မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ ဂူဘင်

ဧပြီ ၅၊ ၂၀၂၁
ရုရှား

ယုံကြည်ခြင်း စမ်းသပ်မှု ကြုံနေရပေမဲ့ ဆက်သစ္စာစောင့်ဖို့ ညီအစ်ကို အန်ဒရေ ဂူဘင် စိတ်ပိုင်းဖြတ်ထား

ယုံကြည်ခြင်း စမ်းသပ်မှု ကြုံနေရပေမဲ့ ဆက်သစ္စာစောင့်ဖို့ ညီအစ်ကို အန်ဒရေ ဂူဘင် စိတ်ပိုင်းဖြတ်ထား

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်ကို ဂူဘင်ရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်

၂၀၂၂၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်ကို အန်ဒရေ ဂူဘင်ရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပါတယ်။ သူ့ရဲ့ အမှုကို စစ်ဆေးဖို့ ရှေ့နေလက်ထဲ ပြန်အပ်လိုက်တယ်။

၂၀၂၁၊ စက်တင်ဘာ ၉ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်ကို အန်ဒရေ ဂူဘင်ရဲ့ အမှုကို စီရင်ချက် ချပါတယ်။ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲပါ။ ဒီတစ်ကြိမ် ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ကိုယ်ရေးအကျဉ်း

အန်ဒရေ ဂူဘင်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၄ (စာရန်မြို့၊ ကာဇက်စတန်)

  • ဘဝအတ္ထုပ္ပတ္တိ။ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် ရှိတယ်။ ကျောင်းတက်ရင်း သော့ပြင်ပညာသင်အဖြစ် အချိန်ပိုင်း အလုပ်လုပ်ပြီး မိသားစုကို တစ်ဖက်တစ်လမ်းက ထောက်ပံ့တယ်။ နောက်ပိုင်း တွင်ခုံဆရာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်မောင်း ဖြစ်လာတယ်။ အားကစားလုပ်တာ၊ ကဗျာရေးဖွဲ့တာ၊ တူရိယာတွေ တီးမှုတ်ရတာ ဝါသနာပါတယ်။

  • လောကမှာ မတရားမှုတွေ၊ ဆိုးသွမ်းမှုတွေ မြင်တွေ့ရလို့ ငယ်ငယ်ကတည်းက စိတ်ဆင်းရဲခဲ့တယ်။ ကျမ်းစာလေ့လာတဲ့အတွက် စိတ်ငြိမ်သက်မှု ရှိလာတယ်၊ ဘဝအဓိပ္ပာယ် ရှိလာတယ်။ တရားမျှတမှု၊ ငြိမ်းချမ်းမှု ပြန်ရမယ်ဆိုတဲ့ ကျမ်းစာကတိတွေ သိလာတဲ့အခါ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံလိုက်တယ်။ ၁၉၉၁ ခုနှစ်၊ အသက် ၁၇ နှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၀၇ ခုနှစ်မှာ တာတယာနာနဲ့ လက်ထပ်ပြီး ၂၀၁၁ မှာ ဘိုင်ရိုဘစ်ဇန်ကို ပြောင်းရွှေ့နေထိုင်တယ်။

အမှုနောက်ကြောင်း

၂၀၂၀၊ ဖေဖော်ဝါရီ ၁၂ မှာ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲတွေက ညီအစ်ကို အန်ဒရေ ဂူဘင်ကို စစ်ဆေးကြတယ်။ ၂၀၂၀၊ စက်တင်ဘာ ၁၇ မှာ ရာဇဝတ်မှုနဲ့ စွဲချက်တင်တယ်။

ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရာဇဝတ်မှုနဲ့ အမှုဖွင့်ခံရတဲ့ ၁၉ ခုထဲမှာ ညီအစ်ကို အန်ဒရေရဲ့ အမှုလည်း ပါတယ်။ “တရားစီရင်ရာနေ့” စစ်ဆင်ရေးအတွင်း အိမ်တွေကို ဝင်ရောက်စီးနင်းပြီးနောက် အမှုဖွင့်ကြတာပါ။ ၂၀၁၈၊ မေ ၁၇ မှာ လုံခြုံရေး အရာရှိ ၁၅၀ လောက်က ယေဟောဝါသက်သေတွေရဲ့ နေအိမ် ၂၂ လုံးကို ဝင်ရှာခဲ့ကြတယ်။ ဘဏ်ကတ်၊ ငွေ၊ ဓာတ်ပုံ၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းတွေကို သိမ်းယူကြတယ်။

ညီအစ်ကို အန်ဒရေတို့ ဇနီးမောင်နှံရဲ့ ဘဏ်အကောင့်ကို အာဏာပိုင်တွေ ပိတ်ထားတဲ့အတွက် ငွေထုတ်လို့ မရဘူး။ တော်တော်လေး ကျပ်တည်းနေတယ်။ အမှုရင်ဆိုင်တာ လနဲ့ချီ ကြာလာတဲ့အတွက် တာတယာနာရဲ့ ကျန်းမာရေး ထိခိုက်လာတယ်။ ဒါပေမဲ့ လင်မယားနှစ်ယောက် ကျမ်းစာ မှန်မှန် ဖတ်ပြီး နှစ်သိမ့်မှု ရနေပါတယ်။ အခက်အခဲတွေ ရင်ဆိုင်ခံရပ်နိုင်ပုံအကြောင်း ကျမ်းစာအကြံပြုချက်တွေက သူတို့အတွက် အကူအညီ ဖြစ်စေတယ်။

ညီအစ်ကို/မတွေရဲ့ အားပေးထောက်မမှုကြောင့် ယေဟောဝါနဲ့ အဖွဲ့အစည်းကို ပိုယုံကြည်အားကိုးလာကြတယ်။ တစ်ရက်မှာ ညီအစ်ကို အန်ဒရေ တော်တော်လေး စိုးရိမ်သောကရောက်နေတယ်။ သူ့လိုပဲ ရာဇဝတ်မှုနဲ့ အမှုဖွင့်ခံရတဲ့ ညီအစ်ကိုတစ်ယောက်ကို ရင်ဖွင့်ပြောပြတယ်။ အဲဒီညီအစ်ကိုက အန်ဒရေရဲ့ စိုးရိမ်သောကတွေကို နားလည်ကြောင်း ပြောပြီးနောက် ယေရှုလည်း ယေဟောဝါအတွက် နှိပ်စက်ညှဉ်းပန်းခံရတာကို အခွင့်ထူးလို့ ယူမှတ်ခဲ့ကြောင်း ပြန်အမှတ်ရစေတယ်။ “စိတ်အေးချမ်းသွားတာပဲ။ အဖဘုရားရဲ့ အလိုတော်အတိုင်း လုပ်ဆောင်သွားဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားတယ်” လို့ အန်ဒရေ ပြောတယ်။

ကျမ်းစာနဲ့ ညီအစ်ကို/မတွေဆီကတစ်ဆင့် နှစ်သိမ့်မှုနဲ့ ခွန်အား ဆက်ရပါစေလို့ ညီအစ်ကို အန်ဒရေတို့ ဇနီးမောင်နှံအတွက် ဆုတောင်းပေးပါတယ်။ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူတွေ ကောင်းကျိုး ရလိမ့်မယ်ဆိုတာ” ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။—ဒေသနာ ၈:၁၂