မာတိကာဆီ ကျော်သွား

အပေါ်ဘက်မှ လက်ယာရစ်သို့။ ညီအစ်ကို အန်ဒရီ တဘကို့ဗ်၊ ညီအစ်ကို မီခေးလ် ဇီလန်စကီ၊ ညီအစ်ကို မိုင်စင်တို့မောင်နှံ၊ ညီအစ်ကို အလက်ဆန်ဒါ ဂါနင်၊ ညီအစ်ကို ခိုရန် ခါချိရန်

အောက်တိုဘာ ၂၊ ၂၀၂၀
ရုရှား

ရုရှားက ညီအစ်ကို လေးဦးနဲ့ မောင်နှံတစ်စုံ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရဖွယ်ရှိ

ရုရှားက ညီအစ်ကို လေးဦးနဲ့ မောင်နှံတစ်စုံ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရဖွယ်ရှိ

စီရင်ချက် ချမယ့်အချိန်

၂၀၂၀၊ အောက်တိုဘာ ၅ ရက်မှာ a အူလီယနာ့မြို့၊ ဇက်ဗီရာ့စကီခရိုင် တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ဂါနင်၊ ခိုရန် ခါချိရန်၊ အန်ဒရီ တဘကို့ဗ်၊ မီခေးလ် ဇီလန်စကီ၊ ညီအစ်ကို ဆာဂေး မိုင်စင်နဲ့ ဇနီး နာတာလီယာတို့ရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ သူတို့အားလုံး ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိ အသီးသီး ကျခံရဖွယ် ရှိတယ်။ သူတို့ပိုင်ဆိုင်တဲ့ ရူဘယ် ၁.၅၇ သန်း (ယူအက်ဒေါ်လာ ၂၀,၀၀၀) တန်ဖိုးရှိ ငွေတွေ၊ ကားတွေကို သိမ်းဖို့လည်း အစိုးရရှေ့နေက တရားရုံးကို တောင်းဆိုထားပါတယ်။

ကိုယ်ရေးအကျဉ်း

အလက်ဆန်ဒါ ဂါနင်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၇ (အက်ခဘီ၊ ရှာခလင်ကျွန်း)

  • ဘဝအတ္ထုပ္ပတ္တိ။ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ အငြိမ်းစားယူထားသူ၊ ဥယျာဉ်စိုက်ပျိုးတာ ဝါသနာပါသူ

ခိုရန် ခါချိရန်

  • မွေးဖွားတဲ့နှစ်။ ၁၉၈၅ (ယီရီဗန်၊ အာမေးနီးယား)

  • ဘဝအတ္ထုပ္ပတ္တိ။ စီးပွားရေးဘွဲ့ ရထားတယ်။ လူငယ်ဘဝက နပန်းသတ်ပြိုင်ပွဲ ဝင်ဖူးတယ်။ သဘောကောင်းတဲ့ လူရည်မွန်လေးပါ

  • ဘုရားအကြောင်း သိချင်လို့၊ ဘုရားပညတ် လိုက်နာချင်လို့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကျမ်းစာရဲ့ ယုတ္တိရှိမှု၊ ရှေ့နောက် ညီညွတ်မှုကို သဘောကျသူပါ

ဆာဂေး မိုင်စင်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၅ (ကူလီဘာကီ၊ နိဇ်နီ နို့ဗ်ဂိုရော့ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ အင်ဂျင်နီယာဖြစ်ဖို့ ပညာသင်နေချိန် နာတာလီယာနဲ့ တွေ့ပြီး ၁၉၉၁ ခုနှစ်မှာ လက်ထပ်လိုက်ကြတယ်။ ယေဟောဝါကို အတူဝတ်ပြုကိုးကွယ်လာတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကလေး နှစ်ယောက် ရှိတယ်။ အားကစား ဝါသနာပါတယ်။ ထိပ်မှာ ပိုက်ကွန်တပ်ထားတဲ့ တုတ်တံရှည်နဲ့ ဘောလုံးလွှဲပစ်ကစားနည်းကို ကြိုက်တယ်

နာတာလီယာ မိုင်စင်နာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၁ (ယခု စိန့်ပီတာစဘတ်လို့ လူသိများတဲ့ လီနင်ဂရက်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ တပ်မိသားစုမှာ မွေးလာတယ်။ ဆေးဝါးကျွမ်းကျင်ဘွဲ့ မရခင် ဂျာမနီမှာ နေဖူးတယ်။ အချက်အပြုတ်၊ မုန့်ဖုတ် ဝါသနာပါတယ်

အန်ဒရီ တဘကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၃ (မင်နာ့၊ ဘယ်လာရုစ်)

  • ဘဝအတ္ထုပ္ပတ္တိ။ နည်းပညာပြန်ကြားရေးမှာ အလုပ်လုပ်တယ်။ ၂၀၀၆ ခုနှစ်မှာ မာရီးနာနဲ့ လက်ထပ်တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံလိုက်ကြတယ်။ လျှပ်စစ်ပိုင်း၊ ရေဒီယို ကွန်ပျူတာ ပြင်တာတွေ ဝါသနာပါတယ်

မီခေးလ် ဇီလန်စကီ

  • မွေးဖွားတဲ့နှစ်။ ၁၉၆၀ (ဘူလီစတီ၊ မော်လ်ဒိုဗာ)

  • ဘဝအတ္ထုပ္ပတ္တိ။ သင်္ဘောသား၊ ထရပ်ကားမောင်းသူ။ ဗရော်နီကာနဲ့ ၁၉၈၉ ခုနှစ်မှာ လက်ထပ်တယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ ကျမ်းစာ လေ့လာကြတယ်။ ယေဟောဝါကို ချစ်မြတ်နိုးလာပြီး နှစ်ခြင်းခံလိုက်ကြတယ်

အမှုနောက်ကြောင်း

လွန်ခဲ့တဲ့ သုံးနှစ်နီးပါးက ရုရှားဖယ်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ဟာ အူလီယနာ့မြို့မှာရှိတဲ့ ညီအစ်ကို/မတွေရဲ့ ဖုန်းကို ကြားဖြတ်နားထောင်တာ စတဲ့ အနီးကပ် စောင့်ကြည့်မှုတွေ လုပ်ခဲ့ကြတယ်။ ၂၀၁၉၊ ဖေဖော်ဝါရီ ၂၄ မှာ ညီအစ်ကို မိုင်စင်တို့မောင်နှံ၊ ညီအစ်ကို ခါချိရန်၊ တဘကို့ဗ်၊ ဇီလန်စကီတို့ကို FSB က ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်တယ်။

သုံးရက်ကြာပြီးနောက် မနက် ငါးနာရီမှာ ရဲတွေက ညီအစ်ကို ခါချိရန်၊ တဘကို့ဗ်၊ ဇီလန်စကီတို့ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းတယ်။ သူတို့ကို ဖမ်းဆီးပြီး အချုပ်ထဲထည့်ထားကြတယ်။ အဲဒီမနက်မှာပဲ ညီအစ်မ မိုင်စင်နာဆီ ဖုန်းဝင်လာတယ်။ ဖုန်းထဲကလူ ပြောတာက ညီအစ်မရဲ့ ကားပျက်သွားလို့ လင်မယားနှစ်ယောက်စလုံး အပြင်ထွက်လာပါတဲ့။ ညီအစ်ကို မိုင်စင် တံခါးလည်း ဖွင့်လိုက်ရော ရဲတွေ တိုက်ခန်းထဲ အတင်းဝင်လာပြီး မွှေနှောက်ရှာဖွေတော့တယ်။ အီလက်ထရောနစ်ပစ္စည်းတွေ သိမ်းလိုက်ပြီး နှစ်ယောက်စလုံးကို ဖမ်းဆီးလိုက်တယ်။

နောက်တစ်နေ့မှာ အူလီယနာ့မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို မိုင်စင်ကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ထားတယ်။ ညီအစ်မ မိုင်စင်နာနဲ့ ညီအစ်ကို သုံးယောက်ကို နေအိမ် အကျယ်ချုပ် ချလိုက်ကြတယ်။

ညီအစ်ကို မိုင်စင်ဟာ ၅၅ ရက် ဖမ်းချုပ်ခံရပြီး ၁၂၃ ရက် နေအိမ်အကျယ်ချုပ် နေရတယ်။ ညီအစ်မ မိုင်စင်နာ၊ ညီအစ်ကို ခါချိရန်၊ တဘကို့ဗ်၊ ဇီလန်စကီတို့လည်း ရက် ၅၀ နဲ့ ၅၅ ရက်ကြား အသီးသီး နေအိမ်အကျယ်ချုပ် ချခံရတယ်။

၂၀၁၉၊ မေလ ၁၅ ရက်မှာ FSB အဖွဲ့က ညီအစ်ကို ဂါနင်ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေပြီး ဖမ်းခေါ်သွားတယ်။ ယာယီအကျဉ်းထောင်မှာ နှစ်ရက် နေရတယ်။

အခု၊ ကြေညာသူ ခြောက်ယောက်စလုံး ကန့်သတ်ချက်တွေအောက် နေရတယ်။ အာဏာပိုင်တွေက တခြားနည်းတွေနဲ့ ဖိအားပေးနေတုန်းပါပဲ။ ဒေသခံအာဏာပိုင်တွေက ညီအစ်ကို မိုင်စင်တို့မောင်နှံကို ဘဏ်အကောင့်ထဲက ရူဘယ် ၅၀၀,၀၀၀ (ယူအက်ဒေါ်လာ ၆,၃၁၃)၊ ညီအစ်ကို တဘကို့ဗ်ကို ရူဘယ် ၆၀၀,၀၀၀ (ယူအက်ဒေါ်လာ ၇,၅၇၅) ထုတ်ယူခွင့် ပိတ်ထားတယ်။

ယုံကြည်ခြင်းစမ်းသပ်မှု ကြုံနေရတဲ့ ရုရှားက ညီအစ်ကို/မတွေအနေနဲ့ “ဘုရားသခင်ဟာ ငါတို့ရဲ့ခိုလှုံရာ၊ ငါတို့ရဲ့အစွမ်းခွန်အားပဲ။ ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပဲ” ဆိုတဲ့ ဆာလံကျမ်းစကားကနေ ခွန်အားရယူနိုင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်-—ဆာလံ ၄၆:၁

[အောက်ခြေမှတ်ချက်]

a အပြောင်းအလဲ ရှိနိုင်