မာတိကာဆီ ကျော်သွား

ညီအစ်ကို ယီဂေါ် ဘာရာနို့ဗ်နဲ့ ညီအစ်မ ဒါယာ ဒူလိုဗာ

စက်တင်ဘာ ၈၊ ၂၀၂၀
ရုရှား

ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိသူ လူငယ်ညီအစ်ကို ဘာရာနို့ဗ်နဲ့ ညီအစ်မ ဒူလိုဗာ

ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိသူ လူငယ်ညီအစ်ကို ဘာရာနို့ဗ်နဲ့ ညီအစ်မ ဒူလိုဗာ

ရုရှားက လူငယ်နှစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ယီဂေါ် ဘာရာနို့ဗ်နဲ့ ညီအစ်မ ဒါယာ ဒူလိုဗာတို့ဟာ ရာဇဝတ်မှုစွဲချက်နဲ့ နှစ်ရှည် ထောင်ချခံရနိုင်တဲ့ အခြေအနေကို ရဲစွမ်းသတ္တိ ရှိရှိ ရင်ဆိုင်နေကြတယ်။ လောလောဆယ် စစ်ဆေးမေးမြန်းခြင်း မရှိဘဲ အချုပ်ကျနေတဲ့ ညီအစ်ကို ဘာရာနို့ဗ်က ၁၉ နှစ်ပဲ ရှိသေးတယ်။ အိမ်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းချိန်မှာ ညီအစ်မ ဒူလိုဗာက ၁၈ နှစ်ပဲ ရှိသေးတယ်။ ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ရုရှားက ညီအစ်ကို/မ ၃၈၀ ကျော်ထဲမှာ အသက်အငယ်ဆုံးတွေပါ။

၂၀၂၀၊ မေ ၂၇ ရက်ကတည်းက ညီအစ်ကို ဘာရာနို့ဗ်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ညီအစ်မ ဒူလိုဗာကတော့ သီးခြားရာဇဝတ်မှု နှစ်ခုအတွက် တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်။ အခက်အခဲများစွာ ရင်ဆိုင်နေရပေမဲ့ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

မေလ ၂၇ ရက်နေ့မှာ လက်နက်ကိုင် (FSB) အရာရှိတွေက မိခင်နဲ့အတူ နေထိုင်တဲ့ ဘာရာနို့ဗ်ရဲ့ အိမ်ကို စီးနင်းခဲ့ကြတယ်။ တရားသူကြီး အလက်ဆီ ရှတီလို့ဗ်က ညီအစ်ကို ဘာရာနို့ဗ်ဟာ အဲဒီဒေသက ယေဟောဝါသက်သေတွေရဲ့ “ခေါင်းဆောင်တစ်ယောက်” ဖြစ်တယ်ဆိုပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားဖို့ အမိန့်ချလိုက်တယ်။

အိမ်ကို ဝင်ရောက်စီးနင်းချိန်မှာ ထိတ်လန့်သွားပေမဲ့ ယေဟောဝါဆီ ဆုတောင်းပြီးတဲ့နောက် စိတ်တည်ငြိမ်သွားတယ်လို့ ညီအစ်ကို ဘာရာနို့ဗ် ပြောတယ်။ “ဝင်ရောက်စီးနင်းသူ တစ်ယောက်ကတောင် သူတို့အလာကို စောင့်နေသလိုပါပဲလား” လို့ ကျွန်တော့်ကို ပြောခဲ့တယ်။

“ဒီအခြေအနေကို ယေဟောဝါ ခွင့်ပြုတယ်ဆိုရင် ငါခံရပ်နိုင်လို့ပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မပြတ် သတိပေးတယ်လို့ ညီအစ်ကို ဘာရာနို့ဗ် ပြောတယ်။ “ကူညီပေးဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းတယ်၊ သန့်ရှင်းသော စွမ်းအားတော်ကလည်း မကြောက်ဖို့ ကူညီပေးတယ်။ ကျွန်တော်က ရာဇဝတ်သား မဟုတ်ဘူး။ ယုံကြည်ချက်ကြောင့် အခုလို နှိပ်စက်ခံနေတာဖြစ်လို့ သိစိတ်ကြည်လင်တယ်” လို့ သူပြောတယ်။

ထိန်းသိမ်းရေးစခန်းမှာလည်း ကြောက်လန့်နေရတာမျိုး မရှိပါဘူးလို့ ညီအစ်ကို ဘာရာနို့ဗ် ပြောတယ်။ ခပ်အေးအေး အကျဉ်းသားတွေက သူ့ကို လေးစားကြပြီး ညီငယ်တစ်ယောက်လို သဘောထားကြတယ်။ “ကျွန်တော် ဒီနေရာမှာ ရှိမနေသင့်ဘူးဆိုတာ သူတို့ သိထားကြတယ်” လို့ပြောတယ်။

၂၀၁၈၊ သြဂုတ် ၁ ရက်နေ့မှာ မိခင်နဲ့အတူနေထိုင်တဲ့ ညီအစ်မ ဒူလိုဗာရဲ့ တိုက်ခန်းကို အရာရှိတွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ နေအိမ် စီးနင်းရှာဖွေခံရတာ၊ ဖမ်းဆီးခံရတာတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေပေမဲ့ ယုံကြည်ခြင်းကတော့ သိပ်ကို ခိုင်မာနေတုန်းပဲ။ “ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဘာပဲဖြစ်လာဖြစ်လာ ယေဟောဝါကို အဆုံးထိ အမှုဆောင်မယ်” လို့ ပြောတယ်။

ညီအစ်မ ဒူလိုဗာရဲ့ အမှုကို ၂၀၁၉၊ စက်တင်ဘာလမှာ စဗာလို့စ်ခရိုင်၊ ကာပင်စကီမြို့တရားရုံးမှာ စတင်ကြားနာတယ်။ နောက်ဆုံးအကြိမ် ကြားနာချိန်မှာ ညီအစ်မ ဒူလိုဗာက တရားရုံးကို ပြောတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်စရာ အကြောင်းအရာတွေကို တခြားသူတွေကို ဝေမျှပြောပြတတ်ကြတာ လူ့သဘာဝပါ။ “မြေကြီးပရဒိသုကို မကြာခင် ဘုရား လုပ်ပေးတော့မယ်။ အဲဒီအချိန်ကျရင် ဝမ်းသာမျက်ရည်ပဲ ရှိတော့မယ်။ ဒီလောက် ပျော်စရာကောင်းတဲ့အကြောင်းကို တခြားသူတွေကို မပြောဘဲ ဘယ်လိုနေနိုင်ပါ့မလဲ” ဆိုပြီး ညီအစ်မ ဒူလိုဗာ ပြောတယ်။

ယုတ္တိရှိရှိ၊ ရဲစွမ်းသတ္တိရှိရှိ ခုခံချေပခဲ့ပေမဲ့ ၂၀၂၀၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဆိုင်းငံ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရတယ်။ ဒါကို တရားခံရှေ့နေက အယူခံဝင်တယ်။

၂၀၂၀၊ သြဂုတ် ၆ ရက်နေ့မှာ စဗာလို့စ်ခရိုင် တရားရုံးက ညီအစ်မ ဒူလိုဗာအပေါ် နဂိုတရားရုံးရဲ့ စီရင်ချက်ကို ပယ်ဖျက်လိုက်တယ်။ ကာပင်စကီမြို့ တရားရုံးမှာ တရားသူကြီး နောက်တစ်ဦးနဲ့ အမှုကို ပြန်စစ်ဆေးခိုင်းတယ်။ အမှုပြန်လည်စစ်ဆေး ကြားနာမယ့်နေ့ကို မသိရသေးပါဘူး။ တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေတုန်းမှာ သူတို့သားအမိနဲ့ သက်သေခံသုံးဦး ပါဝင်တဲ့ ဒုတိယရာဇဝတ်မှု စွဲချက်မှာလည်း အပြစ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားနေရတယ်။

အမှုတွေ ရင်ဆိုင်နေရချိန်မှာ ညီအစ်ကို ဘာရာနို့ဗ်နဲ့ ညီအစ်မ ဒူလိုဗာတို့ အများကြီး သင်ယူခဲ့ကြတယ်။

ခံရပ်နိုင်ဖို့ ဘာက ကူညီပေးသလဲဆိုတာ ညီအစ်မ ဒူလိုဗာ ခုလိုပြောပြတယ်- “ကျမ်းစာကို နေ့တိုင်းဖတ်တာ၊ အသင်းတော် အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်တာ၊ ကျမ်းစာအခြေပြု သီချင်းတွေကို သင်ယူတာ ဒီနည်းတွေနဲ့ ယေဟောဝါအပေါ်ထားတဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေမယ်၊ ကျမ်းစာမှာပါတဲ့ အားရှိစရာစကားတွေကို ဆင်ခြင်သုံးသပ်နေမယ်ဆိုရင် စိုးရိမ်စရာတွေ၊ တွေးကြောက်နေတာတွေကို ခေါင်းထဲက ထုတ်ပစ်ဖို့ ကူညီပေးတယ်။”

ညီအစ်ကို ဘာရာနို့ဗ် ဒီလိုပြောတယ်- “အခုလို အခြေအနေတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိရမယ်။ အချိန်မဖြုန်းပါနဲ့။ ယေဟောဝါနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲအောင် အခုပဲ လုပ်ဆောင်ပါ။”

သစ္စာရှိလူငယ်တွေ ရဲစွမ်းသတ္တိ ရှိအောင် ယေဟောဝါ ကူညီပေးခဲ့တဲ့ ကျမ်းစာနမူနာ အများကြီး ရှိတယ်။ ရုရှားနဲ့ တခြားဒေသတွေမှာ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ လူငယ်တွေကိုလည်း ဘုရား ထပ်တူ ကူညီပေးဆိုတာ ကျွန်တော်တို့ယုံတယ်။​—၁ ရှမွေလ ၁:၂၀။ ၁၆:၁၈။ ၂ ဘုရင်များ ၅:၁-၃။ ဒံယေလ ၁:၁၄-၁၇။ ၃:၁၇-၂၇