မာတိကာဆီ ကျော်သွား

ဝဲမှယာ။ အပေါ်- ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ်၊ ဒဲနစ္စ ခရစ်တန်ဆန်၊ ဂင်နာဒီ ဂျာမန်နဲ့ ရိုမန် ဂရီဒါစို့။

အောက်- ညီအစ်ကို ဗာဒင် ကုဆန်ကို့၊ ဖေလစ် မာခမ်မဒီယေ့ဗ်နဲ့ အလက်ဆီ မီရက်စကီ

နိုဝင်ဘာ ၆၊ ၂၀၂၀
ရုရှား

ယေဟောဝါသက်သေတွေကို ရုရှား နှိပ်စက်နေခြင်းကို နိုင်ငံတကာ အရာရှိတွေ ဆန့်ကျင်ကန့်ကွက်

ယေဟောဝါသက်သေတွေကို ရုရှား နှိပ်စက်နေခြင်းကို နိုင်ငံတကာ အရာရှိတွေ ဆန့်ကျင်ကန့်ကွက်

“အဆိုးရွားဆုံး မတရားမှုကြီးပါပဲ။”—USCIRF သဘာပတိ ဂေးလ် မန်ရှင်း။

ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းနေမှုအတွက် ရုရှားကို အမေရိကန်နဲ့ ဥရောပ အရာရှိတွေ ပြစ်တင်ရှုတ်ချနေတုန်းပါပဲ။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ ကော်မရှင် (USCIRF)

၂၀၂၀၊ အောက်တိုဘာ ၂၇ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သဘာပတိ ဂေးလ် မန်ရှင်းက ဒီလို ဖော်ပြတယ်- “ဒဲနစ္စ ခရစ်တန်ဆန်ကို ရုရှားအစိုးရ ဆက်ဆံပုံကြောင့် USCIRF ထိတ်လန့်အံဩမိတယ်။ အပြစ်မရှိသူကို ယုံကြည်ကိုးကွယ်မှု အကြောင်းပြချက်သက်သက်နဲ့ နှိပ်စက်နေမှန်း သိသာတယ်။ သက်ညှာမပေးဘဲ အန္တရာယ်ရှိတဲ့ ရာဇဝတ်ကောင်လို ဆက်ဆံနေခြင်းဟာ အဆိုးရွားဆုံး မတရားမှုကြီးပါပဲ။”

USCIRF ရဲ့ ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများ ပရောဂျက်မှာ သဘာပတိ မန်ရှင်းက ညီအစ်ကို ခရစ်တန်ဆန်ဘက်ကနေ ထောက်ခံပြောဆိုပေးတယ်။ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တာကို USCIRF က အကြိမ်ကြိမ် အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့တယ်

ညီအစ်ကို ခရစ်တန်ဆန်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ငြင်းဆိုနေမှုအတွက် ရုရှားကို USCIRF က ပြစ်တင်ရှုတ်ချကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြတယ်။ “[၂၀၂၀] ဇွန် ၂၃ မှာ ထောင်ကနေ စောစီးစွာ လွှတ်မိန့်ချပေမဲ့ အစိုးရရှေ့နေက ချက်ချင်း ကန့်ကွက်တားဆီးခဲ့တယ်။ စောစော မလွှတ်တဲ့အပြင် ထောင်စည်းကမ်း ချိုးဖောက်တယ်လို့ စွပ်စွဲပြီး လေဝင်လေထွက် မကောင်းတဲ့ ပြစ်ဒဏ်တိုက်မှာ ချုပ်ထားကြတယ်” လို့ အစီရင်ခံစာမှာ ပါရှိတယ်။

USCIRF အစီရင်ခံစာက ၂၀၂၀ နှစ်ပတ်လည် ကြေညာချက်နဲ့ နိဂုံးချုပ်ထားတယ်။ ကြေညာချက်မှာ “ဘာသာရေး လွတ်လပ်ခွင့်ကို အကွက်ကျကျ၊ ဆက်တိုက်၊ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့” ရုရှားအစိုးရကို ပြစ်တင်ရှုတ်ချထားပြီး “စိုးရိမ်စရာအကောင်းဆုံး နိုင်ငံတွေ” စာရင်းမှာ ထည့်သွင်းလိုက်ဖို့ ယူအက်စ်အစိုးရကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ခန့်အပ်ထားတဲ့ ထိပ်တန်းအရာရှိ ရှစ်ဦးက ကုလသမဂ္ဂဆိုင်ရာ ရုရှားဖယ်ဒရေးရှင်း အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးဆီ ပူးတွဲ ပေးပို့တဲ့စာမှာ “ယေဟောဝါသက်သေတွေကို ရုရှား နှိပ်စက်ညှဉ်းပန်းနေခြင်း၊ စိန့်ပီတာစဘတ်မြို့ရှိ ယေဟောဝါသက်သေများရဲ့ ဗဟိုအုပ်ချုပ်ရေးရုံးကို ဖျက်သိမ်းခြင်း၊ နိုင်ငံတစ်ဝန်း ဒေသန္တရ သာသာရေးအဖွဲ့အစည်း ၃၉၅ ခုကို ပိတ်ပင်ခြင်း” အကြောင်း ကြားသိရလို့ ထိတ်လန့်မိတယ်လို့ ဖော်ပြထားတယ်။ နှိပ်စက်ညှဉ်းပန်းနေမှုကို ရပ်တန့်ပေးဖို့ နိုင်ငံတကာရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုတဲ့အတွက်လည်း အပြစ်တင်ထားတယ်။

ရုရှားဟာ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေး ဥပဒေတွေကို ခုတုံးလုပ်ပြီး “ယေဟောဝါသက်သေများရဲ့ ဘာသာရေးလုပ်ဆောင်မှု ရပ်တန့်သွားအောင်၊ ကြောက်လန့်အောင် သူတို့အိမ်ထဲ ဝင်ရောက်စီးနင်း စစ်ဆေးခြင်း၊ စစ်ကြောမေးမြန်းခြင်း၊ ဖမ်းဆီး ထောင်ချခြင်းတွေ” လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားတယ်။

“ယေဟောဝါသက်သေတွေ ဘာသာရေးလုပ်ဆောင်မှု လုပ်တာကလည်း ICCPR a အပိုဒ် ၁၈ (၁) ပါ ရပိုင်ခွင့်ကို ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း” ဆိုထားတယ်။ ဒါကြောင့် ရုရှား ဖယ်ဒရေးရှင်းအနေနဲ့ “၂၀၀၂၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ဥပဒေကို တလွဲသုံးပြီး လွတ်လပ်စွာ တွေးတောကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ သက်ဝင်ကိုးကွယ်ခွင့်ကို မချိုးဖောက်မိအောင် ဂရုစိုက်ကြဖို့” တိုက်တွန်းထားတယ်။

ညီအစ်ကို/မတွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့ကြောင်းကိုလည်း ဖော်ပြထားတယ်။ ဥပမာ၊ ၂၀၂၀၊ ဖေဖော်ဝါရီ ၆ ရက်တုန်းက စရာတော့မြို့က သက်သေခံ ငါးယောက်ကို လူမဆန်စွာ ရိုက်နှက်မှုအကြောင်း ဖြစ်တယ်။ “ဘာသာရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရတဲ့ ယေဟောဝါသက်သေတွေဟာ ထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ညှဉ်းဆဲခံရရုံမက ကာယပိုင်း၊ စိတ်ပိုင်း နှိပ်စက်ညှဉ်းပန်းမှုတွေကိုပါ ကြုံနေရတယ်” လို့ ဆိုထားတယ်။

၂၀၂၀၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ညီအစ်ကို ဗာဒင် ကုဆန်ကိုကို ရဲအရာရှိတွေ နှိပ်စက်တဲ့အကြောင်းလည်း စာထဲမှာ ပါတယ်။ ညီအစ်ကို ကုဆန်ကိုကို မနှိပ်စက်ရပါဘူးလို့ ရုရှားအာဏာပိုင်တွေ ငြင်းဆိုပေမဲ့ ကုလသမဂ္ဂ အရာရှိတွေကတော့ “နိုင်ငံတစ်ဝန်းက ယေဟောဝါသက်သေတွေကို ရာဇဝတ်မှုနဲ့ စွဲချက်တင်ပြီး နှိပ်စက်နေတာ အလွန် စိုးရိမ်စရာပဲ” လို့ ဆိုတယ်။

ဝန်ကြီးများကော်မတီဆိုင်ရာ ဥရောပသမဂ္ဂ ကောင်စီ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ရုရှားဟာ ယေဟောဝါသက်သေတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့အပြစ် ရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့ဖူးတယ်။ ၂၀၁၇ မှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်ပြီး စတင် နှိပ်စက်လာတဲ့အခါ အဲဒီစီရင်ဆုံးဖြတ်ချက် နှစ်ရပ်ကို ရုရှား လိုက်နာခြင်း ရှိမရှိ ဝန်ကြီးများကော်မတီဆိုင်ရာ ဥရောပသမဂ္ဂ ကောင်စီက b စောင့်ကြည့်နေတယ်။ c ဒါကြောင့် ကော်မတီက ၂၀၂၀၊ အောက်တိုဘာ ၁ ရက်စွဲနဲ့ ဆုံးဖြတ်ချက်တစ်စောင် ထုတ်ပြန်တယ်။ မိမိတို့အနေနဲ့ “၂၀၁၇ မှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်တဲ့ ထိတ်လန့်စရာသတင်းတွေ၊ ... ဘာသာရေး ယုံကြည်ချက်အတိုင်း လိုက်နာကျင့်သုံးရုံနဲ့ သက်သေခံတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချနေတဲ့သတင်းတွေ ကြားသိရလို့ အလွန် စိုးရိမ်နေကြောင်း” ဖော်ပြထားတယ်။

နောက်နောင် အလားတူချိုးဖောက်မှုမျိုး မဖြစ်ပေါ်အောင် “ယေဟောဝါသက်သေတွေကို ပိတ်ပင်ခြင်း၊ ရာဇဝတ်မှုနဲ့ တရားစွဲခြင်းမှာ ရုရှား အသုံးပြုနေတဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ဥပဒေ” ကို ပြင်ဆင်ဖို့လည်း တိုက်တွန်းတယ်။ ဒါ့အပြင် “ပိတ်ပင်မှုကို ဖျက်သိမ်းပေးဖို့၊ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်ကြတဲ့ ယေဟောဝါသက်သေတွေကို ရာဇဝတ်မှုနဲ့တရားစွဲဆိုခြင်းကို ရပ်တန့်ပေးဖို့” တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စတွေကို ရုရှား လိုက်နာခြင်းရှိမရှိ ၂၀၂၁ မှာ ကော်မတီက ပြန်သုံးသပ်ပါမယ်။

၂၀၁၇ ကစပြီး ရုရှားနဲ့ ခရိုင်းမီးယားက ညီအစ်ကို/မ ၄၀၀ ကျော်ဟာ အစွန်းရောက်တွေအဖြစ် မတရား စွဲချက်တင်ခံရပါပြီ။ ရုရှားနိုင်ငံက မြို့ပေါင်း ၇၀ ကျော်မှာ သက်သေခံ ၂၁၀ ကျော် ထောင်ကျနေတယ်။

စိတ်ရှည်ရှည်နဲ့ ခံရပ်နိုင်အောင် ညီအစ်ကို/မတွေကို ကူညီပေးဖို့ “ယေဟောဝါဘုရားရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်း” ပေးနေပါတယ်။—ဆာလံ ၂၀:၂၊