မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၊ ၂၀၁၇
ရုရှား

ယေဟောဝါသက်သေတွေ​အပေါ် ချမှတ်​တဲ့ ရုရှား​တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ​က တုံ့ပြန်ပုံ

ယေဟောဝါသက်သေတွေ​အပေါ် ချမှတ်​တဲ့ ရုရှား​တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ​က တုံ့ပြန်ပုံ

ရုရှား​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု​နဲ့​ပတ်သက်ပြီး ရုရှား​တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ​က အစိုးရ​အေဂျင်စီ​တွေ​နဲ့ တာဝန်​ရှိ​သူတွေက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့​ကြတယ်။ အဲဒီ​ထဲမှာ ဘာသာရေး​လုပ်ငန်းကို အေးဆေး​ငြိမ်သက်​စွာ လုပ်နေတဲ့ လူနည်းစု​အပေါ် တရား​မျှတမှု​မရှိဘဲ ပြင်းပြင်းထန်ထန် တရား​စီရင်တယ်​ဆိုပြီး ရုရှား​ကို ဝေဖန်​ခဲ့​ကြတယ်။

၂၀၁၇၊ ဇူလိုင် ၁၇ မှာ တရားသူကြီး သုံးယောက်​ပါတဲ့ အယူခံ​တရားရုံး​က တရားရုံးချုပ်ရဲ့ ဧပြီ ၂၀ ရက်​နေ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့​တယ်။ အဲဒီ​ဆုံးဖြတ်ချက်​အရ “‘ရုရှား​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​ဌာန’ နဲ့ တစ်နိုင်ငံလုံး​မှာ​ရှိတဲ့ သက်သေခံတွေရဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း​တွေကို ဖျက်သိမ်း​ဖို့၊ ဖျက်သိမ်း​လိုက်တဲ့ ဘာသာရေး​အဖွဲ့အစည်း​ပိုင် အားလုံးကို ရုရှား​ဖယ်​ဒ​ရေး​ရှင်း​ဆီ အပ်ဖို့” ဖြစ်တယ်။ ရုရှား​တစ်နိုင်ငံလုံး​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု​ကို တရားရုံး​က လုံးလုံး ပိတ်ပင်​လိုက်တယ်။

၂၀၁၇၊ ဇူလိုင် ၁၇ ရက် အယူခံ​တရားရုံး​ရဲ့ ဆုံးဖြတ်ချက်​အပြီး ထုတ်ပြန်ချက်​များ

ဧပြီ ၂၀ ရက်​နေ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်ရဲ့ အယူခံ​တရားရုံး​က ၂၀၁၇၊ ဇူလိုင် ၁၇ ရက်မှာ အတည်ပြု​ပြီးနောက် အဲဒါနဲ့​ပတ်သက်ပြီး သဘောထားတွေကို ထုတ်ပြန်​ကြတယ်။ အဲဒီ​အထဲက အောက်ပါ အချက်တွေကို ကောက်နုတ် ဖော်ပြ​လိုက်ပါ​တယ်–

“‘အစွန်းရောက်သူ​တွေ’ လို့ ယေဟောဝါ​သက်သေတွေကို သတ်မှတ်ပြီး သူတို့ အယူခံဝင်​တာ​ကို ရုရှား​တရားရုံးချုပ်​က ငြင်းပယ်​တဲ့​အတွက် ကျွန်တော်တို့ အကြီးအကျယ် စိုးရိမ်​မိ​ပါတယ်။ ဒီ​စီရင်ချက်​ကြောင့် ငြိမ်သက်​စွာ​ဝတ်ပြု​နေတဲ့ ရုရှား​နိုင်ငံသား ၁၇၅,၀၀၀ ကို ရာဇဝတ်သားတွေ​ဖြစ်စေပြီး ရုရှား​နိုင်ငံရဲ့ အခြေခံ​ဥပဒေ​မှာပါတဲ့ ဘာသာရေး​လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ​ရောက်​ပါတယ်။”​—ဝင်​ဘယ်​ဒန်​မြို့ရဲ့ လော​ဒ့် အာမက်၊ လူ့​အခွင့်အရေး​ဆိုင်ရာ​ဝန်ကြီး၊ နိုင်ငံ​ခြား​ရေးရာ​နဲ့ ဓန​သ​ဟာ​ရ​ရုံး၊ အင်္ဂလန်။https://www.gov.uk/government/news/minister-for-human-rights-statement-on-russian-supreme-court-ruling

“ယေဟောဝါသက်သေတွေ​နဲ့​ပတ်သက်ပြီး ဒီ​အပတ် ရုရှား​တရားရုံးချုပ် ချ​လိုက်တဲ့ ဆုံးဖြတ်ချက်​ဟာ ရုရှား​မှာ​ရှိတဲ့ လူနည်းစု ဘာသာရေး​အဖွဲ့​တွေကို နှိပ်စက်​လာ​ခဲ့​တာ အခု ယေဟောဝါသက်သေတွေ အလှည့်​ဖြစ်နေပြီ။ ရုရှား​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေ ပိတ်ပင်​တာ​ကို ပြန်ခွင့်​ပြု​ဖို့၊ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​ဌာန ပိတ်​လိုက်တာ​ကို ပြန်​ဖွင့်ပေး​ဖို့နဲ့ ‘အစွန်းရောက်’ လုပ်ဆောင်မှု ဆိုတဲ့ စွဲချက်​နဲ့ မတရား​ဖမ်းဆီး​ခံ​ထားရတဲ့ လူနည်းစု ဘာသာရေး​အဖွဲ့ဝင်တွေ​ကို ပြန်လွှတ်​ပေးဖို့ ရုရှား​အာဏာပိုင်တွေကို တိုက်တွန်း​ပါတယ်။”​—ဟဲ​သာ နာ​ဝါ့ဒ်၊ အမေရိကန်​ပြည်ထောင်စု​ရဲ့ ပြောရေးဆိုခွင့်​ရှိသူ။https://www.state.gov/r/pa/prs/ps/2017/07/272679.htm

“ရုရှား​နိုင်ငံရဲ့ နိုင်ငံတကာ ကတိကဝတ်​နဲ့ နိုင်ငံတကာ လူ့​အခွင့်အရေး​စံနှုန်းတွေ​အပါအဝင် ရုရှား​ဖယ်​ဒ​ရေး​ရှင်း​ရဲ့ ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​မှာ အာမခံ​ထားတဲ့​အတိုင်း တခြား​ဘာသာရေး အုပ်စု​တွေ​လို​ပဲ ယေဟောဝါသက်သေတွေ​ကိုလည်း အနှောင့်အယှက်​မရှိ ငြိမ်းချမ်း​စွာ​နဲ့ လွတ်လပ်​စွာ စုဝေး​ခွင့် ပေး​သင့်တယ်။”​—ဥရောပ​သမဂ္ဂ ပြည်ပ​ရေးရာ ဝန်ဆောင်မှု​များ​ရဲ့ ပြောရေးဆိုခွင့်​ရှိသူ။https://eeas.europa.eu/headquarters/headquarters-homepage/30022/statement-spokesperson-upheld-ban-activities-jehovahs-witnesses-russia_en

“အေးချမ်း​ငြိမ်​ဝပ်​စွာ ဝတ်ပြု​တာ​ကို အစွန်းရောက်​လုပ်ရပ်​လို့ တရားရုံးချုပ်​က ဆုံးဖြတ်​သတ်မှတ်​တာ​ဟာ ဝမ်းနည်းစရာပဲ။ သက်သေခံတွေဟာ အစွန်းရောက်​အုပ်စု မဟုတ်ဘူး။ သူတို့ဟာ အစိုးရရဲ့ ဖိနှိပ်မှု​မခံရ​ဘဲ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့် ရသင့်တယ်။”​ဒေနီယယ် မာ့ခ်၊ အမေရိကန်​ပြည်ထောင်စု​ရဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေး​လွတ်လပ်ခွင့် ကော်မရှင် ဥက္ကဋ္ဌ။http://www.uscirf.gov/news-room/press-releases/russia-jehovah-s-witnesses-banned-after-supreme-court-rejects-appeals

“ရုရှား​တရားရုံး​က ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​ဖို့ ဆုံးဖြတ်တာကို အတည်ပြု​လိုက်တဲ့​အတွက် ကျွန်တော် တကယ်​စိုးရိမ်​မိ​ပါတယ်။ မေတ္တာ​ရပ်ခံ​နေတဲ့​ကြား​က အခုလို လုပ်တာဟာ အေးချမ်း​စွာ၊ လွတ်လပ်​စွာ တွေးခေါ်​ခွင့်၊ ယုံကြည်​ခွင့်​ကို တိုက်ခိုက်​လိုက်တာပဲ။”​—ဂါ​နုတ် အာလာ။ ရုရှား၊ အာရှ​အလယ်ပိုင်း၊ အရှေ့ဘက် မိတ်ဖက်​နိုင်ငံ​များနဲ့ ပူးပေါင်း​ဆောင်ရွက်​ရေး ညှိနှိုင်းရေးမှူး၊ ဂျာမနီ​နိုင်ငံ​ခြား​ရေး ဝန်ကြီးဌာန။http://www.auswaertiges-amt.de/sid_5DAC942B7DE50BCC4AFCDFC864C2E383/EN/Infoservice/Presse/Meldungen/2017/170719-Ko_RUS-Zeugen_Jehovas.html

“ရုရှား​အသိုင်းအဝိုင်းမှာ အသိအမှတ်ပြု လက်ခံ​ပြီးသား ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​ဖို့ ဆုံးဖြတ်လိုက်​တာ​က အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်အရေး ကြေညာ​စာတမ်း​ရဲ့ အပိုဒ် ၁၈ ပါ လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​ကို လုံးဝ​ချိုးဖောက်ရာ​ရောက်တယ်။ . . . ဘာသာရေး​အုပ်စု​တိုင်း​ရှိ စိတ်ရင်းမှန်​သူတွေနဲ့ လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​ကို မြတ်နိုးသူ​အားလုံးဟာ ရုရှား​က ယေဟောဝါသက်သေတွေ​ဘက် စည်းစည်းလုံးလုံး ရပ်တည်​ပေး​သင့်တယ်။”​—ဒေါက်တာ က​က်ထ​ရီ​နာ လ​န်​တို စွက်။ လ​န်​တို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ။https://www.lantosfoundation.org/news/2017/7/17/lantos-foundation-condemns-russias-outrageous-decision-to-ban-jehovahs-witnesses

၂၀၁၇၊ ဧပြီ ၂၀ ရက်​နေ့​ရဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်​အပြီး ထုတ်ပြန်ချက်​များ

အယူခံ​တရားရုံး​က ဆုံးဖြတ်ချက်​မချခင်၊ ဧပြီ ၂၀ ရက်​နေ့မှာ​ချ​တဲ့ ရုရှား​တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရ​အေဂျင်စီ​နဲ့ အရာရှိ​အတော်များများ​က အပြစ်တင်​ကြတယ်–

“ဒီ​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေ အပါအဝင် လူနည်းစု အခွင့်အရေးတွေ ကာကွယ်​ပေးဖို့ သမ္မတ ဗလာဒီမာ ပူ​တင်​ကို ကျွန်မ တောင်းဆိုခဲ့တယ်။”​—ဝန်ကြီးချုပ် အိ​န်​ဂျ​လာ မာ​ကယ်။ သမ္မတ ပူ​တင်​နဲ့ သတင်းစာ​ရှင်းလင်း​ပွဲ​မှာ။http://uk.reuters.com/article/uk-russia-germany-putin-syria-idUKKBN17Y1JZ

“ရုရှား​တရားရုံးချုပ်​က ရုရှား​ဖယ်​ဒ​ရေး​ရှင်း​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​ဌာန​ကို အစွန်းရောက်​အဖွဲ့အစည်း​ဆိုပြီး ကြေညာ​တာ၊ သက်သေခံတွေရဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း ၃၉၅ ခု​ကို ပိတ်​လိုက်​လာတာ​က ရုရှား​မှာ လွတ်လပ်​စွာ ကိုးကွယ်ခွင့် ရှိ​မှ​ရှိရဲ့လား​လို့ စိုးရိမ်​မိတယ်။ လွတ်လပ်​စွာ ပြောဆိုခွင့်၊ လွတ်လပ်​စွာ စည်းဝေး​ခွင့်​ကို ပိတ်ပင်​ဖို့ အစွန်းရောက်​တားဆီးရေး ဥပဒေ​ကို အလွဲသုံးစား​လုပ်လိုက်​တဲ့ နမူနာ​တစ်ခု​ဖြစ်တယ်။”​—သီအိုဒေါ​ရာ ဘိုကာယန်​နစ် နဲ့ လီ​လီယန် မော​ရီ ပါ​စ​ကူ​ရာ။ ရုရှား​ဖယ်​ဒ​ရေး​ရှင်း စောင့်ကြည့်​လေ့လာရေး​ကော်မတီ PACE ရဲ့ သတင်းထောက်​များ။http://assembly.coe.int/nw/xml/News/News-View-EN.asp?newsid=6599

“ရုရှား​က ဘာသာရေး​လွတ်လပ်ခွင့်​ပေးဖို့ ပျက်ကွက်​တာ​ဟာ မော်​စ​ကို ဥရောပ လုံခြုံရေး​နှင့် ပူးပေါင်း​ဆောင်ရွက်​ရေး​အဖွဲ့ (အို​အက်စ်​စီအီး) ရဲ့​ကတိ​တွေကို ပျက်ကွက်​တာ​ပဲ။ ငြိမ်သက်​စွာ ဝတ်ပြု​ကိုးကွယ်သူတွေကို နှောင့်ယှက်၊ ဒဏ်​ရိုက်၊ ထောင်ချတာတွေ မပြု​သင့်​ဘူး။ ယေဟောဝါ​သက်သေ အဖွဲ့အစည်း​ပိုင် ပစ္စည်းတွေကို သိမ်းဆည်း​တာ​က ထပ်ဆင့်​ကျူးလွန်တဲ့ မတရားမှု ဖြစ်တယ်။ ဒီ​အမှုကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံးမှာ အယူခံဝင်​သင့်တယ်။”​—လွှတ်တော်​အမတ် ရော်​ဂျာ ဝစ်​ကာ။ ဥရောပ လုံခြုံရေး​နဲ့ ပူးပေါင်း​ဆောင်ရွက်​ရေး ကော်မရှင် ဥက္ကဋ္ဌ။http://csce.emailnewsletter.us/mail/util.cfm?gpiv=2100141660.2454.614

“ရုရှား​ဖယ်​ဒ​ရေး​ရှင်း တရားရုံးချုပ်ရဲ့ ယ​မ​န်​နေ့​က ဆုံးဖြတ်ချက်​ဟာ ရုရှား​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​ဌာန​လုပ်ငန်းတွေကို ‘အစွန်းရောက်မှု’ ဆိုပြီး ပိတ်ပင်​လိုက်တာ​ကြောင့် ယေဟောဝါ​သက်သေတွေဟာ ဝတ်ပြုရေး​နဲ့​ဆိုင်တဲ့ လုပ်ရပ်​ကို​လုပ်တာ​နဲ့ ရာဇဝတ်သားတွေ​အဖြစ် တရားစွဲ​ခံရ​တော့​မယ်။ ရုရှား​နိုင်ငံရဲ့ နိုင်ငံတကာ ကတိကဝတ်​နဲ့ နိုင်ငံတကာ လူ့​အခွင့်အရေး​စံနှုန်းတွေ​အပါအဝင် ရုရှား​ဖယ်​ဒ​ရေး​ရှင်း​ရဲ့ ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​မှာ အာမခံ​ထားတဲ့​အတိုင်း ယေဟောဝါသက်သေတွေ အပါအဝင် တခြား ဘာသာရေး​လူနည်းစု​တွေဟာ အနှောင့်အယှက်​မရှိဘဲ ငြိမ်သက်​စွာ စည်းဝေး​ခွင့် ရရှိ​သင့်တယ်။”​—ဥရောပ​သမဂ္ဂ ပြည်ပ​ရေးရာ ဝန်ဆောင်မှု​များ​ရဲ့ ပြောရေးဆိုခွင့်​ရှိသူ။https://eeas.europa.eu/headquarters/headquarters-homepage/24870/statement-ban-activities-jeho

“ရုရှား​နိုင်ငံမှာ ငြိမ်သက်​စွာ ဝတ်ပြု​နေကြ​တဲ့ ယေဟောဝါ​သက်သေတွေကို တရားမဝင်​တဲ့​အဖွဲ့​ဆိုပြီး နိုင်ငံက​နေ လုံးဝ​ဖယ်ရှား​ပစ်ဖို့ ကြိုးစားတာ​ကို ကျွန်တော် တကယ့်ကို စိုးရိမ်​မိ​ပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်​က ဒီ​မို​က​ရေ​စီ​ရဲ့ စံနှုန်းတွေကို ခြိမ်းခြောက်​လိုက်တာပဲ။”​—မိုက်ကယ် ဂျော့ လင့်ခ်။ ဒီမိုကရက်တစ် အဖွဲ့အစည်း​များနဲ့ လူ့​အခွင့်အရေး​များ​အတွက် အို​အက်စ်​စီအီး​ရုံး ဒါရိုက်တာ။http://www.osce.org/odihr/313561

“ဒီလို ငြိမ်သက်​စွာ ဝတ်ပြု​ကိုးကွယ်တဲ့​သူတွေကို ပိင်​ပင်၊ နှိပ်စက်တာ​က နိုင်ငံတကာ လူ့​အခွင့်အရေး​စံနှုန်း​နဲ့ ဘာသာရေး အခြေခံ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ​ရောက်သလို ရုရှား​ဖယ်​ဒ​ရေး​ရှင်း​ရဲ့ အခြေခံ​ဥပဒေ​ကိုလည်း ချိုးဖောက်ရာ​ရောက်တယ်။ ဒီ​ကိစ္စ​ကို အမြန်ဆုံး ပြန်​သုံးသပ်​ပေးဖို့ လိုအပ်​နေပြီ။”​—ပါမောက္ခ အင်​ဂါ​ဘော့ ဂါ​ဘရီ​ယယ်။ လူမျိုးရေး​တိုက်ခိုက်မှု၊ လူမျိုးရေး​မုန်းတီးမှု၊ ခွဲခြား​ဆက်ဆံမှု တိုက်ဖျက်ရေး အို​အက်စ်​စီအီး​ရုံး ကိုယ်စားလှယ်။http://www.osce.org/odihr/313561

“ယေဟောဝါ​သက်သေတွေကို ‘အစွန်းရောက်သူ​တွေ’ ဆိုပြီး ရုရှား​တရားရုံးချုပ်​က ဆုံးဖြတ်တာကို ကျွန်မ ထိတ်လန့်​သွားတာ​ပဲ။ ဒီ​ဆုံးဖြတ်ချက်​ဟာ ရုရှား​နိုင်ငံသား ၁၇၅,၀၀၀ ရဲ့ ဝတ်ပြုမှု​ကို တရားမဝင်​ဖြစ်စေ​သလို ရုရှား အခြေခံ​ဥပဒေ​ထဲမှာ​ပါတဲ့ လွတ်လပ်​စွာ ဝတ်ပြု​ကိုးကွယ်ခွင့်​ကို ချိုးဖောက်တာပဲ။ ဒီ​အခြေခံ​လွတ်လပ်ခွင့်​ဆိုတဲ့ နိုင်ငံတကာ ကတိကဝတ်​ကို ရုရှား​အစိုးရ လိုက်နာ​ဖို့ ယူကေ​က တိုက်တွန်း​ပါတယ်။”​—ဘယ်​ရွန်​နက်​စ် ဂျွက်စ် အန်​န​လေ။ ဓနသဟာယ ပြည်နယ်​ဝန်ကြီး​ဟောင်း၊ ကုလသမဂ္ဂ နိုင်ငံ​ခြား​ရေး​နှင့် ဓနသဟာယ​ရုံး ဝန်ကြီး​ဟောင်း။https://www.gov.uk/government/news/minister-for-human-rights-criticises-russian-supreme-court-ruling-for-labelling-jehovahs-witnesses-as-extremist

ရုရှား တရားရုံးချုပ် ဆုံးဖြတ်ချက်ကို နိုင်ငံတကာ​က အပြစ်တင်​ဝေဖန်​ကြ

၂၀၁၇၊ ဇူလိုင် ၂၀ ရက်မှာ အို​အက်စ်​စီအီး အမြဲတမ်း​ကောင်စီ​က ဥရောပ​သမဂ္ဂ (အီး​ယူ) ရဲ့ ထုတ်ပြန်ချက်​ကို ထောက်ခံ​ခဲ့တယ်။ အဲဒီ​ထုတ်ပြန်ချက်​မှာ “ရုရှား​နိုင်ငံရဲ့ နိုင်ငံတကာ ကတိကဝတ်​နဲ့ နိုင်ငံတကာ လူ့​အခွင့်အရေး​စံနှုန်းတွေ​အပါအဝင် ရုရှား​ဖယ်​ဒ​ရေး​ရှင်း​ရဲ့ ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​မှာ အာမခံ​ထားတဲ့​အတိုင်း” ရုရှား​နိုင်ငံက ယေဟောဝါ​သက်သေတွေကို “အနှောင့်အယှက်​မရှိ ငြိမ်းချမ်း​စွာ​နဲ့ လွတ်လပ်​စွာ စုဝေး​ခွင့် ပေး​သင့်တယ်” လို့​ဆိုတယ်။ အီး​ယူ​အဖွဲ့ဝင် ၂၈ နိုင်ငံ​စ​လုံး​နဲ့ အီး​ယူ​အဖွဲ့ဝင်​မဟုတ်တဲ့ ဩစတြေးလျ၊ ကနေဒါ၊ နော်​ဝေး နိုင်ငံတွေက​လည်း အဲဒီ​ထုတ်ပြန်ချက်​ကို တညီတညွတ်တည်း ထောက်ခံတယ်။https://eeas.europa.eu/sites/eeas/files/pc_1155_eu_jehovahs_witnesses_in_russia.pdf

ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါ​သက်သေတွေဟာ ရုရှား​ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်​ကြောင့် စိတ်ပျက်​သွားတယ်။ အကြောင်း​က ရုရှား​တရားရုံးချုပ်​က သူတို့ရဲ့ ဝတ်ပြုမှု​ကို တစ်နိုင်ငံလုံး​မှာ ပိတ်ပင်​လိုက်လို့​ဖြစ်တယ်။ ယေဟောဝါ​သက်သေတွေကို “အစွန်းရောက်သူ​တွေ” လို့ မတရား​သဖြင့် ကြေညာ​လိုက်တာ​ဟာ ရုရှား အခြေခံ​ဥပဒေ​ကို​ရော နိုင်ငံတကာ ကတိကဝတ်​တွေကို​ပါ ဥပေက္ခာပြု​ရာ​ရောက်တယ်လို့ နိုင်ငံတကာ အစိုးရ​အေဂျင်စီ​နဲ့ အရာရှိတွေ​ရဲ့ တုံ့ပြန်​ချက်​တွေ​ထဲမှာ ဖော်ပြ​ထားတယ်။ ဒီ​အမှုကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံး ဆုံးဖြတ်​စီရင်​တဲ့အခါ တစ်နိုင်ငံလုံး​မှာ ပိတ်ပင်​ထားတာကို ဖျက်သိမ်း​ပေးမယ်လို့ မျှော်လင့်​ပါတယ်။