ။ အမှန်တရားအကြောင်း ယေရှု ဟောပြောခဲ့တယ်။ တပည့်တွေကို အမှန်တရား သင်ပေးခဲ့တယ်။ ယေဘုယျ အမှန်တရားကို ယေရှု ပြောနေတာ မဟုတ်ဘူး။ ဘုရားရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ယေရှု ပြောနေတာ။ အဓိကအနေနဲ့ “ဒါဝိဒ်ရဲ့ သား” (ဒါဝိဒ်ကနေ ဆင်းသက်သူ) ယေရှုနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်က ပုရောဟိတ်မင်းနဲ့ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် အမှုဆောင်ဖို့ပဲ။

ယေရှု ကမ္ဘာပေါ် ကြွလာပြီး မြေကြီးပေါ်မှာ အမှုဆောင်ရတဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံတော်အကြောင်း အမှန်တရားကို ကြေညာဖို့ ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။ အမှန်တရားအကြောင်း ဟောပြောတာကြောင့် အစွန်းရောက်သမားလို့ ယေရှုကို ဒီနေ့ခေတ်လူတွေ သတ်မှတ်ကြလို့လား။

ယေဟောဝါသက်သေတွေဟာ ယေရှုကို တုပပြီး ကျမ်းစာမှာ ပါတဲ့ အမှန်တရားအကြောင်း၊ လူ့ပြဿနာအားလုံးကို ဘုရားနိုင်ငံတော်ကပဲ ဖြေရှင်းပေးနိုင်တဲ့အကြောင်း ဟောပြောကြတယ်။ ဘုရားတရားစကားတော်၊ ကျမ်းစာပါ အကြောင်းအရာကို လူအားလုံးကို ဟောပြောကြတယ်။

တစ်ခါက ဘုရားဆီ ယေရှု ဆုတောင်းချက်ထဲမှာ “အဖရဲ့ တရားစကားဟာ အမှန်တရား ဖြစ်ပါတယ်။ အဲဒီအမှန်တရားအားဖြင့် သူတို့ကို သန့်စင်စေပါ” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၇:၁၇) ကျမ်းစာအမှန်တရားကို လူတွေ သိဖို့ အရေးကြီးတယ်ဆိုတာ ဒီအချက်က ပြတယ်။ အကျိုးပြုတဲ့ အလုပ် ဖြစ်တယ်။ အစွန်းရောက်တာနဲ့ မပတ်သက်ပါဘူး။

ယေဟောဝါသက်သေတွေပဲ ကျမ်းစာကို လေးမြတ် တန်ဖိုးထားကြတာ မဟုတ်ပါဘူး။ ရုရှား သိပ္ပံပညာရှင် မီးခေးလ် လိုမိုနိုဆိုဗ် ဒီလိုပြောခဲ့တယ်– “ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို စာအုပ်နှစ်အုပ် ပေးခဲ့တယ်။ တစ်အုပ်က ဘုရားရဲ့ ခံ့ညားထည်ဝါမှု တန်ခိုးကို ဖော်ပြပြီး နောက်တစ်အုပ်က ဘုရားအလိုတော်ကို ဖော်ပြတယ်။ ပထမတစ်အုပ်က ဘုရားဖန်ဆင်းထားတဲ့ မျက်မြင်ရလောကကြီးပါပဲ။ . . . ဒုတိယတစ်အုပ်က သမ္မာကျမ်းစာ ဖြစ်တယ်။”

လိုမိုနိုဆိုဗ်ဟာ သမ္မာကျမ်းစာကို အသေအချာ လေ့လာခဲ့တယ်ဆိုတာ သေချာတယ်။ သူ မှန်ပါတယ်။ ဘုရား ဖန်ဆင်းထားတာတွေကို ကြည့်ပြီး ဘုရားအကြောင်း အများကြီး သင်ယူနိုင်ပါတယ်။ ဘုရားစကားတော် သမ္မာကျမ်းစာကို ဖတ်ရှု၊ လေ့လာ၊ ဆန်းစစ်ကြည့်မယ်ဆိုရင် ဘုရားအကြောင်း ပိုသိလာနိုင်ပါတယ်။

ကျမ်းစာနဲ့ပတ်သက်ပြီး ဒီလိုဖော်ပြထားတယ်– “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် လူတွေကို သွန်သင်တဲ့အခါ၊ . . . ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။ အဲဒီအခါ ဘုရားသခင်ရဲ့ လူက မွန်မြတ်တဲ့ အလုပ်အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေလိမ့်မယ်။” (၂ တိမောသေ ၃:၁၆၊ ၁၇) မွန်မြတ်တဲ့ အလုပ်အမျိုးမျိုးကို လုပ်ဆောင်ဖို့လို့ ပြောထားတယ်။

ယေဟောဝါသက်သေများရဲ့ အိုရွိုလ် LRO တရားဝင် အသင်းအဖွဲ့နဲ့ ပတ်သက်မှု မရှိတဲ့ ဘာသာရေးအုပ်စုက ကျင်းပတဲ့ ခရစ်ယာန် အစည်းအဝေးတွေမှာ ကျွန်တော် ပါဝင်တက်ရောက်တယ်။ အဲဒီအစည်းအဝေးတွေမှာ မွန်မြတ်တဲ့အလုပ် လုပ်ဆောင်နိုင်ပုံကို ဆွေးနွေးကြတယ်။

၂၀၁၇၊ ဖေဖော်ဝါရီ ၁၉ နဲ့ ၂၆ ရက်နေ့တုန်းက ဝတ်ပြုစည်းဝေးနေကြပုံ ဗီဒီယိုနှစ်ခုမှာ အစွန်းရောက် အမှတ်အသားတွေ၊ အပြောအဆိုတွေ လုံးလုံး မတွေ့ရတာ သိသာပါတယ်။ လူအားလုံးကို အကျိုးပြုတဲ့ ကျမ်းစာ သွန်သင်ချက်တွေကိုပဲ ကျွန်တော်တို့ ဆွေးနွေးကြတာပါ။ ဝတ်ပြုအစည်းအဝေးတွေဟာ ငြိမ်သက်မှု ရှိတယ်။ ပျော်စရာကောင်းတယ်။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးအားလုံးဟာ ဒီလိုပုံစံပါပဲ။

ကျွန်တော်တို့ ဆွေးနွေးကြတဲ့ ကျမ်းစာသွန်သင်ချက်တွေဟာ လူ့အသိုင်းအဝိုင်းကို ဒုက္ခမပေးပါဘူး။ အဲဒီအစား လူများစွာကို အကူအညီပေးတယ်၊ နှစ်သိမ့်ပေးပါတယ်။ ချစ်ရသူ ဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးနေသူတွေအတွက် “နောက်ဆုံးရန်သူ ဖြစ်တဲ့ သေခြင်းဟာ ဖျက်ဆီးခံရလိမ့်မယ်” ဆိုတဲ့ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကတိ ကျမ်းစာမှာ ပါတယ်။—၁ ကောရိန္သု ၁၅:၂၆

သေခြင်းဟာ လူတိုင်းအတွက် ရန်သူ ဖြစ်ပေမဲ့ ဘုရားအတွက်တော့ ကြောက်စရာ ရန်သူ မဟုတ်ဘူး။ ဘုရားက ဟေရှာယ ၂၅:၈ မှာ ဒီလိုကတိပြုထားတယ်– “သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်။”

အဲဒီအချိန်ကို မြင်ယောင်ကြည့်ပါ။ အသုဘတွေ၊ သင်္ချိုင်းတွေ မရှိတော့ဘူး။ သေလွန်သွားသူတွေ ရှင်ပြန်ထမြောက်မယ်ဆိုတဲ့ ဘုရားကတိ ပြည့်စုံလာတဲ့အခါ ဝမ်းနည်းမျက်ရည်နေရာမှာ ဝမ်းသာမျက်ရည်နဲ့ အစားထိုးပါလိမ့်မယ်။ သေခြင်းကြောင့် ဝမ်းနည်း၊ နာကျင်ရတာတွေ ကွယ်ပျောက်သွားမယ်။

ကျွန်တော် ချစ်ရတဲ့သူတွေ သေဆုံးသွားတာ ရှိတဲ့အတွက် အဲဒီမျှော်လင့်ချက်က ကျွန်တော့်ကို နှစ်သိမ့်မှု ဖြစ်စေတယ်။ ကျွန်တော် အချုပ်ကျနေချိန်မှာ ကျွန်တော် သိပ်ချစ်ရတဲ့ အဘွား ဟေဂါ မာဂရက် ခရစ်တန်ဆန် ကွယ်လွန်သွားပါတယ်။

အဘွားက ကျွန်တော်တို့မိသားစုထဲမှာ အရင်ဆုံး ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာသူပါ။ အဘွားက ကျွန်တော့်အဖေကို ကျမ်းစာအမှန်တရားအကြောင်း အရင် သင်ပေးပြီး အဲဒီနောက် ကျွန်တော့်ကို သင်ပေးတယ်။ အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေ၊ မိသားစုဝင်တွေဟာ အဘွားကို ချစ်ကြတယ်၊ လေးစားကြတယ်။

အဘွားကလည်း ဘာသာ၊ လူမျိုး၊ အသားအရောင် မခွဲခြားဘဲ လူတိုင်းကို ချစ်တယ်၊ လေးစားတယ်။ လူတိုင်းကို ကူညီပေးဖို့ ကြိုးစားတယ်။ ကောင်းမှုပြုတယ်။ တချို့သူတွေကတော့ အဘွားကို အစွန်းရောက်သမားလို့ ခေါ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆင်ခြင်တုံတရားရှိသူ များစွာကတော့ အဘွားကို အဲဒီလို မမြင်ကြဘူး။

ဘုရား ရှင်ပြန်ထမြောက်ပေးချိန်မှာ အဘွားကို ပြန်ဆုံတွေ့ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ အဘွားရဲ့ အသုဘကို ကျွန်တော် မသွားနိုင်လို့ စိတ်မကောင်း ဖြစ်မိတယ်။ အစွန်းရောက်စွဲချက်နဲ့ အချုပ်ကျနေတဲ့အတွက် ဒီလိုဝမ်းနည်းစရာအချိန်မှာ မိသားစုဝင်တွေကို ကျွန်တော် နှစ်သိမ့်မပေးနိုင်ခဲ့ဘူး။

လူသေတွေ ရှင်ပြန်ထမြောက်မယ်ဆိုတဲ့ ကျမ်းစာမျှော်လင့်ချက်ကြောင့် ကျွန်တော် နှစ်သိမ့်မှု ခံစားရတယ်။ အဘွားနဲ့ ထာဝရ ခွဲခွာသွားရတာ မဟုတ်ဘူး၊ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် သန့်စင်နေတဲ့ ကမ္ဘာပေါ်မှာ အဘွားနဲ့ ပြန်ဆုံဆည်းရမယ်ဆိုတာ ကျွန်တော် ယုံကြည်စိတ်ချတယ်။ ဒီမျှော်လင့်ချက်က ကျွန်တော့်ကို ထောက်ကူပေးတယ်၊ နှစ်သိမ့်ပေးတယ်ဆိုရင် တခြားသူတွေကိုလည်း ထောက်ကူပေးနိုင်၊ နှစ်သိမ့်ပေးနိုင်တယ်လို့ ကျွန်တော် ယုံကြည်စိတ်ချတယ်။

ကျွန်တော်တို့ အစည်းအဝေးတွေမှာ ဆွေးနွေးကြတဲ့ နောက်ကျမ်းစာသွန်သင်ချက်ကတော့ အနာဂတ်မှာ ဖြစ်လာမယ့် ကမ္ဘာ့ပရဒိသုအကြောင်းပါ။ လူတိုင်းအတွက် အစားအစာ လုံလုံလောက်လောက် ရှိမယ်။ လူအားလုံး သင့်မြတ်မှု ရှိမယ်။ ဘယ်သူမှ မဖျားနာတော့ဘူး။ ဟေရှာယ ၃၃:၂၄ မှာ ကြိုဟောထားသလို “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။ တိုင်းပြည်မှာ နေထိုင်သူတွေဟာ အပြစ်မှန်သမျှ ခွင့်လွှတ်ခံရလိမ့်မယ်။”

ဒီကတိတော်တွေအကြောင်း တခြားသူတွေကို ပြောပြတာက လူ့အသိုင်းအဝိုင်းကို ဒုက္ခဖြစ်စေမှာမို့လို့လား။ ဒုက္ခဖြစ်စေမယ့်အစား ဒီကတိတွေက လူတွေကို မျှော်လင့်ချက် ရှိစေတယ်။ ပျော်ရွှင်စေပါတယ်။ ယေရှုကိုယ်တိုင်က “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ပြောခဲ့တယ်။—လုကာ ၁၁:၂၈

ဒါကို ယုံကြည်မယ်၊ မယုံကြည်ဘူးဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဘုရားကို ကိုးကွယ်ဖို့ ဘယ်သူ့ကိုမှ ဘုရား အတင်းမကျပ် မတောင်းဆိုဘူး။ ယေရမိ ၂၉:၁၁ မှာ “မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်” လို့ ဘုရားရဲ့ စကားကို မှတ်တမ်းတင်ထားတယ်။

ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခြင်းဆိုတဲ့ အကောင်းဆုံး ဘဝလမ်းစဉ်ကို ရွေးချယ်ဖို့ ကျွန်တော်တို့အားလုံးကို ဘုရားသခင် ကမ်းလှမ်းထားတယ်။ ယေဟောဝါသက်သေတွေက လူတွေ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာပြီး ထာဝရအသက်ကို ရစေတဲ့ အကောင်းဆုံးလမ်းစဉ်ကို ရွေးချယ်ဖို့ ဖိတ်ခေါ်နေကြတာပါ။ ဒီအလုပ်ကလည်း အစွန်းရောက်အလုပ်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်တော် လုပ်ခဲ့တဲ့ “အစွန်းရောက် လုပ်ရပ်” ဆိုတာ ဘာလဲ။ ဘာကြောင့် ကျွန်တော့်ကို ထောင်ခြောက်နှစ် ချချင်ကြတာလဲ။

ရာဇဝတ်မှု ဒါမှမဟုတ် အစွန်းရောက်လုပ်ရပ် ဘာတစ်ခုမှ ကျွန်တော် မလုပ်ခဲ့ဘူး။ ကျွန်တော့်အိမ်နီးချင်းတွေ၊ ကျွန်တော့်ရပ်ကွက်က ရဲတွေ၊ ထိန်းသိမ်းရေးစခန်း အရာရှိတွေ ကျွန်တော်အကြောင်း ကောင်းကောင်း ပြောပြပေးနိုင်ကြပါတယ်။ ဒါကြောင့် တစ်ခါထပ်ပြီး မေးချင်ပါတယ်– “ကျွန်တော် လုပ်ခဲ့တဲ့ ‘အစွန်းရောက် လုပ်ရပ်’ ဆိုတာ ဘာလဲ။ ဘာကြောင့် ကျွန်တော့်ကို ထောင်ခြောက်နှစ် ချချင်ကြတာလဲ။”

ဒါကို ကျွန်တော် နားမလည်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံးလည်း နားမလည်ခဲ့ဘူး။ အမှုစစ်တရားရုံးက ကျွန်တော့်မေးခွန်းတွေရဲ့ အဖြေကို မဖြေပေးခဲ့တဲ့အတွက် အယူခံတရားရုံးက ဖြေပေးနိုင်မယ် ထင်ပါတယ်။

ပြောခဲ့ပြီးသလိုပါပဲ ကျွန်တော်တို့ဟာ အလယ်ခေတ်မှာ မဟုတ်ဘဲ ၂၁ ရာစုမှာ အသက်ရှင်နေကြတာပါ။ လူတွေဟာ အရင်ကထက် ပိုပညာတတ်လာကြပါပြီ။ ဒါပေမဲ့ ရုရှားနိုင်ငံက ပြည်သူတွေဟာ ယုံကြည်ခြင်းကြောင့် ဖိနှိပ်ခံနေရကြတယ်၊ ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်တာတောင် ခံနေရကြတာ ဝမ်းနည်းစရာပါပဲ။

၂၀၁၉၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဆူဂတ်မြို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ယေဟောဝါသက်သေ ခုနစ်ယောက်ကို စစ်ဆေးမေးမြန်းချိန်အတွင်း သူတို့ ရချင်တဲ့ အဖြေရဖို့ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ ရုရှားဖယ်ဒရေးရှင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၅၁ အရ ရုရှားပြည်သူအားလုံးမှာ မိမိတို့ကိုယ်တိုင်နဲ့ မိသားစုအတွက် သက်သေထွက်ဖို့ ငြင်းဆိုခွင့် တန်းတူ ရရှိထားပေမဲ့ ယေဟောဝါသက်သေတွေကတော့ အဲဒီအခွင့်အရေး မရရှိကြပါဘူး။

သူတို့ကို ဒူးထောက်ခိုင်းတယ်၊ လက်တွေ မြှောက်ခိုင်းထားတယ်၊ ခေါင်းနဲ့ ကိုယ်ခန္ဓာ ရိုက်နှက်ခံရတယ်၊ လူမျိုးနဲ့ ဘာသာရေးနောက်ခံကြောင့် လှောင်ပြောင်ခံရတယ်။ ခေါင်းကို အိတ်နဲ့ စွပ်ပြီး လည်ပင်းမှာ တိတ်နဲ့ စည်းလိုက်တဲ့အတွက် အသက်မရှူနိုင်ကြဘူး။ လက်နောက်ပြန် ချည်ထားခံရတယ်။ ခြေထောက်တွေကိုလည်း ချည်နှောင်ထားကြတယ်။ သူတို့ကို အော်ငေါက်ပြီး စကားတချို့ ပြောထွက်လာအောင် ဖိအားပေးခဲ့ကြတယ်။ သက်သေခံတချို့ဟာ အသက်ရှူလို့ မရတဲ့အတွက် အကြိမ်ကြိမ် သေလုနီးပါး၊ သတိလစ်တဲ့အထိ ဖြစ်ခဲ့တယ်။ သူတို့ကို ရေနဲ့ လောင်းတယ်။ လျှပ်စစ်သေနတ်နဲ့ တို့တယ်။

ဒါတွေကို ကျွမ်းကျင်သူတွေ လေ့လာမှုတစ်ခုမှာ အသေအချာ မှတ်တမ်းတင်ထားပေမဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် တစ်ယောက်မှ ရာဇဝတ်မှုနဲ့ စွဲဆိုခံရခြင်း မရှိခဲ့ဘူး။ တာဝန်ရှိသူတွေဟာ မမြင်အောင် မျက်နှာလွှဲထားကြတယ်။ သက်သေခံတွေ မိမိဘာသာ ဒဏ်ရာရအောင် လုပ်ကြတယ်လို့ ပြောကြတယ်။ တကယ်ဆိုးဝါးတဲ့ အပြုအမူ၊ အလွန်စက်ဆုပ်ဖွယ် လိမ်လည်မှုပါပဲ။

ဒါတွေအားလုံးဟာ မျက်မှောက်ခေတ် ရုရှားရဲ့ သမိုင်းကြောင်းကို ဂုဏ်အသရေ ပျက်စေပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို တရားစွဲဆို၊ ပြစ်ဒဏ်ပေးဖို့ မျှော်လင့်ပါတယ်။ လူသားချင်းကို ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်ကြသလဲ။ ဟစ်တလာ၊ စတာလင်တို့ သုံးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို ဘယ်လိုလုပ်ပြီး သုံးရက်ကြသလဲ။ အဲဒီလို မဟုတ်ပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မှားသွားတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး မကြာခင် ပြန်ပြုပြင်မယ်လို့ စိတ်အရိုးခံနဲ့ ကျွန်တော် မျှော်လင့်ပါတယ်။

အမှုစစ်တရားရုံးက ကျွန်တော့်အမှုကို စီရင်ချက်ချတုန်းက ဒီလိုဖော်ပြခဲ့တယ်– “တရားရုံးက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပိတ်ပင်ထားတဲ့ ဘာသာရေးအဖွဲ့မှာ လူတစ်ယောက် ဆက်ပါဝင်နေမယ်ဆိုရင် သူဟာ အစွန်းရောက်သမား၊ ရာဇဝတ်မှု ကျူးလွန်သူ ဖြစ်ပြီး ဥပဒေအရ အပြစ်ပေးခံရနိုင်တယ်။” ဒါကို နားလည်သဘောပေါက်ပါတယ်။ အဲဒါက ကျွန်တော်နဲ့ ဘယ်လို ပတ်သက်လို့လဲ။

ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူး။ ယေဟောဝါသက်သေတွေရဲ့ အိုရွိုလ် LRO နဲ့ ကျွန်တော် ဘယ်တုန်းကမှ ပတ်သက်ခဲ့ခြင်း မရှိပါဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုကို လုပ်ခဲ့တာမျိုးလည်း တစ်ခါမှ မရှိခဲ့ဘူး။

ခရစ်ယာန်တစ်ယောက် လုပ်ရမယ့် အလုပ်တွေကို ကျွန်တော် လုပ်နေတာ ဖြစ်တယ်။ ကျွန်တော် ပူးပေါင်းတဲ့ ဘာသာရေးအုပ်စုက ယေဟောဝါသက်သေတွေရဲ့ အိုရွိုလ် LRO နဲ့ ပတ်သက်မှု မရှိဘူး။ ကျွန်တော့်လုပ်ဆောင်မှုအားလုံးဟာ ရုရှားဖယ်ဒရေးရှင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၂၈ နဲ့အညီ ဖြစ်လို့ တရားဥပဒေနဲ့ ညီပါတယ်။

ယေဟောဝါသက်သေတွေရဲ့ အိုရွိုလ် LRO ရဲ့ “တရားမဝင်” လုပ်ဆောင်မှုတွေမှာ ကျွန်တော် ပါဝင်ဖို့လည်း ဆန္ဒ မရှိပါဘူး။ အမှုစစ်တရားရုံးမှာတုန်းက ကြားခဲ့ရတဲ့ ကျွန်တော် ဖုန်းပြောတဲ့ စကားတွေမှာ ကျွန်တော့်သူငယ်ချင်းကို “ကျွန်တော်တို့က ဘာသာရေးအုပ်စုတစ်ခုပါ။ LRO ဒါမှမဟုတ် စီမံခန့်ခွဲရေး ဌာနနဲ့ ပတ်သက်မှု မရှိဘူး” လို့ ပြောခဲ့တာပဲ။

အမှုစစ်တရားရုံးက ကျွန်တော် ပြောတဲ့ စကားကိုတော့ လက်မခံဘဲ ယေဟောဝါသက်သေ အယောင်ဆောင်ထားတဲ့ FSB သူလျှို အေ. ပီ. ယာမိုလော့ရဲ့ မဟုတ်မမှန် စကားကိုတော့ လက်ခံခဲ့တယ်။ အေ. ပီ. ယာမိုလော့ ဆိုတာ တကယ်တော့ အိုလက် ဂင်နက်ယေဗစ်ရှ် ကာ့ဒ်ယူမို့ဗ် ဆိုတာကို အယူခံတရားရုံးက စစ်ဆေးအတည်ပြုနိုင်ပါတယ်။

ဦးဆုံး၊ အိုလက် ကာ့ဒ်ယူမို့ဗ်က သူဘာမှ မသိကြောင်း ပြောပြီး ရုရှား ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၁ ကို အခြေခံပြီး သက်သေထွက်ဆိုဖို့ ငြင်းဆိုခဲ့တယ်။ နောက်နေ့မှာ အေ. ပီ. ယာမိုလော့ နာမည် သုံးပြီး နောက်တစ်မျိုး သက်သေထွက်ဆိုခဲ့တယ်။ နောက်ပိုင်း အဲဒီနာမည်ကိုပဲ သုံးပြီး နောက်ထပ် သက်သေထွက်ဆိုမှုတွေ လုပ်ခဲ့တယ်။

၂၀၁၇၊ ဖော်ဖော်ဝါရီ ၁၉ နဲ့ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ ဝတ်ပြုအစည်းအဝေးနှစ်ခု ဗီဒီယိုကို အမှုစစ်တရားရုံးမှာတုန်းက ကြည့်ခဲ့ရတယ်။ အဲဒီအစည်းအဝေးတွေဟာ ယေဟောဝါသက်သေတွေရဲ့ အိုရွိုလ် LRO နဲ့ လုံးဝ မပတ်သက်ပါဘူး။ ဘာသာရေး ဝတ်ပြုအစည်းအဝေး လုပ်နေတဲ့ အဲဒီဗီဒီယိုတွေကို အိုလက် ကာ့ဒ်ယူမို့ဗ်က လျှို့ဝှက်ရိုက်ကူးခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။ ဗီဒီယိုကို ကြည့်တဲ့အခါ သူ့မှာ ကင်မရာတပ်ထားတယ်ဆိုတာ သိသာတယ်။ တစ်ယောက်ယောက် သူ့နားကပ်လာလို့ လှုပ်ရှားလိုက်တိုင်း ကင်မရာ ရွေ့သွားတယ်။ “ဟယ်လို၊ ကျွန်တော့်နာမည် အိုလက်” လို့ ပြောသံကိုလည်း ရှင်းရှင်းလင်းလင်း ကြားရတယ်။

ဒါက ကျွန်တော်တို့ရဲ့ ဘာသာရေးအစည်းအဝေးကို လျှို့ဝှက် ဗီဒီယိုရိုက်ဖို့ FSB လွှတ်လိုက်တဲ့ သူလျှိုဆိုတာ ဖော်ပြတယ်။ နာမည်အရင်းကို သုံးပြီး ဘာမှ မသိရပါဘူးလို့ အခိုင်အမာ ပြောတယ်။ နောက်နေ့ကျတော့ နာမည်လွှဲကို သုံးပြီး လိမ်ညာထွက်ဆိုခဲ့တယ်။ အဲဒီမုသာစကားကို တရားရုံးမှာ အကြိမ်ကြိမ် ထွက်ဆိုခဲ့တယ်။ ဒါ တရားမျှတပါသလား။

တရားဥပဒေအရဆိုရင် FSB သူလျှိုတွေဟာ တရားရုံးမှာ တခြားသူအဖြစ် အယောင်ဆောင်ပြီး သက်သေထွက်ဆိုခွင့် မရှိပါဘူး။ ဒါပေမဲ့ တရားလို၊ အစိုးရရှေ့နေရုံး၊ အမှုစစ်တရားရုံးက ဒါကို မမြင်အောင် မျက်စိစုံမှိတ်ထားပြီး သူ့ကို မမှန်မကန် သက်သေထွက်ဆိုခွင့် ပေးထားကြတယ်။ အဲဒီသက်သေထွက်ဆိုချက်ကို သုံးပြီး ကျွန်တော့်ကို အမှုဆိုင်ကြတယ်။ အမှုစစ်တရားရုံးက ဒါကို ဘယ်လိုကြောင့် ခွင့်ပြုသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။

ဒါတွေအားလုံးကို အစိုးရရှေ့နေရုံးက ဘာကြောင့် ခွင့်ပြုထားသလဲဆိုတာ ကျွန်တော် နားကိုမလည်နိုင်ဘူး။ သူတို့ဟာ ရုရှားဥပဒေအားလုံးကို နာခံသင့်တယ်။ ဘယ်ဥပဒေကိုမှ မချိုးဖောက်သင့်ဘူး။ ဒါပေမဲ့ မျက်စိစုံမှိတ်ပြီး လက်ခံခွင့်ပြုထားကြတယ်။

ကျွန်တော့်ကို မှန်မှန်ကန်ကန် ကြားနာပေးဖို့ အယူခံတရားရုံးကို တောင်းဆိုပါတယ်။ ပုဂ္ဂိုလ်ရေးအရ သူတို့ကို ကျွန်တော် မမုန်းပါဘူး။ သူတို့တွေဟာ လူကောင်းတွေဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပိုင်း အတူကော်ဖီသောက်ရင်း ဒီအကြောင်းကို ဟာသအနေနဲ့ ပြန်ပြောဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်အတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ တော်တော့်ကို ဆိုးရွားလွန်းပါတယ်။

အမှုစစ်တရားရုံးက တရားသူကြီးတွေဟာ ကျွန်တော်နဲ့ပတ်သက်ပြီး မမှန်မကန် သက်သေထွက်ဆိုဖို့ FSB သူလျှိုကို အသုံးပြုချင်နေပုံရတယ်။ သူ့မှာ သိစိတ် ကင်းမဲ့နေတဲ့အတွက် လိမ်ညာပြောမယ်၊ မမှန်မကန် ကွေ့ကောက်ပြောမယ်၊ တရားရုံးက ကျွန်တော့်ကို ထောင်ဒဏ် ချမှတ်နိုင်တဲ့ ဘာကိုမဆို သူပြောမှာ ဖြစ်လို့ပဲ။

အဲဒီလို သက်သေတစ်ယောက်ကို မယုံကြည်နိုင်ပါဘူး။ သတင်းအချက်အလက်မှန် ပေးသူလို့ မသတ်မှတ်နိုင်ပါဘူး။ အပြစ်မရှိသူကို ထောင်ချဖို့ အဲဒီလို မဟုတ်မမှန် သက်သေတစ်ယောက်ကို အသုံးပြုခွင့် မရှိပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်၊ စုံစမ်းမေးမြန်းခြင်း မပြုဘဲ ချုပ်နှောင် သက်တမ်းတိုးဖို့ ကျွန်တော့်အမှုကို အကြိမ်ကြိမ် ကြားနာချိန် တစ်ချိန်မှာ “ကျွန်တော့်ကို သာမန်ဘဝနဲ့ ပြန်နေခွင့် ပေးဖို့” တရားရုံးကို ကျွန်တော် တောင်းဆိုခဲ့တယ်။ အခုလည်း ဒါကိုပဲ တောင်းဆိုချင်ပါတယ်။

ကျွန်တော့်ကို ချုပ်နှောင်ထားတာနဲ့ပတ်သက်ပြီး ကျွန်တော် ခံစားမိတာ ရှိတယ်။ ကျွန်တော့်ကို လူ့အသိုင်းအဝိုင်းကနေ ခွဲထုတ်ထားဖို့၊ ပြစ်ဒဏ်စီရင်ချက် ချဖို့လောက်ပဲ သူတို့ အလိုရှိကြတာ မဟုတ်ဘူး။ ကျွန်တော့်အမှုရဲ့ အခြေအနေအကြောင်း လူတွေကို မသိစေချင်ကြဘူး။

အမှုကို မစစ်ဆေးခင်ရော၊ စစ်ဆေးနေချိန်အတွင်းမှာပါ ကျွန်တော့်ကို ချုပ်နှောင်ထားတာဟာ ဥပဒေနဲ့ မညီဘူး၊ လူမဆန်တဲ့ လုပ်ရပ်လို့ ကျွန်တော် သတ်မှတ်ပါတယ်။ ဒီအမှုအတွက် ပြင်ဆင်မှုတွေ ကျွန်တော် မလုပ်နိုင်အောင်၊ ကျွန်တော့်ကိစ္စကို မီဒီယာကို ထုတ်မပြောနိုင်အောင် ချုပ်နှောင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော် လွတ်လပ်စွာ ပြောနိုင်မယ့်အချိန် ရှိလာမှာပါ။

ကျွန်တော့်ကို သာမန်ဘဝနဲ့ ပြန်နေခွင့်ပေးစေချင်ပါတယ်။ ဒါမှ ဒီလှပတဲ့ မြို့မှာ ကျွန်တော့်ဇနီး အီရီနာနဲ့အတူ အေးချမ်းငြိမ်သက်စွာ ပြန်နေထိုင်နိုင်မှာပါ။ ကျွန်တော့်ဘဝ လွတ်လွတ်လပ်လပ် မနေရတာ နှစ်နှစ်နီးပါး ရှိပြီ။ တခြားသူရဲ့ ချုပ်နှောင်မှုအောက်မှာပဲ နေခဲ့ရတယ်။

FSB က ကျွန်တော် နာမည်ပျက်အောင်၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခဲ့တယ်။ မှတ်တမ်းမှတ်ရာတွေ၊ ကျွမ်းကျင်သူများရဲ့ လေ့လာမှုတွေမှာ မမှန်မကန် လိမ်လည်ထားကြတယ်။ ကျွန်တော့်အကြောင်း မဟုတ်မမှန် လိမ်လည်ကြတဲ့ သက်သေ အတုအယောင်တွေကို တရားရုံးမှာ သုံးကြတယ်။

ဒါတွေအားလုံးကို သုံးပြီး ငြိမ်သက်အေးချမ်းစွာ နေထိုင်တဲ့ ကျွန်တော့်ကို တခြားသူတွေနဲ့ ရုရှားပြည်သူတွေအတွက် အန္တရာယ်ရှိတဲ့ အစွန်းရောက်သမား ဖြစ်အောင် လုပ်ကြတယ်။ တော်တော် ရယ်စရာကောင်းတဲ့ စွပ်စွဲချက်တွေပါ။

ဝမ်းနည်းစရာကတော့ အမှုစစ် တရားရုံးဟာ အဲဒီစွပ်စွဲချက်တွေကိုတော့ ထောက်ခံပြီး အဖြစ်မှန်ကိုတော့ လျစ်လျူရှုခြင်းပါပဲ။ လေးစားရပါသော တရားသူကြီးမင်း၊ တရားမမျှတ ဖြစ်နေတာကို ကျေးဇူးပြု၍ ရပ်ပေးပါ၊ အမှန်တရားကို ထောက်ခံပေးပါ။ “ကျွန်တော့်ကို သာမန်ဘဝ ပြန်ပေးပါ” လို့ တောင်းဆိုအပ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလ အမှုစစ်တရားရုံးမှာတုန်းကလည်း ကျွန်တော် ဒီလိုတောင်းဆိုခဲ့ပါတယ်– “တရားရုံးက ကျွန်တော့်အမှုကို အပြစ်မရှိကြောင်း စီရင်ပြီး တရားသေ လွှတ်ပေးဖို့၊ တောင်းပန်ဖို့၊ လျှော်ကြေး ပေးဖို့ ဆုံးဖြတ်ပေးတာကိုပဲ ကျွန်တော် သဘောတူမှာပါ။ တခြားဘာကိုမှ သဘောမတူပါဘူး။” အခုလည်း အဲဒီလိုပါပဲ။

တခြား ဆုံးဖြတ်ချက်မှန်သမျှကို မတရားမှုလို့ ယူမှတ်ပြီး စထရာစ်ဘူမြို့က လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးထံ အယူခံဝင်မှာပါ။ အဲဒီမှာတော့ ကျွန်တော့်အမှု ကျိန်းသေ နိုင်မှာပါ။

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးမှာ ကျွန်တော် အမှုနိုင်ခဲ့ရင် ကမ္ဘာတစ်ဝန်းက လူတွေ၊ ရုရှားသမ္မတ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် အပါအဝင် ရုရှားက အဆင့်မြင့် အရာရှိများစွာက ဒီလောက် ရှင်းနေတဲ့ အမှန်တရားကို အိုရွိုလ် တရားရုံးက ဘာကြောင့် မမြင်သလဲ၊ မုသာတစ်ခုကို အထပ်ထပ် ပြန်ပြောခြင်းအားဖြင့် အမှန်တရားလို ဖြစ်အောင် လုပ်ထားတဲ့ အချက်ပေါ်မူတည်ပြီး ကျွန်တော့်ကို တရားစွဲဆိုကြတာကို အံ့အားသင့်ကြပါလိမ့်မယ်။

တရားမျှတမှု ရဖို့ အချိန် ဒီလောက်ကြာဖို့ လိုလို့လား။ ဒီနေ့ အယူခံတရားရုံးက ကျွန်တော့်ကို ပြစ်ဒဏ်စီရင်ဖို့ လိုအပ်တယ်လို့ သုံးသပ်မယ်ဆိုရင် ကျွန်တော့်အမှုကို အာရုံစိုက်နေကြသူတွေ အပါအဝင် ဒီနေ့ ရောက်ရှိနေတဲ့ အားလုံးရှေ့မှာ “အမှုစစ်ဆေးခံဖို့ အသင့်ရှိပါတယ်” လို့ ပြောချင်ပါတယ်။

ဒီစွပ်စွဲချက်မှာ ကျွန်တော် အပြစ် မရှိဘူး၊ ကျွန်တော့်ဘက်မှာ အမှန်တရား ရှိလို့ ကျွန်တော် အလျှော့မပေးပါဘူး။ မတရား ဆုံးဖြတ်ချက် ချပြီး ကျွန်တော့်ကို ထောင်ချမယ်ဆိုရင်လည်း ကျွန်တော် မကြောက်ဘူး။

ကျွန်တော် မကြောက်ပါဘူး၊ မစိုးရိမ်ပါဘူး။ စိတ်တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ကျွန်တော့်ဘုရား ယေဟောဝါက ကျွန်တော့်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။ ဒီလှပတဲ့ စကားတွေ ပြည့်စုံနေတယ်လို့ ကျွန်တော် ခံစားနေရပါတယ်–

တရားမျှတ ဘုရားရှင်၊

ငါပြတဲ့ ချစ်ခြင်း သူမေ့မထား။

အထီးကျန် ငါဘယ်တော့ မဟုတ်၊

ရှင်ယေဟောဝါ အစဉ် ငါ့နားမှာ။

ငါ့အား ထောက်မပေးသောသူ၊

ကိုယ်တော်သာ အဆုံးတိုင် ကာကွယ်မှာ။

ရှင်ယေဟောဝါ ငါ့ရဲ့ဘုရား၊

မိတ်ဆွေ၊ ဖခင်။

ဒါပါပဲ။ နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

a ဒဲနစ္စက ရုရှားဘာသာပြန်ကျမ်းကနေ ကိုးကားဖော်ပြခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီစာကို ဘာသာပြန်ရတဲ့ ရည်ရွယ်ချက်ကြောင့် ကျမ်းချက်အားလုံးကို ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်သာဘာပြန်ကျမ်းကနေ ယူထားပါတယ်။