စက်တင်ဘာ ၃၊ ၂၀၂၀
ရုရှား
ယုံကြည်ချက်ကြောင့် ညီအစ်ကို နှစ်ဦးနဲ့ ညီအစ်မနှစ်ဦး အပြစ်ရှိကြောင်း စီရင်ခံရ
စီရင်ချက်
၂၀၂၀၊ စက်တင်ဘာ ၃ ရက်မှာ ဘရယန်စ်ဒေသ၊ နိုဗာဇီကို့မြို့တရားရုံးက ညီအစ်ကို ဗလာဒီမာ ခို့လို့ဗ်၊ ညီအစ်မ တာတယာနာ ရှမ်ရှီဗာနဲ့ အော်လဂါ စီလဗာ၊ ညီအစ်ကို အက်ဝဒ် ဇင်ဇီကို့တို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် တစ်နှစ်ကနေ တစ်နှစ်သုံးလအထိ အသီးသီး ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ အမှုကြားနာစစ်ဆေးခြင်း မတိုင်ခင်ကတည်းက ထောင်ဒဏ်ကျခံနှင့်ပြီးဖြစ်လို့ သူတို့ကို ပြန်လွှတ်ပေးပါတယ်။
ကိုယ်ရေးအကျဉ်း
ဗလာဒီမာ ခို့လို့ဗ်
မွေးဖွားတဲ့နှစ်။ ၁၉၇၇ (နိုဗာဇီကို့မြို့၊ ဘရယန်စ်ဒေသ)
ဘဝအတ္ထုပ္ပတ္တိ။ စက်ပြင်အလုပ် လုပ်တယ်။ ယေဟောဝါသက်သေ မဖြစ်ခင် စစ်တပ်မှာ အမှုထမ်းတယ်။ ဘောလုံးကန်တာ၊ စာဖတ်တာ၊ ငါးဖမ်းတာ၊ ဂီတာတီးတာ ဝါသနာပါတယ်
သူငယ်ချင်းတစ်ယောက် တိုက်တွန်းလို့ ကျမ်းစာလေ့လာတယ်။ ၂၀၀၇ မှာ အော်လဂါနဲ့ လက်ထပ်တယ်။ အန်နစ္စတာစီးယာဆိုတဲ့ သမီးတစ်ယောက် ရှိတယ်။ မိသားစုလိုက် ယေဟောဝါကို ကိုးကွယ်ကြတယ်
တာတယာနာ ရှမ်ရှီဗာ
မွေးဖွားတဲ့နှစ်။ ၁၉၇၇ (ချီရီပိုဗတ်၊ ဗိုလော့ဒါဒေသ)
ဘဝအတ္ထုပ္ပတ္တိ။ စီးပွားရေးသမား။ စီးပွားရေးပညာ၊ ဥပဒေပညာ၊ စာရင်းအင်းပညာ နှစ်ပေါင်းများစွာ သင်ပေးတယ်။ ၁၉၉၅ မှာ နှစ်ခြင်းခံတယ်။ ကျမ်းစာထဲက အကြံဉာဏ်ကောင်း ဝေမျှရတာကို နှစ်သက်တယ်
အော်လဂါ စီလဗာ
မွေးဖွားတဲ့နှစ်။ ၁၉၈၈ (ဒေ့ဗ်ဒိုဗို၊ မော်စကို)
ဘဝအတ္ထုပ္ပတ္တိ။ ကလေးသုံးယောက်အနက် အငယ်ဆုံး။ နည်းပညာကျောင်းမှာ ဘွဲ့ရထားတယ်။ ဇာထိုးပန်းထိုး၊ စာဖတ်တာ၊ ဘော်လီဘောကစားတာ ဝါသနာပါတယ်။ အမေ့လိုပဲ ကျမ်းစာကို မြတ်နိုးတယ်
အက်ဝဒ် ဇင်ဇီကို့
မွေးဖွားတဲ့နှစ်။ ၁၉၇၁ (ဇက်ညှာ၊ ဘရယန်စ်ဒေသ)
ဘဝအတ္ထုပ္ပတ္တိ။ ဝရိန်ဆရာ၊ အစောင့်အဖြစ် လုပ်တယ်။ ရဲဆီမှာ အလုပ်လုပ်တယ်။ တီးဝိုင်းအဖွဲ့သား ဖြစ်ဖူးတယ်။ ၁၉၉၃ မှာ တီးဝိုင်းအဖွဲ့ဝင် တာတယာနာနဲ့ အိမ်ထောင်ကျတယ်။ ကဗျာရေးတာ၊ ဂီတာတီးတာကို ဝါသနာပါတယ်
၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ ကျမ်းစာ စလေ့လာပြီး သိချင်တဲ့မေးခွန်းတွေရဲ့ အဖြေတွေ သိလာတယ်။ ဒါကြောင့် အကျင့်ဆိုးတွေ ပြင်နိုင်ပြီး အိမ်ထောင်ရေး သာယာလာတယ်။ နောက်ပိုင်း တာတယာနာလည်း သက်သေခံ ဖြစ်လာတယ်
အမှုနောက်ကြောင်း
၂၀၁၉၊ ဇွန် ၁၁ မှာ ဘရယန်စ်ဒေသက သက်သေခံ ၂၂ ယောက်ရဲ့ အိမ်ကို ရုရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်းတယ်။ ညီအစ်မ တာတယာနာ ရှမ်ရှီဗာနဲ့ အော်လဂါ စီလဗာတို့ကို ဖမ်းလိုက်တယ်။ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ၂၄၅ ရက် ဖမ်းချုပ်ခံရတယ်။ ၂၀၂၀၊ မေလမှာ ပြန်လွတ်လာပြီး အိမ်ပြန်လာတယ်။ အမှုကြားနာစစ်ဆေးမယ့်နေ့ကို စောင့်နေရတယ်။
၂၀၁၉၊ အောက်တိုဘာ ၁၆ ရက်မှာ အာဏာပိုင်တွေက ညီအစ်ကို ဗလာဒီမာ ခို့လို့ဗ်၊ ညီအစ်ကို အက်ဝဒ် ဇင်ဇီကို့တို့ကို ရာဇဝတ်မှုနဲ့ စွဲချက်တင်တယ်။ သူတို့အမှုကို ရှမ်ရှီဗာနဲ့ စီလဗာတို့ရဲ့အမှုနဲ့ ပေါင်းလိုက်တယ်။ နောက်ခုနစ်ရက်အကြာမှာ ညီအစ်ကိုတွေကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ချုပ်ထားတာ အခုအချိန်အထိပါပဲ။
၂၀၂၀ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၅ မှာ ဒီညီအစ်မတွေနဲ့ လူတွေ့မေးမြန်းထားတယ်။ ညီအစ်မ စီလဗာက အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အချုပ်ခံရတဲ့ ရှစ်လက “ဘယ်အခြေအနေမှာပဲ ဖြစ်ပါစေ၊ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်အောင် ယေဟောဝါ သန့်ရှင်းသောစွမ်းအားတော် အမြဲပေးတယ်” ဆိုတာ ယုံကြည်စိတ်ချစေတယ်လို့ ပြောတယ်။ ညီအစ်မ ရှမ်ရှီဗာက “ကျွန်မတို့နဲ့အတူ ယေဟောဝါ အမြဲရှိနေတယ်။ ကူညီနေတယ်။ ခွန်အားပေးနေတယ်” လို့ ပြောတယ်။
ထောင်ကျနေတဲ့၊ ထောင်ချခံရမယ့် ရုရှားက ညီအစ်ကို/မတွေ လက်ရှိစမ်းသပ်မှုကို ဝမ်းမြောက်မှု၊ စိတ်ငြိမ်သက်မှုနဲ့ ခံရပ်နိုင်ဖို့ ယေဟောဝါ ဆက်လက်ကူညီမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—၁ ကောရိန္သု ၁၀:၁၃။