မာတိကာဆီ ကျော်သွား

အိုရွိုလ် ခရိုင်တရားရုံး

မေ ၁၇၊ ၂၀၁၉
ရုရှား

မေ ၂၃ ရက်မှာ ဒဲနစ္စ ခရစ်တန်ဆန် နောက်ဆုံးအကြိမ် အယူခံဝင်ရမယ်

မေ ၂၃ ရက်မှာ ဒဲနစ္စ ခရစ်တန်ဆန် နောက်ဆုံးအကြိမ် အယူခံဝင်ရမယ်

စီစဉ်ထားတဲ့အတိုင်းပဲ ၂၀၁၉၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့မှာ ဒဲနစ္စ ခရစ်တန်ဆန် အမှု အယူခံကြားနာခဲ့တယ်။ အစိုးရရှေ့နေတွေ၊ တရားလိုရှေ့နေတွေက နောက်ဆုံးအနေနဲ့ လျှောက်လဲချက်တွေ ပေးကြတယ်၊ ဒဲနစ္စလည်း တစ်နာရီနီးပါး ချေပပြောဆိုခွင့် ရခဲ့တယ်။ အရင်တစ်ခေါက်လိုပဲ နိုင်ငံခြား သံတမန်တွေ၊ သတင်းသမားတွေ လာရောက်ကြတယ်။ ဒဲနစ္စ အဖမ်းခံရခြင်းဟာ နိုင်ငံတကာသိတဲ့ သတင်းဖြစ်နေတာ နှစ်နှစ်ရှိနေပေမဲ့ ဒီအမှုကို စိတ်ဝင်စားနေကြဆဲဆိုတာ သိရလို့ အားရှိစရာပါပဲ။

အစကတော့ မေ ၁၇ ရက်၊ သောကြာနေ့အထိ ကြားနာဖို့ စီစဉ်ထားကြတယ်။ ဒါပေမဲ့ တရားသူကြီးတွေက မေ ၂၃၊ ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ ကြားနာဖို့ ရွှေ့ဆိုင်းလိုက်ကြတယ်။ ဒဲနစ္စအနေနဲ့ နောက်ဆုံးအကြိမ် အယူခံဝင်ခွင့် ရပါမယ်။ အဲဒီနောက် တရားသူကြီးတွေက အပြီးသတ် စီရင်ချက် ချပါလိမ့်မယ်။ စီရင်ချက်ကို မေ ၂၃ ရက် ညနေပိုင်းမှာ ကြေညာမလား၊ နောက်ပိုင်း တစ်ရက်ရက်မှာ ကြေညာမလားဆိုတာ မသိရသေးဘူး။

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်နဲ့ ဆာဂေး စကရင်နီကို့ဗ်တို့ အကောင်းမြင်စိတ် ရှိနေကြလို့၊ သစ္စာမြဲဖို့ ဆန္ဒရှိကြောင်း သိရလို့ ကျွန်တော်တို့လည်း သတ္တိရှိလာတယ်။ သက်သာလောနိတ် အသင်းသားတွေနဲ့ ပတ်သက်ပြီး မိမိရဲ့ခံစားချက်ကို ပေါလု ဒီလိုရေးခဲ့တယ်– “ခင်ဗျားတို့က ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာတောင် ခံနိုင်ရည်နဲ့ ယုံကြည်ခြင်းကို တင်ပြတဲ့အတွက် ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ခင်ဗျားတို့အကြောင်း ကျွန်တော်တို့ ဂုဏ်ယူပြောဆိုကြတယ်။” ကျွန်တော်တို့လည်း ရုရှားက ညီအစ်ကို/မတွေနဲ့ပတ်သက်လာရင် ပေါလုလိုပဲ ခံစားကြပါတယ်။—၂ သက်သာလောနိတ် ၁:၄