မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉
ရုရှား

ရုရှားတရားရုံးက ဒဲနစ္စ ခရစ်တန်ဆန်ကို မတရားစီရင်ကာ ထောင်ဒဏ်ခြောက်နှစ် ချမှတ်

ရုရှားတရားရုံးက ဒဲနစ္စ ခရစ်တန်ဆန်ကို မတရားစီရင်ကာ ထောင်ဒဏ်ခြောက်နှစ် ချမှတ်

အိုရွိုလ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးက ဒဲနစ္စ ခရစ်တန်ဆန်ကို အေးချမ်းငြိမ်သက်စွာ ကျင်းပတဲ့ ဝတ်ပြုအစည်းအဝေးမှာ ပါဝင်မှုနဲ့ ၂၀၁၉၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ စီရင်ချက်အတွက် အထက်တရားရုံးကို အယူခံဝင်ထားပါတယ်။

ခရစ်တန်ဆန်ကို ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်စီရင်တဲ့ သတင်းကြောင့် နိုင်ငံတကာက ချက်ချင်း တုံ့ပြန်ခဲ့ကြတယ်။ ဒဲနစ္စ ခရစ်တန်ဆန်ကို အကြောင်းမဲ့ မတရားပြစ်ဒဏ်စီရင်ခြင်းကြောင့် ဥရောပကောင်စီ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ တခြားအဖွဲ့အစည်းတွေက ရှုတ်ချခဲ့ကြတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက မီရှဲလ် ဘာချလက် ပြောတဲ့ စကားမှာ ဒီလိုပါရှိတယ်– “ခရစ်တန်ဆန်ကို ချမှတ်တဲ့ ရက်စက်တဲ့ ပြစ်ဒဏ်က အန္တရာယ်ပါပဲ။ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ဘာသာရေး လွတ်လပ်မှု၊ လွတ်လပ်စွာ ယူဆပိုင်ခွင့်နဲ့ ရာဇဝတ်သားတွေအဖြစ် ဆက်ဆံခံရမယ့် အခြေအနေ ရောက်သွားပြီ။” “ရုရှားနိုင်ငံရဲ့ အစွန်းရောက်တိုက်ဖျက်ရေး ဥပဒေကို ပြန်ပြင်ဆင်ဖို့၊ အကြမ်းဖက်မှု၊ မုန်းတီးမှုလုပ်ရပ်တွေကိုသာ ‘အစွန်းရောက်’ အဖြစ် သတ်မှတ်ဖို့” ရုရှားအစိုးရကို တိုက်တွန်းခဲ့တယ်။ မစ္စ ဘာချလက်က နိဂုံးပိုင်းမှာ “လွတ်လပ်စွာ ယုံကြည်ကိုးကွယ်၊ ယူဆခွင့်၊ လွတ်လပ်စွာ သဘောထား ထုတ်ဖော်နိုင်ခွင့်နဲ့ လွတ်လပ်စွာနဲ့ စုရုံးခွင့်၊ ငြိမ်သက်အေးချမ်းစွာ စုဝေးခွင့်ကို ကျင့်သုံးတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွတ်ပေးဖို့” ရုရှားအာဏာပိုင်တွေကို တောင်းဆိုထားတယ်။

ညီအစ်ကို ခရစ်တန်ဆန်ကို ပြစ်ဒဏ်စီရင်ပြီး နောက်နှစ်ရက်မှာ နာမည်ကျော် ရုရှားလူ့အခွင့်အရေး ပညာရှင် လေးယောက်က မော်စကိုမြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ခဲ့တယ်။ ခန်းမမှာ လူပြည့်သွားတယ်။ အွန်လိုင်းကနေ တစ်နာရီကြာ တိုက်ရိုက်ထုတ်လွှင့်မှုကို လူ ၆,၀၀၀ ကျော် ကြည့်ရှုခဲ့ကြတယ်။ အစီအစဉ်မှာ ပါဝင်ခဲ့ကြသူ ပညာရှင်အားလုံးက ယေဟောဝါသက်သေတွေဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတွေ မဟုတ်ကြောင်း၊ ငြိမ်သက်အေးချမ်းစွာ နေထိုင်သူတွေဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြတယ်။

၂၀၁၉၊ ဖေဖော်ဝါရီ ၈ ရက်နေ့က မော်စကိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။

သတင်းစာရှင်းလင်းပွဲမှာ ပါဝင်သူတွေထဲမှာ ညီအစ်ကို ခရစ်တန်ဆန်ရဲ့ ဇနီး အီရီနာ၊ ရှေ့နေ ဘော့ဒါနို့ဗ်၊ ယေဟောဝါသက်သေများရဲ့ ဥရောပအဖွဲ့အစည်း ကိုယ်စားလှယ် ယာရိုဆလဗ် စီဗူလ်စကီတို့လည်း ပါတယ်။ မတရား ပြစ်ဒဏ်စီရင်ချက်ဖြစ်ကြောင်း သူတို့ တင်ပြခဲ့ကြတယ်။ သတင်းသမားတွေရဲ့ မေးခွန်းတွေကို ဖြေဆိုပေးခဲ့ကြတယ်။

ထောင်ကျနေတာ နှစ်နှစ်ရှိပြီ ဖြစ်ပေမဲ့ ညီအစ်ကို ခရစ်တန်ဆန်ဟာ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ရွှင်လန်းမှုကို ဆက်ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ အပြီးသတ် စီရင်ချက် မချခင် ရက်အနည်းငယ်အလို၊ သူ့အမှုကို တရားရုံးက နောက်ဆုံးကြားနာချိန်မှာ ညီအစ်ကို ခရစ်တန်ဆန် ဒီလို ပြောခဲ့တယ်– “အမှန်တရားကတော့ အနှေးနဲ့ အမြန်ဆိုသလို ပေါ်လာတတ်ပါတယ်။ ဒီအမှုလည်း ဒီလိုပဲ ဖြစ်မှာပါ။” ဗျာဒိတ် ၂၁:၃-၅ ကို ဖတ်ပြီးနောက် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဒီလိုပြောတယ်– “လူသားအားလုံး တရားမျှတမှု၊ စစ်မှန်တဲ့ လွတ်လပ်မှုရရှိအောင် ဘုရားသခင် လုပ်ဆောင်ပေးတော့မယ်ဆိုတာ ဒီစကားတွေက ဖော်ပြတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ လုပ်ကို လုပ်ပေးမယ်လို့ ဘုရား အာမခံထားတယ်။”

ညီအစ်ကို ခရစ်တန်ဆန် လနှစ်ဆယ်ကြာ နေခဲ့ရပြီးဖြစ်တဲ့ အကျဉ်းစခန်း၊ အမှတ် ၁ မှာ ထောင်ကျနေရင်း အယူခံဝင် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရပါတယ်။

ဒဲနစ္စ ခရစ်တန်ဆန်၊ သူ့ဇနီးနဲ့ ရုရှားနိုင်ငံတစ်ဝန်းက ယုံကြည်သူချင်း အားလုံးကို ယေဟောဝါ ဆက်ထောက်မပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။—၁ ပေတရု ၃:၁၂

အမှုကို စီရင်ချက်မချမီ ရက်အနည်းငယ်အလိုမှာ RFE/RL နိုင်ငံတကာ သတင်းဌာနက ‘ဘာသာရေးလွတ်လပ်မှု စမ်းသပ်ချက်’ လို့ခေါ်ဆိုနိုင်တဲ့ ရုရှား ရုံးတင်စစ်ဆေးမှု ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။