မာတိကာဆီ ကျော်သွား

ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အမြဲတမ်း ကောင်စီ အခြေစိုက်ရာ ဗီယင်နာမြို့၊ ဟို့ဖ်ဘတ် အိမ်တော်

ဩဂုတ် ၁၁၊ ၂၀၂၀
ရုရှား

ယေဟောဝါသက်သေတွေကို အကွက်ချစီစဉ် နှိပ်စက်မှုအတွက် ရုရှားကို အမေရိကန်နဲ့ ဥရောပအရာရှိတွေ ပြစ်တင်ရှုတ်ချ

ယေဟောဝါသက်သေတွေကို အကွက်ချစီစဉ် နှိပ်စက်မှုအတွက် ရုရှားကို အမေရိကန်နဲ့ ဥရောပအရာရှိတွေ ပြစ်တင်ရှုတ်ချ

အမေရိကန်နဲ့ ဥရောပနိုင်ငံ ၃၀ နီးပါးက ရုရှားမှာ ကျွန်တော်တို့ ညီအစ်ကိုတွေကို အကွက်ချစီစဉ် နှိပ်စက်ညှဉ်းပန်းနေတာကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တယ်။ ၂၀၂၀၊ ဇူလိုင် ၂၃ မှာ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အမြဲတမ်း ကောင်စီ a ကြီးမှူးကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ရုရှားကို နိုင်ငံတကာက အခုလို ပြစ်တင်ရှုတ်ချလိုက်တာ ဖြစ်တယ်။

OSCE အဖွဲ့ဝင် ယူအက်စ် မစ်ရှင် နိုင်ငံရေး အတိုင်ပင်ခံ မစ္စ လိန်း ဒါနယ် ဘားက အစည်းအဝေး တက်ရောက်လာတဲ့ အရာရှိတွေကို ဒီလိုပြောတယ်– “ရုရှား ရဲတပ်ဖွဲ့တွေက ယေဟောဝါသက်သေ နေအိမ်တွေကို ဝင်ရောက်စီးနင်းတယ်။ မတရား ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်ညှဉ်းပန်းတယ်။ ခြောက်နှစ်အထိ ထောင်ချတယ်။ ဒီသတင်းတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဒီခန်းမထဲ ရောက်ရှိနေသူတွေက ရုရှား အစိုးရကို ပြစ်တင်ရှုတ်ချတယ်၊ ဆက်ပြီးတော့လည်း ပြစ်တင်ရှုတ်ချနေဦးမှာပါ။”

မကြာသေးခင်က ဗိုရိုနာ့ဇ်ဒေသမှာ ရှိတဲ့ ယေဟောဝါသက်သေ နေအိမ် ၁၀၀ ကျော်ကို ရုရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်းတဲ့ သတင်းတွေ ကြားရလို့ အရာရှိတွေ စိုးရိမ်မကင်း ဖြစ်နေကြတယ်။ “ငြိမ်းချမ်းစွာ ဝတ်ပြုနေတဲ့ ဘာသာရေးအုပ်စုလေးကို အခုလို နှိပ်စက်ညှဉ်းပန်းနေတာ တကယ် ထိတ်လန့်စရာပဲ” လို့ မစ္စ ဘား ပြောတယ်။

ဗြိတိန်နိုင်ငံ (UK) လက်ထောက် ကိုယ်စားလှယ် မစ္စ နီကိုလာ မာရေးကလည်း “တိုးများလာတဲ့ ဝင်ရောက်ရှာဖွေမှုတွေ၊ အိမ်များစွာကို တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းမှုတွေက ယေဟောဝါသက်သေတွေကို နှိပ်စက်ဖို့ အကွက်ချစီစဉ်မှုဖြစ်ကြောင်း သိသာလို့” စိုးရိမ်မိတယ်၊ “ဘာသာရေး လုပ်ဆောင်မှုတွေမှာ ယေဟောဝါသက်သေတွေ ပုံမှန်ပါဝင်တာကို ‘အထောက်အထား’ လို့ပြောပြီး စစ်ဆေးကြ၊ နှိပ်စက်ညှဉ်းပန်းနေကြတယ်” လို့ ပြောတယ်။

ဒါ့အပြင် မစ္စ ဘားက “လျှို့ဝှက်လုပ်ဆောင်မှု” ကြောင့် ယေဟောဝါသက်သေတွေကို ထောင်ချတာပါဆိုတဲ့ ဗိုရိုနာ့ဇ် အာဏာပိုင်တွေရဲ့ စွပ်စွဲချက် မှားကြောင်း ထောက်ပြတယ်။ သူတို့ပြောတဲ့ လျှို့ဝှက်လုပ်ဆောင်မှုမှာ မှတ်တမ်းမှတ်ရာတွေကို အီလက်ထရောနစ် ပုံစံနဲ့ သိမ်းထားခြင်း၊ အုပ်စုဖွဲ့ခြင်း၊ အစည်းအဝေး ကျင်းပဖို့ ဗီဒီယို ချိတ်ဆက်ခြင်းတို့ ပါဝင်တယ်။ ရုရှား အာဏာပိုင်တွေရဲ့ ဒီစွပ်စွဲချက်ဟာ “အဓိပ္ပာယ် မရှိဘူး၊ ရှက်စရာကောင်းတယ်” လို့ မစ္စ ဘား ပြောတယ်။ “ကျွန်မဆိုရင် အဲဒီ ‘လျှို့ဝှက်လုပ်ဆောင်မှုတွေ’ ကို နေ့တိုင်း လုပ်နေတာ” လို့လည်း ပြောတယ်။ ဒီအတိုင်းသာဆိုရင် OSCE အစည်းအဝေးကို ရုရှားကိုယ်စားလှယ်တွေ အဝေးက ချိတ်ဆက် တက်ရောက်တာလည်း “လျှို့ဝှက်လုပ်ဆောင်မှုနဲ့ ငြိစွန်းနေပြီ” လို့ ထောက်ပြသွားတယ်။

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံ၊ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံ ရှစ်နိုင်ငံတို့ တင်သွင်းကြတဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်မှာ အခုလို ဖော်ပြထားတယ်– “ရုရှားကိုယ်စားလှယ်အဖွဲ့က အမြဲတမ်းကောင်စီ အစည်းအဝေးမှာ ယေဟောဝါသက်သေတွေ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်နိုင်ကြောင်း၊ ရုရှားဖယ်ဒရေးရှင်းက ဘာသာရေး လွတ်လပ်ခွင့် ပေးထားကြောင်း တစ်ကြိမ်ထက်မက ပြောဆိုတာ ကြားသိရတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်ထဲ ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ရာဇဝတ်မှုနဲ့ စစ်ကြောခြင်းအကြောင်းတွေ ဆက်တိုက် ကြားနေရတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့ ပြောတာနဲ့ တခြားစီ ဖြစ်နေတယ်။”

အီးယူကိုယ်စားလှယ်က ဒီလို ပြောတယ်– “ရုရှား ဖယ်ဒရေးရှင်းရဲ့ အခြေခံ ဥပဒေအရ၊ နိုင်ငံတကာ ဥပဒေနဲ့အညီ OSCE မှာ ပြုခဲ့တဲ့ ရုရှားရဲ့ ကတိကဝတ်အရ ယေဟောဝါသက်သေတွေ အပါအဝင် လူတိုင်းဟာ ဘာသာရေး ခွဲခြားဆက်ဆံမှု မရှိဘဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပေါင်းသင်းစည်းဝေးခွင့်၊ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့်စတဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့်ရှိနေရမယ်။”

ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းနေတာ ရပ်တန့်ပေးဖို့ ရုရှားကို မေတ္တာရပ်ခံရင်း မစ္စ မာရေးက ဗြိတိန်နိုင်ငံရဲ့ ထုတ်ပြန်ချက်ကို နိဂုံးချုပ်တယ်။

မစ္စ ဘားကလည်း (၁) ယေဟောဝါသက်သေတွေကို ရာဇဝတ်မှုနဲ့ စစ်ကြောမေးမြန်းတာတွေ ရပ်တန်းက ရပ်ဖို့၊ (၂) ရုရှားက ယေဟောဝါသက်သေ အဖွဲ့အစည်းပိုင်ဆိုင်ရာတွေ ပြန်ပေးဖို့၊ (၃) ထောင်ကျနေတဲ့ သက်သေခံအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားအစိုးရကို တိုက်တွန်းတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို နှိပ်စက်မှုအတွက် ရုရှားကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချတာ ဒါ ဦးဆုံးအကြိမ်တော့ မဟုတ်ဘူး။ သတိလည်း ပေးခံရပြီးပြီ။ ညီအစ်ကို/မတွေကို ရုရှား အစိုးရ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းနေမှန်း နိုင်ငံတကာ သိပါတယ်။ အရေးကြီးဆုံးကတော့ ရုရှားက ညီအစ်ကို/မတွေ ဘာတွေ ကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနေပါတယ်။ (ဆာလံ ၃၇:၁၈) ညီအစ်ကို/မတွေရဲ့ သစ္စာရှိမှု၊ ရဲစွမ်းသတ္တိ၊ ခံနိုင်ရည်အတွက် မေတ္တာရှင် ကောင်းကင်အဖ ဆက်ကောင်းချီးပေးမှာ သေချာတယ်။—ဆာလံ ၃၇:၅၊ ၂၈၊ ၃၄

a OSCE ရဲ့ တာဝန်တစ်ခုက လူ့အခွင့်အရေးကို ကာကွယ်ဖို့ပါ။ OSCE အမြဲတမ်း ကောင်စီက ဆုံးဖြတ်ချက်တွေ ချလေ့ရှိတယ်။