မာတိကာဆီ ကျော်သွား

ညီအစ်ကို နီကိုလိုင် ကူဇစ်ရှကင် (ဘယ်)၊ ညီအစ်ကို ဗီယာချီစလာ့ ပိုဗို့ဗ်(ညာ)

ဒီဇင်ဘာ ၁၈၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို နီကိုလိုင် ကူဇစ်ရှကင်နဲ့ ဗီယာချီစလာ့ ပိုဗို့ဗ်တို့ကို စီရင်ချက်ချ

ရုရှားတရားရုံးက ညီအစ်ကို နီကိုလိုင် ကူဇစ်ရှကင်နဲ့ ဗီယာချီစလာ့ ပိုဗို့ဗ်တို့ကို စီရင်ချက်ချ

စီရင်ချက်

ဆိုချီမြို့၊ ဟို့စတင်စတီ ခရိုင်တရားရုံးက ညီအစ်ကို နီကိုလိုင် ကူဇစ်ရှကင်နဲ့ ညီအစ်ကို ဗီယာချီစလာ့ ပိုဗို့ဗ်တို့ကို ၂၀၂၀၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စီရင်ချက် ချလိုက်တယ်။ နီကိုလိုင်ကို ထောင်ဒဏ် တစ်နှစ်နဲ့ တစ်လ၊ ဗီယာချီစလာ့ကို တစ်နှစ်နဲ့ ဆယ်လ ပြစ်ဒဏ် ချမှတ်လိုက်တယ်။ ဒါပေမဲ့ သူတို့ကို စုံစမ်းစစ်ဆေးချိန် ချုပ်နှောင်ထားနှင့်ပြီးသား ဖြစ်တဲ့အတွက် အဲဒါကို ထောင်ဒဏ်အဖြစ် သတ်မှတ်တယ်။ ဗီယာချီစလာ့ကိုတော့ ချုပ်နှောင်ထားဆဲ ဖြစ်ပြီး တရားဝင် စီရင်ချက် ချပြီးတာနဲ့ လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်။ နီကိုလိုင်ကတော့ အကျယ်ချုပ်ကနေ လွတ်သွားပြီ။

ကိုယ်ရေးအကျဉ်း

နီကိုလိုင် ကူဇစ်ရှကင်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၁ (ကော့စထိုမာ ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဂီတကျောင်းပြီးနောက် စန္ဒယား သင်ပေးတဲ့ ဆရာအလုပ် စလုပ်ခဲ့တယ်။ ဇနီး အိုလ်ဂါနဲ့ သားသုံးယောက် ထွန်းကားခဲ့တယ်။ ကျွမ်းကျင်တဲ့ ပျားမွေးမြူရေးသမားတစ်ယောက်လည်း ဖြစ်တယ်

    ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာခဲ့တယ်။ ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံတာကို ကိုယ်တိုင် မြင်တွေ့ရတာက ၁၉၉၃ မှာ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ သူ့ကို လှုံ့ဆော်ပေးတယ်။

ဗီယာချီစလာ့ ပိုဗို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၄ (တောမ်စခ)

  • ဘဝတ္ထုပ္ပတ္တိ။ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့လို့ အိမ်တွင်း ဒီဇိုင်နာတစ်ယောက် ဖြစ်လာတယ်။ ဇနီးဖြစ်သူ ယူလီယာနဲ့ ကောလိပ်ကျောင်းမှာ ဆုံကြတယ်။ ၁၉၉၈ မှာ လက်ထပ်ပြီး သမီးတစ်ယောက်၊ သားနှစ်ယောက် ရလာတယ်။ ၂၀၁၀ မှာ ဆိုချီကို ပြောင်းသွားကြတယ်။ မိသားစုနဲ့ နှင်းလျှောစီးတာ၊ ပင်လယ်ကမ်းခြေ သွားရတာကို နှစ်သက်ကြတယ်။

    ယူလီယာဟာ ယေဟောဝါသက်သေတွေနဲ့ ဦးဆုံး ကျမ်းစာလေ့လာသူ ဖြစ်တယ်။ ဗီယာချီစလာ့ဟာ သူ့အဖေ ဆုံးသွားပြီးနောက် ကျမ်းစာကနေ နှစ်သိမ့်မှု ရပြီး၊ ၂၀၀၄ မှာ နှစ်ခြင်းခံခဲ့တယ်။

အမှုနောက်ကြောင်း

၂၀၁၉ အောက်တိုဘာ ၁၀ ရက်၊ ညနေခင်းမှာ လက်နက်ကိုင် လျှို့ဝှက်အရာရှိ အုပ်စုဟာ ခွေးတွေနဲ့အတူ ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ် ၃၆ လုံးကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။

ညီအစ်ကိုတွေရဲ့ အိမ်တွေကို ရှာဖွေနေတဲ့အချိန်မှာ လူငယ်ကော၊ လူကြီးပါ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်နေခဲ့ရတယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ၊ မှတ်စုစာအုပ်တွေအပြင် ပို့စကတ်တွေကိုပါ သိမ်းယူသွားကြတယ်။ တချို့အခြေအနေတွေမှာ အရာရှိတွေဟာ ပိတ်ပင်ထားတဲ့ စာပေတွေကို အိမ်တွေမှာ ထားပြီး ထောင်ဖမ်းကြတယ်။ ပြီးတော့ ညီအစ်ကို နီကိုလိုင် ကူဇစ်ရှကင်နဲ့ ညီအစ်ကို ဗီယာချီစလာ့ ပိုဗို့ဗ်တို့ကို ဖမ်းဆီးလိုက်ကြတယ်။ နောက်တစ်ရက်မှာ ညီအစ်ကိုနှစ်ယောက်စလုံးကို အချုပ်ထဲ ထည့်လိုက်တယ်။

ညီအစ်ကို ကူဇစ်ရှကင်ဟာ ကျန်းမာရေး ပြဿနာ ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ ဆေးကုသဖို့ တောင်းဆိုပေမဲ့ သူ့ရဲ့ အခြေအနေဟာ “ချုပ်နှောင်မထားရမဲ့ ရောဂါစာရင်း” နဲ့ ကိုက်ညီမှု မရှိဘူးလို့ သတ်မှတ်ပြီး တရားရုံး တာဝန်ရှိသူတွေ အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်။ ဒါ့အပြင် နီကိုလိုင်ကို ဆေးလိပ်သောက်တဲ့ အကျဉ်းသားတွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ ထားတဲ့အတွက် သူ့ရဲ့ ကျန်းမာရေး ပိုဆိုးလာတယ်။

ထောင်ထဲမှာ နီကိုလိုင်ရဲ့ အသက်အန္တရာယ် စိုးရိမ်နေရပေမဲ့ သူက “ဓာတ်မှန်က ကိုယ်ခန္ဓာအတွင်းပိုင်းကို ဖော်ပြပေးသလိုပဲ ထောင်ထဲမှာ နေရတာဟာ ခရစ်ယာန်တစ်ယောက်မှာ အရည်အချင်းကောင်းတွေ ရှိမရှိဆိုတာကို ဖော်ပြပေးတယ်” လို့ ပြောတယ်။ နီကိုလိုင်ဟာ ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်ဘူး။ အဲဒီအစား စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်နေတဲ့ တခြားအကျဉ်းသားတွေကို ကူညီဖို့ ကြိုးစားနေတဲ့ ငြိမ်သက်ပြီး ကြင်နာတတ်သူအဖြစ် လူသိများလာတယ်။

ချုပ်နှောင်သက်တမ်း ခြောက်ကြိမ် ထပ်တိုးပြီးနောက် ၂၀၂၀၊ ဧပြီ ၂၂ ရက်နေ့မှာ နီကိုလိုင်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးလိုက်တယ်။ သူ အတော့်ကို အားနည်းနေပြီး မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ပဲ။ နောက်ဆုံးမှာတော့ ဆေးကုသမှု ခံယူဖို့ ခွင့်ပေးခဲ့တယ်။

ဗီယာချီစလာ့ကိုတော့ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်သက်တမ်း ၁၄ ကြိမ် ထပ်တိုးခဲ့တယ်။ ဒါကြောင့် တစ်နှစ်ကျော် မိသားစုနဲ့ ခွဲနေရတယ်။

နီကိုလိုင်နဲ့ ဗီယာချီစလာ့တို့ တင်ပြတဲ့ ယုံကြည်ခြင်းလုပ်ရပ်၊ ယေဟောဝါရဲ့ အချုပ်အခြာအာဏာဘက် ရပ်တည်ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတာတွေကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ ဆာလံ ၁၆:၈ မှာပါတဲ့ စကားတွေအတိုင်း သူတို့ အသက်ရှင်ကြတယ်– “ယေဟောဝါဟာ ကျွန်တော့်ရှေ့မှာ အမြဲ ရှိနေတယ်။ ကျွန်တော့်ညာဘက်မှာ ဘုရား ရှိနေလို့ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး။”