၂၀၂၂ ခုနှစ်၊ ဇွန် ၈ ရက်
ရုရှား
ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ ရုရှားကို ဥရောပတရားရုံး အရှုံးပေးစီရင်
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ ရုရှားကို အရှုံးပေးစီရင် aခဲ့တယ်။ ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့ ရုရှားအစိုးရရဲ့ ၂၀၁၇ ခုနှစ်အမိန့်ဟာ တရားမဝင်ဘူးလို့ ECHR ကြေညာခဲ့တယ်။ ပုံနှိပ်စာပေတွေနဲ့ jw.org ဝက်ဘ်ဆိုက်ကို ပိတ်ပင်တာ ဥပဒေနဲ့ မညီဘူးလို့လည်း အမိန့်ချခဲ့တယ်။ ညီအစ်ကို/မတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုအားလုံးကို ရုပ်သိမ်းပေးဖို့နဲ့ ထောင်ကျနေသူ အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ ရုရှားကို အမိန့်ချမှတ်ခဲ့တယ်။ သိမ်းယူထားတဲ့ အဆောက်အအုံ အားလုံးကို ပြန်ပေးဖို့ ဒါမှမဟုတ် အဲဒါနဲ့ ညီမျှတဲ့ ငွေကြေးတန်ဖိုး ၅၉,၆၁၇,၄၅၈ ယူရို (၆၃,၆၈၄,၉၇၈ ယူအက်စ်ဒေါ်လာ) ပေးဖို့ အမိန့်ထုတ်ခဲ့တယ်။ လျှောက်ထားသူတွေကို စုစုပေါင်း ၃,၄၄၇,၂၅၀ ယူရို (၃,၆၈၂,၄၄၅ ယူအက်စ်ဒေါ်လာ) နစ်နာကြေး ပေးခိုင်းတယ်။
ဒီစီရင်ချက်ဟာ ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိ လျှောက်ထားသူ ၁၄၀၀ ကျော် တင်သွင်းခဲ့တဲ့ အမှုပေါင်း ၂၀ အပေါ် ချမှတ်ပေးခဲ့တဲ့ အမိန့်ဖြစ်တယ်။ လျှောက်ထားသူတွေထဲမှာ သက်သေခံတစ်ဦးချင်းစီနဲ့ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းတွေ ပါဝင်တယ်။ ဒါပေမဲ့ ECHR ရဲ့စီရင်ချက်က လျှောက်ထားသူတွေအတွက် သာမက တခြားသူများစွာအပေါ်လည်း အကျိုးသက်ရောက်ခဲ့တယ်။ စီရင်ချက်မှာ အခုလိုဖော်ပြထားတယ်– “ရုရှားဟာ ယေဟောဝါသက်သေတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုအားလုံးကို ရုပ်သိမ်းဖို့ လုပ်နိုင်တာသမျှ လုပ်ဆောင်ရမယ် . . . လွတ်လပ်မှုပိတ်ပင်ခံရတဲ့ ယေဟောဝါသက်သေအားလုံးကို ပြန်လွှတ်ပေးရမယ်။” ရုရှားနိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေဟာ ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားတွေဖြစ်တယ်၊ သူတို့ကို မှားယွင်းစွာ တရားစွဲထောင်ချခြင်း ဖြစ်တယ်ဆိုတာကို စီရင်ချက်က သက်သေထူခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု၊ ယုံကြည်ချက်၊ စာပေနဲ့ ဝက်ဘ်ဆိုက်တွေ အစွန်းရောက်တယ်ဆိုတဲ့ ရုရှားရဲ့အခြေအမြစ်မရှိ စွပ်စွဲချက် မှားကြောင်း ECHR က စီရင်ချက်တစ်ခုလုံးမှာ အသေအချာ ချေပထားပါတယ်။ ဥပမာ၊ စီရင်ချက်ထဲက အောက်ပါအပိုင်းတချို့ကို သတိပြုကြည့်ပါ–
လုပ်ဆောင်မှု– အကြမ်းဖက်မှု၊ မုန်းတီးမှုနဲ့ တစ်ဖက်သတ်အစွဲ လွှမ်းမိုးခံရတယ်ဆိုတာ သက်သေပြဖို့ လျှောက်ထားသူတွေရဲ့ အပြောအဆို၊ လုပ်ရပ်တစ်ခုခုကို ရုရှားတရားရုံးတွေ ထောက်ပြနိုင်ခြင်း မရှိဘူးဆိုတဲ့အချက်ကို ECHR အလေးပေးဖော်ပြခဲ့တယ်။ (အပိုဒ် ၂၇၁)
ယေဟောဝါသက်သေတွေမှာ အမှန်တရားရှိတယ်ဆိုတဲ့ ယုံကြည်ချက်– “မိမိရဲ့ဘာသာတရား သာလွန်မြင့်မြတ်ကြောင်း တခြားသူတွေ ယုံကြည်လာအောင် ငြိမ်းချမ်းစွာ ပြောဆိုတာ၊ ‘မှားယွင်းတဲ့ဘာသာတွေ’ ကိုစွန့်ပြီး ‘စစ်မှန်တဲ့ဘာသာ’ နဲ့ပူးပေါင်းဖို့ တခြားသူတွေကို တိုက်တွန်းတာဟာ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဥပဒေဘောင်အတွင်း ကျင့်သုံးခြင်းဖြစ်တယ်။” (အပိုဒ် ၁၅၆)
သွေးသွင်းခြင်း– “သွေးသွင်းခြင်းကို ငြင်းပယ်တာဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူတဲ့အခါ မိမိခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ဖြစ်တယ်။ ဒီအခွင့်အရေးကို နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ရုရှားဥပဒေက ကာကွယ်ပေးထားတယ်။” (အပိုဒ် ၁၆၉)
ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်း– “ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တာက ရုရှားဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း မရှိဘူး။” (အပိုဒ် ၁၆၉)
ကျွန်တော်တို့ရဲ့စာပေများ– “လျှောက်ထားသူတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေ၊ သူတို့စာပေတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေက အကြမ်းမဖက်ပုံရတယ်။ အကြမ်းဖက်မှုကို ရှောင်ရမယ်ဆိုတဲ့ သူတိုရဲ့ယုံကြည်ချက်နဲ့လည်း ညီညွတ်တယ်။” (အပိုဒ် ၁၅၇)
JW.ORG - jw.org ဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ အစွန်းမရောက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။ အာဏာပိုင်တွေက ဝက်ဘ်ဆိုက်မှာပါတဲ့ အကြောင်းအရာတချို့ကို ကန့်ကွက်တယ်ဆိုရင် ဝက်ဘ်ဆိုက်တစ်ခုလုံးကို ပိတ်ပင်မယ့်အစား လက်မခံနိုင်တဲ့အပိုင်းတချို့ကိုသာ ဖျက်ပေးဖို့ အဖွဲ့အစည်းကို တောင်းဆိုသင့်တယ်။ (အပိုဒ် ၂၃၁ နဲ့ ၂၃၂)
စီရင်ချက်ထဲမှာ ရုရှားအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားတယ်။ ဘက်လိုက်ကြောင်း၊ တစ်ဖက်သတ်အစွဲရှိကြောင်း၊ “ရိုးရိုးသားသား မလုပ်ဆောင်ခဲ့” ကြောင်း သက်သေပြခဲ့တယ်။ (အပိုဒ် ၁၈၇) ဥပမာ၊ တရားရုံးရဲ့ စီရင်ချက်မှာ အောက်ပါအကြောင်းအရာတွေကို ဖော်ထုတ်ခဲ့တယ်-
“ယေဟောဝါသက်သေ ဘာသာရေးအသင်းအဖွဲ့အားလုံးကို အာဏာသုံးပြီး ဖျက်သိမ်းလိုက်တာက ဥပဒေအရ လုပ်ခဲ့တာမဟုတ်ဘူး။ ရုရှားအာဏာပိုင်တွေက ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေအပေါ် တစ်ဖက်သတ်အစွဲရှိခဲ့လို့ဖြစ်တယ်။ ယေဟောဝါသက်သေတွေ သူတို့ယုံကြည်ချက်ကို စွန့်သွားစေဖို့၊ တခြားသူတွေကိုလည်း သူတို့နဲ့ ပူးပေါင်းတာကို ဟန့်တားစေဖို့ ဖြစ်တယ်။” (အပိုဒ် ၂၅၄)
“လုပ်ထုံးလုပ်နည်းပိုင်း” အကြီးအကျယ် “မှားယွင်း” မှုကို ရုရှားအရာရှိတွေ ခွင့်ပြုခဲ့တယ်။ ဥပမာ၊ ရုရှားတရားရုံးချုပ်ဟာ စာပေတွေကို ဘက်လိုက်မှုမရှိ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမယ့်အစား ရဲတွေ၊ အစိုးရရှေ့နေတွေ တင်ပြတဲ့ ဘက်လိုက်တဲ့ ပညာရှင်တွေရဲ့သတင်းပေးပို့ချက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တယ်။ (အပိုဒ် ၂၀၃)
အစွန်းရောက်ဝါဒနဲ့ပတ်သက်တဲ့ ဥပဒေ အသုံးအနှုန်းတွေဟာ ကျယ်ပြန့်ပြီး မရှင်းလင်းဘူး။ အဲဒီလိုဖြစ်အောင်ကို စနစ်တကျ ရေးသားပြဋ္ဌာန်းထားတာမို့ အဲဒီဥပဒေကို အာဏာပိုင်တွေ လိုသလို အသုံးချပြီး ယေဟောဝါသက်သေတွေကို အရေးယူနိုင်ခဲ့တယ်။ (အပိုဒ် ၂၇၂)
ECHR ရဲ့ဆုံးဖြတ်ချက်က ရုရှားနိုင်ငံအတွင်း ဘယ်လို အကျိုးသက်ရောက်မယ်ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ လူ့အာဏာပိုင်တွေကို အားမကိုးဘူး။ အဲဒီအစား “ငါတို့ရဲ့ကူညီမစရှင်၊ ငါတို့ရဲ့ဒိုင်းလွှား” ဖြစ်တဲ့ “ယေဟောဝါကို မျှော်လင့်စောင့်စားနေပါတယ်။”—ဆာလံ ၃၃:၂၀။
a စာမျက်နှာ ခုနစ်မျက်နှာရှိတဲ့ ECHR ရဲ့စီရင်ချက် အကျဉ်းချုပ်ကို ကူးယူပါ။ ၁၉၆ မျက်နှာရှိတဲ့ စီရင်ချက်အပြည့်အစုံကို ကူးယူပါ။