ဇူလိုင် ၉၊ ၂၀၂၀
ရုရှား
ရုရှားက ညီအစ်ကို ယေ့ဂျနီ စပရင်း ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရဖွယ်ရှိ
အိုင်ဗန်နိုပြည်နယ်၊ ဖာမန်နို့စကီမြို့ တရားရုံးက ညီအစ်ကို ယေ့ဂျနီ စပရင်းရဲ့ အမှုအတွက် ပြစ်ဒဏ်စီရင်ချက်ကို ၂၀၂၀၊ ဇူလိုင် ၁၄ နောက်ဆုံးထားပြီး ကြေညာပါမယ်။ ညီအစ်ကို စပရင်းကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ဖို့ အစိုးရရှေ့နေက တောင်းဆိုထားတယ်။
အသက် ၃၄ နှစ်အရွယ် ညီအစ်ကို စပရင်းဟာ “အစွန်းရောက်” အဖွဲ့အစည်းရဲ့ လုပ်ငန်း စီစဉ်ဆောင်ရွက်မှုနဲ့ စွပ်စွဲခံရတယ်။ ၂၀၁၉၊ ဇန်နဝါရီ ၂၁ မှာ ဒေသန္တရ ဖယ်ဒရယ်လုံခြုံရေးဌာန (FBS)၊ စုံစမ်းစစ်ဆေးသူက အမှုကို စတင် တင်သွင်းတယ်။ ခြောက်ရက်အကြာမှာ ညီအစ်ကို စပရင်းနဲ့ ဇနီး နာတာလီယာရဲ့ နေအိမ်ကို FBS အေးဂျင့်တွေ ဝင်ရောက်စီးနင်းကြတယ်။ အိုင်ဗန်နိုပြည်နယ်၊ အက်ယာဘာစကီ ခရိုင်တရားရုံးက ညီအစ်ကို စပရင်းကို ယေဟောဝါသက်သေ ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ နှစ်လကြာ ဖမ်းချုပ်ထားဖို့ အမိန့်ချတယ်။ ဖမ်းဆီးထိန်းသိမ်းတဲ့ကာလကို အကြိမ်ကြိမ် ထပ်တိုးတယ်။
ညီအစ်ကို စပရင်းကို စုံစမ်းမေးမြန်းခြင်းမရှိဘဲ ရက်ပေါင်း ၁၆၀ ချုပ်ထားပြီးနောက် ၂၀၁၉၊ ဇူလိုင် ၅ မှာ ပြန်လွတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။ ၂၀၁၉၊ ဒီဇင်ဘာ ၁၈ မှာ အိုင်ဗန်နိုပြည်နယ်၊ အက်ယာဘာစကီ ခရိုင်တရားရုံးက ညီအစ်ကို စပရင်းကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးဖို့ အမိန့်ချတယ်။ ဘာကန့်သတ်ချက်မှ ထပ်မပေးဘူး။
ယုံကြည်ချက်ကြောင့် နှိပ်စက်ခံနေရတဲ့ ရုရှားက ညီအစ်ကိုအားလုံးနဲ့အတူ မေတ္တာရှင်ဖခင် ယေဟောဝါ ရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချရင်း ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—၁ ပေတရု ၄:၁၄။