မာတိကာဆီ ကျော်သွား

ဘယ်မှညာ– အန်ဒရေ မာဂလိ၊ ဗလာဒီမာ ကူယာစက်ဖ်၊ ဂါလီယာ အာလ်ဟားဗာ၊ တာတယာနာ အလူရှကီနာ၊ ဗလာဒီမာ အလူရှကင်၊ ဒန်နစ် တီမိုရှင်တို့ကို ၂၀၁၉၊ ဒီဇင်ဘာ ၅ ရက်နေ့တုန်းက လီနင်စကီ ခရိုင်တရားရုံးမှာ တွေ့ရစဉ်

ဒီဇင်ဘာ ၁၇၊ ၂၀၁၉
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို အလူရှကင်ကို ထောင်ဒဏ် ခြောက်နှစ်ချမှတ်၊ ကျန်တဲ့ ငါးယောက်ကို ခံဝန်ချက်နဲ့ လွတ်ထား

ရုရှားတရားရုံးက ညီအစ်ကို အလူရှကင်ကို ထောင်ဒဏ် ခြောက်နှစ်ချမှတ်၊ ကျန်တဲ့ ငါးယောက်ကို ခံဝန်ချက်နဲ့ လွတ်ထား

ပင်ဇာမြို့ လီနင်စကီ ခရိုင်တရားရုံးက ၂၀၁၉၊ ဒီဇင်ဘာ ၁၃၊ သောကြာနေ့ နံနက်မှာ ဗလာဒီမာ အလူရှကင်ကို ထောင်ဒဏ်ခြောက်နှစ် စီရင်ချက် ချလိုက်တယ်။ ချက်ချင်း လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားကြတယ်။ ဗလာဒီမာရဲ့ ဇနီး တာတယာနာ အပါအဝင် ကျန်တဲ့ ငါးယောက်လည်း အလားတူအမှုနဲ့ ရင်ဆိုင်နေကြရတယ်။ တရားရုံးက သူတို့ငါးယောက် (ညီအစ်ကို သုံးယောက်၊ ညီအစ်မ နှစ်ယောက်) ကို ခံဝန်ချက်နဲ့ လွတ်ထားပါတယ်။ ခံဝန်ချက်ချိုးဖောက်ရင် ထောင်ဒဏ်နှစ်နှစ်စီ ကျခံရမှာဖြစ်တယ်။ ပင်ဇာမြို့က ညီအစ်ကို၊ ညီအစ်မ ခြောက်ယောက်စလုံး အယူခံဝင်ကြပါလိမ့်မယ်။

အရင်ဖော်ပြခဲ့သလိုပဲ မျက်နှာဖုံးတပ်ထားပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲသားဆယ်ယောက်ခန့်ဟာ ၂၀၁၈၊ ဇူလိုင် ၁၅ ရက်နေ့မှာ ဗလာဒီမာ အလူရှကင်ကို အိမ်မှာ ဖမ်းဆီးခဲ့တယ်။ ရဲတွေဟာ အိမ်ကို လေးနာရီနီးပါး ရှာဖွေပြီးနောက် လက်ကိုင်ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ကျမ်းစာအုပ်တွေ၊ ကျမ်းစာအခြေပြု စာပေတွေကို သိမ်းယူလိုက်ကြတယ်။ ရဲတွေက အဲဒီနေ့မှာပဲ တခြား ယေဟောဝါသက်သေတွေရဲ့ အိမ်ငါးလုံးကိုလည်း ဝင်ရောက်စီးနင်းပြီး ညီအစ်ကို၊ ညီအစ်မ အယောက် ၄၀ ခန့်ကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်း ခေါ်သွားခဲ့ကြတယ်။

အာဏာပိုင်တွေက ညီအစ်ကို အလူရှကင်ကို ဒေသန္တရအကျဉ်းထောင်မှာ နှစ်ရက် ယာယီ ချုပ်ထားတယ်။ ပြီးတဲ့နောက် ပင်ဇာမြို့ ပါဗိုမိုင်စကီ ခရိုင်တရားရုံးက စုံစမ်းမေးမြန်းခြင်းမရှိဘဲ အကျဉ်းထောင် ပြောင်းပြီး နှစ်လ ချုပ်ထားဖို့ စီရင်ချက်ချလိုက်တယ်။ ခရိုင်တရားရုံးက ဗလာဒီမာ အလူရှကင်ရဲ့ ချုပ်နှောင်သက်တမ်းကို နှစ်ကြိမ် ထပ်တိုးခဲ့တယ်။ ထောင်ထဲမှာ ခြောက်လနီးပါး အချုပ်ခံရပြီးမှ ဒီဇင်ဘာ ၁၃၊ ပြစ်ဒဏ်စီရင်ချက် ချတဲ့အချိန်အထိ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်။

ညီအစ်ကို အလူရှကင်လိုပဲ အလားတူအမှုနဲ့ တရားစွဲ ခံနေရတဲ့ နောက်ထပ် ယေဟောဝါသက်သေ ငါးယောက်ထဲက ညီအစ်ကို သုံးယောက်ကတော့ ဗလာဒီမာ ကူယာစက်ဖ်၊ အန်ဒရေ မာဂလိ၊ ဒန်နစ် တီမိုရှင်တို့ဖြစ်တယ်။ သူတို့လည်း အမှုစစ်ဆေး ကြားနာနေချိန်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေကြရတယ်။ နောက်နှစ်ယောက်ဖြစ်တဲ့ ညီအစ်မ တာတယာနာ အလူရှကီနာနဲ့ ဂါလီယာ အာလ်ဟားဗာကိုလည်း အာဏာပိုင်တွေက ခရီးသွားလာမှုနဲ့ ပြောဆိုဆက်သွယ်မှုကို ၂၀၁၉၊ ဖေဖော်ဝါရီလကတည်းက ကန့်သတ်ထားကြတယ်။

ညီအစ်ကို အလူရှကင်ကို ရုရှားအစိုးရ ဖမ်းဆီးထောင်ချခြင်းနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချထားတဲ့ ၁၂ မျက်နှာရှိ သဘောထားမှတ်တမ်းကို မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (WGAD) က ၂၀၁၉၊ ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တယ်။ WGAD မှတ်တမ်းမှာ ညီအစ်ကို အလူရှကင်ကို “ဖမ်းဆီးခြင်း၊ စုံစမ်းမေးမြန်းခြင်းမရှိဘဲ ထောင်ချထားခြင်း မလုပ်သင့်ဘူး၊ တရားမစွဲသင့်ဘူး” လို့ ဖော်ပြထားတယ်။ “လုပ်သင့်တာကတော့ မစ္စတာ အလူရှကင်ကို ချက်ချင်းလွတ်ပေးခြင်း ဖြစ်တယ်” လို့လည်း WGAD တိုက်တွန်းတယ်။ ပင်ဇာမြို့က ညီအစ်ကို၊ ညီအစ်မ ခြောက်ယောက်ရဲ့ ရှေ့နေတွေ ထုချေတဲ့အခါမှာလည်း နိုင်ငံတကာက အသိအမှတ်ပြုတဲ့ WGAD ရဲ့ သဘောထားမှတ်တမ်းပေါ် အခြေပြုပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ စီရင်ချက်ကို ဖတ်တဲ့အခါ တရားသူကြီးက WGAD ရဲ့ သဘောထားထက် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေးကို ပိတ်ပင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရုရှားတရားရုံးချုပ်ရဲ့ စီရင်ချက်ကို ပိုအလေးထားသင့်ကြောင်း ဖော်ပြသွားခဲ့တယ်။

ဒီနှစ်အတွင်းမှာ ရုရှားအစိုးရက ညီအစ်ကို၊ ညီအစ်မ ၁၈ ယောက်ကို စီရင်ချက် ချပြီးသွားပါပြီ။ ညီအစ်ကို ၉ ယောက်ကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မ အယောက် ၄၀ ကျော်ကတော့ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ခံနေရကြတယ်။ ၁၉ ယောက်ကို နေအိမ်အကျယ်ချုပ် ချထားတယ်။ ရုရှားတစ်နိုင်ငံလုံးမှာ ညီအစ်ကို၊ ညီအစ်မ ၃၀၀ နီးပါးဟာ ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် တရားစွဲဆိုခံနေရပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့အကြောင်း ကြားရလို့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ကြပေမဲ့ ဒီလို စမ်းသပ်မှုတွေ ကြုံနေရလို့ မအံ့ဩကြပါဘူး။ ဒီလိုကြုံရမယ်လို့ ကြိုဟောထားရုံသာမက ယေဟောဝါဟာ မေတ္တာနဲ့ ထောက်မပေးမယ်လို့လည်း ကတိပြုထားတယ်။ ညီအစ်ကို၊ ညီအစ်မတွေအပေါ် “ဘုရားသခင့် စွမ်းအားတော်ရဲ့ ဘုန်းအသရေ သက်ရောက်” ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၁ ပေတရု ၄:၁၂-၁၄