ဩဂုတ် ၇၊ ၂၀၁၉
ရုရှား
ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ရုရှားရဲတွေ ဝင်ရောက်စီးနင်းမှု ၆၀၀ ကျော်အထိ တိုးများလာ
လွန်ခဲ့တဲ့ ၁၈ လအတွင်း ဒေသခံရဲတွေနဲ့ ရုရှားဖယ်ဒရယ် လုံခြုံရေးဌာနက (FSB) ရဲသားတွေဟာ ညီအစ်ကို၊ ညီအစ်မတွေရဲ့အိမ် ၆၁၃ လုံးကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အာဏာပိုင်တွေဟာ ၂၀၁၉၊ ဇန်နဝါရီလကနေ အခုချိန်အထိ အိမ် ၃၃၂ လုံးကို ဝင်ရောက်စီးနင်းကြတဲ့အတွက် ၂၀၁၈ တစ်နှစ်လုံး နေအိမ်ဝင်ရောက်စီးနင်းမှု ၂၁၈ ခုထက် အတော်လေးပိုများနေပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့အိမ်တွေကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းမှုဟာ မကြာသေးခင် လတွေအတွင်း ပိုများလာပါတယ်။ ဇွန်လမှာ ၇၁ မှု၊ ဇူလိုင်လမှာ ၆၈ မှုရှိခဲ့ပြီး ၂၀၁၈ ခုနှစ် နေအိမ်ဝင်ရောက်စီးနင်းမှု လစဉ်ပျမ်းမျှ ၂၃.၄ နဲ့ယှဉ်ကြည့်ရင် ရာခိုင်နှုန်း ပိုများလာတယ်။
ရဲတွေဟာ အိမ် ဒါမှမဟုတ် တိုက်ခန်းကို ဝင်ရောက်စီးနင်းတဲ့အခါ များသောအားဖြင့် လက်နက်ကိုင်ထားပြီး မျက်နှာဖုံး တပ်ထားကြတယ်။ အိမ်ထဲရောက်တာနဲ့ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေကို ဆက်ဆံသလိုမျိုး ကလေးတွေ၊ အသက်ကြီးသူတွေ အပါအဝင် ယေဟောဝါသက်သေတွေရဲ့ မျက်နှာကို သေနတ်နဲ့ ချိန်ကြတယ်။ ဒါက အံ့ဩစရာတော့ မဟုတ်ဘူး။ ဘာသာတရားနဲ့ အစိုးရကြား ဆက်ဆံရေးအကြောင်း လေ့လာမှုလုပ်တဲ့ တက္ကသိုလ်ဒါရိုက်တာဟောင်း ဒေါက်တာ ဒဲရက် အိတ်ချ်. ဒေဗစ်ရဲ့ ဒီစကားကို ပညာရှင်အတော်များများက သဘောတူကြတယ်– “အေးအေးချမ်းချမ်းနေထိုင်တဲ့ ယေဟောဝါသက်သေ အုပ်စုကို ရုရှားအစိုးရ ရန်မူနှိပ်စက်နေတာကမှ တကယ့် ‘အစွန်းရောက်’ လုပ်ရပ် ဖြစ်တယ်။”
ဝမ်းနည်းစရာက ဝင်ရောက်စီးနင်းမှုတွေ ပိုများလာတာနဲ့အမျှ ညီအစ်ကိုတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုမှုတွေလည်း ပိုများလာတယ်။ အခုဆိုရင် ရုရှားနဲ့ ခရိုင်းမီးယားမှာ ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတဲ့ ညီအစ်ကို၊ ညီအစ်မ ၂၄၄ ယောက်ရှိတယ်။ ၂၀၁၈၊ ဒီဇင်ဘာလတုန်းက ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံထားရတာ ၁၁၀ ပဲရှိတဲ့အတွက် အရေအတွက် နှစ်ဆကျော်သွားပြီ။ တရားစွဲဆိုခံထားရတဲ့ ညီအစ်ကို၊ ညီအစ်မ ၂၄၄ ယောက်ထဲက ၃၉ ယောက်ဟာ ထောင်ကျနေတယ်။ ၂၇ ယောက်က နေအိမ် အကျယ်ချုပ်နဲ့ နေရတယ်။ အယောက် ၁၀၀ ကျော်က ကန့်သတ်ချက် အမျိုးမျိုးအောက်မှာ ရှိနေကြပါတယ်။
ညီအစ်ကို၊ ညီအစ်မတွေဟာ ရုရှားအာဏာပိုင်တွေရဲ့ ပစ်မှတ် ဖြစ်နေကြပေမဲ့ ‘ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် မယိမ်းယိုင်’ သွားကြပါဘူး။ ယုံကြည်ခြင်းတူတဲ့ ညီအစ်ကို၊ ညီအစ်မတွေ ဆက်သစ္စာစောင့်သိနေကြတယ်၊ ခံရပ်နေကြတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ အားရှိကြတယ်။ သူတို့အတွက် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါဘုရား ဖြေကြားပေးနေတဲ့အတွက် ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ယေဟောဝါ ဆက်ကူညီမစမယ်ဆိုတာကိုလည်း ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၁ သက်သာလောနိတ် ၃:၃၊ ၇။