မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဧပြီ ၁၊ မော်စကိုမှာ ကျင်းပတဲ့ သတင်းညီလာခံ။ ယေဟောဝါသက်သေများ ဆိုက်ဘေးရီးယားဆီ ရထားနဲ့ နယ်နှင်ခံရတဲ့ အနှစ် ၇၀ ပြည့်အထိမ်းအမှတ်ပါ

ဧပြီ ၅၊ ၂၀၂၁
ရုရှား

မြောက်ပိုင်းစစ်ဆင်ရေး အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မော်စကိုမှာ သတင်းညီလာခံတစ်ရပ် ကျင်းပ

ယေဟောဝါသက်သေ ၁၀,၀၀၀ နီးပါး ဆိုက်ဘေးရီးယားကို နယ်နှင်ခံရခြင်း

မြောက်ပိုင်းစစ်ဆင်ရေး အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မော်စကိုမှာ သတင်းညီလာခံတစ်ရပ် ကျင်းပ

၂၀၂၁၊ ဧပြီ ၁ ရက်က မော်စကိုမှာ မြောက်ပိုင်းစစ်ဆင်ရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် သတင်းညီလာခံတစ်ရပ် ကျင်းပခဲ့တယ်။ မြောက်ပိုင်းစစ်ဆင်ရေးဆိုတာ ၁၉၅၁ ခုနှစ်က ယေဟောဝါသက်သေခံ ၁၀,၀၀၀ နီးပါးကို ရထားပေါ် တင်ပြီး ယခင် ဆိုဗီယက်သမ္မတနိုင်ငံ ခြောက်နိုင်ငံကနေ နယ်နှင်လိုက်ခြင်းကို ဆိုလိုတယ်။ ကျမ်းပညာရှင်နဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ ခြောက်ဦး ပါဝင်တဲ့ အဖွဲ့က မိန့်ခွန်း ပြောတယ်။ သတင်းမီဒီယာတွေကို မေးမြန်းခွင့် ပေးတယ်။ မြောက်ပိုင်း စစ်ဆင်ရေးအပြင် လက်ရှိ ရုရှားရဲ့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်းကိုလည်း ထည့်ပြောတယ်။ ဒီညီလာခံကို အင်တာနက်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်

ယေဟောဝါသက်သေတွေရဲ့ ဥရောပ ကိုယ်စားလှယ် ရာရိုစလာ့ဗ် စီဗူလ်စကီရဲ့ မိသားစုလည်း မြောက်ပိုင်းစစ်ဆင်ရေးအတွင်း ဆိုက်ဘေးရီးယားကို နယ်နှင်ခံရသူတွေထဲမှာ ပါတယ်။ နယ်နှင်ခံတွေကို ဆိုးဆိုးရွားရွား ဆက်ဆံကြပုံအကြောင်း သူ ပြောပြတယ်။ “အချက်အလက်တွေကို ပြန်စစ်ဆေးလိုက်တဲ့အခါ ယေဟောဝါသက်သေ ၉,၇၉၃ ယောက် နယ်နှင်ခံရကြောင်း အတည်ပြုနိုင်ခဲ့တယ်။ ဒီအရေအတွက်ထဲမှာ နယ်နှင်ခံရတဲ့ ခရီးစဉ်အတွင်း သေဆုံးသူ၊ မွေးဖွားသူတွေလည်း ပါတယ်။”

ရုရှား ဘာသာရေး ကျမ်းပညာရှင် ဆာဂေ အိုင်ဗန်နန်ကာက ယေဟောဝါသက်သေတွေအကြောင်း မဟုတ်မမှန် ဝါဒဖြန့်မှုဟာ မြောက်ပိုင်း စစ်ဆင်ရေးမှာကော လက်ရှိ ရုရှားရဲ့ နှိပ်စက်ညှဉ်းပန်းမှုမှာပါ အဓိကကျကြောင်း ပြောတယ်။ အသေအချာ ဆန်းစစ်သုံးသပ်ပြီးတဲ့နောက် သူက ယေဟောဝါသက်သေတွေရဲ့ ခံနိုင်ရည်ကို ချီးကျူးထားတယ်။ “ရုရှား ဖယ်ဒရေးရှင်းဟာ ၂၀၁၇ ကတည်းက ယေဟောဝါသက်သေတွေကို အင်အားသုံး ဖိနှိပ်နေတာ အရာမရောက်ပါဘူး။ မြောက်ပိုင်း စစ်ဆင်ရေးတုန်းကရော လက်ရှိ ရုရှား အခြေအနေမှာပါ ယုံကြည်ခြင်းကို ခုခံကာကွယ်ကြတဲ့ ယေဟောဝါသက်သေတွေက ဒီအချက်ကို သက်သေထူနေတယ်။ ရုရှား အစိုးရအနေနဲ့ ယေဟောဝါသက်သေတွေကို ပိတ်ပင်မှု ရုတ်သိမ်းသင့်တယ်လို့ ထင်ပါတယ်။”

ကာဇက်စတန်မှ ယေဟောဝါသက်သေများ။ လူမှုသမိုင်းကြောင်းနဲ့ ဘာသာရေး ဆန်းစစ်သုံးသပ်ချက် (၂၀၂၀၊ တည်းဖြတ်ခြင်း) စာအုပ်ကို ရေးတဲ့ ကာဇက်လူမျိုး ဘာသာရေး ကျမ်းပညာရှင် အာသာ အာထီမယေ့က ဆိုဗီယက်တွေ သုံးတဲ့ အရက်စက်ဆုံး နည်းဗျူဟာတွေဟာ ယေဟောဝါသက်သေတွေကို မဖယ်ရှားနိုင်သလို သူတို့ရဲ့ ဇွဲထက်သန်မှုကို မလျော့နည်းစေဘူးလို့ ဆိုတယ်။ သူ့နိုင်ငံမှာ ဆိုဗီယက် အုပ်ချုပ်မှုအောက် ယေဟောဝါသက်သေ အရေအတွက် ပိုများလာတယ်။ မော်စကိုဟယ်စင်ကီအုပ်စုရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ ဗယ်လီရီ ဗော့ရှ်ဗ်ကလည်း “နှိပ်စက်ညှဉ်းပန်းမှုက ယေဟောဝါသက်သေတွေကို ပိုသန်စွမ်းစေတယ်ဆိုတာ အာဏာပိုင်တွေ နားလည်သင့်တယ်” လို့ ဆိုတယ်။

ရုရှား လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာလက်အောက်၊ ကျွမ်းကျင်သူများ ကောင်စီ အဖွဲ့ဝင် ဗာလန်တင် ဂတ်ဖတာက “ခေတ်သစ် ရုရှားမှာ ယုံကြည်ချက်ကြောင့် ထောင်ချခံရသူများ” အကြောင်း ပြောတယ်။ ရုရှားမှာ ထောင်ကျနေတဲ့ သက်သေခံတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် ထောင်ချခံရသူတွေပါ။ “ယေဟောဝါသက်သေတွေဟာ နိုင်ငံတော်ကို မပုန်ကန်ပါဘူး” လို့ သူ ပြောတယ်။ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး ယုံကြည်ချက်က နိုင်ငံရေးမှာ ကြားနေဖို့ အားပေးတယ်လို့ သူ ဆက်ပြောတယ်။ ဒါကို အာဏာပိုင်တွေက အကြောင်းမရှိ အကြောင်းရှာပြီး မတရား ထောင်ချနေကြတယ်။

နောက်ဆုံး မိန့်ခွန်းပြောသူက အလက်စန်ဒြာ ဗာကို့ဗ်စကီပါ။ သူက လူ့အခွင့်အရေး ကောင်စီ သဘာပတိ အဖွဲ့ဝင်၊ အချက်အလက်နဲ့ ဆန်းစစ်သုံးသပ်ခြင်း SOVA စင်တာ ဒါရိုက်တာ ဖြစ်တယ်။ SOVA စင်တာက ယေဟောဝါသက်သေတွေရဲ့ အမှုတွေ အပါအဝင် အစွန်းရောက်ဆိုင်ရာ ဥပဒေတွေကို တလွဲသုံးတဲ့ အမှုမှန်သမျှကို စောင့်ကြည့်နေတယ်။ လက်ရှိ ရုရှားရဲ့ နှိပ်စက်မှုအကြောင်း ဆန်းစစ်သုံးသပ်ချက်ကိုလည်း တင်ပြတယ်။ “ယေဟောဝါသက်သေတွေကို နှိပ်စက်နေတာတွေ ရပ်တန်းက ရပ်သွားမလား။ ဒါဟာ အရေးကြီးမေးခွန်း ဖြစ်တယ်။ အဖြေကိုတော့ ကျွန်တော်တို့ မသိဘူး။” ယေဟောဝါသက်သေတွေကို ရုရှား အာဏာပိုင်တွေ နှိပ်စက်နေမှု အနှေးနဲ့ အမြန် ရပ်တန့်ရမယ်လို့ ဗာကို့ဗ်စကီ ယုံကြည်နေတယ်။ တကယ့် အစွန်းရောက် လုပ်ဆောင်မှုကို တားဆီးကာကွယ်ရင်း သက်သေခံတွေကို လုပ်သလိုမျိုး ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်ပိုင်ခွင့်ကို မချိုးဖောက်မိစေဖို့ အစွန်းရောက်ဆန့်ကျင်ရေး ဥပဒေတွေ ပြင်ဆင်နည်းနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းသူတွေအတွက် ရွေးချယ်စရာများစွာကိုလည်း သူ ကမ်းလှမ်းထားတယ်။

အဖွဲ့က ဂျာနယ်လစ်တွေကိုလည်း မေးခွန်း မေးခွင့် ပေးတယ်။

အဲဒီနေ့မှာပဲ မော်လ်ဒိုဗာ၊ ခိရှီနယ် မြို့တော်မှာ ညီလာခံတစ်ရပ် ကျင်းပတယ်။ မော်လ်ဒိုဗာ သိပ္ပံအတတ်သင် သမိုင်းတက္ကသိုလ်၊ အဲလီကူရပ်စို ပြည်နယ် ဘာလ်တီ တက္ကသိုလ်၊ ဘော်ဒန် ပီထရေ့ကူ ဟာ့ဒုစ် ပြည်နယ် ကာ့ဟူ တက္ကသိုလ်တို့ ကြီးမှူးစီစဉ်တဲ့ ညီလာခံပါ။ နောက်ညီလာခံကိုတော့ ဧပြီ ၉၊ ယူကရိန်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်။