မာတိကာဆီ ကျော်သွား

ညီအစ်မ အနာစတာစီယာ ဆီရှာဗာ

၂၀၂၁၊ ဇန်နဝါရီ ၂၂
ရုရှား

ရုရှားတရားရုံးက အနာစတာစီယာ ဆီရှာဗာမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်

ရုရှားတရားရုံးက အနာစတာစီယာ ဆီရှာဗာမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်

စီရင်ချက်

၂၀၂၁၊ ဇန်နဝါရီ ၂၁ ရက်မှာ ဂျူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အိုဘလူချန်စကီ တရားရုံးက ညီအစ်မ အနာစတာစီယာမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ သွားစရာ မလိုဘူး။

ကိုယ်ရေးအကျဉ်း

အနာစတာစီယာ ဆီရှာဗာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (ဇစ်ပလိုဇီရော့ခ်၊ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ မွေးချင်း လေးယောက် ရှိပြီး နှစ်ယောက်က ကွယ်လွန်သွားပြီ။ ဆေးတက္ကသိုလ်ကနေ သူနာပြုဘွဲ့ ရရှိထားသူ ဖြစ်တယ်။ စိတ်ရောဂါကုသဆေးရုံ သွားဘက်ဆိုင်ရာဌာနမှာ အလုပ်လုပ်တယ်။ သူ့အမဖြစ်သူ ကွယ်လွန်တဲ့အခါ ကျန်ရစ်တဲ့ ကလေးနှစ်ယောက်ကို စောင့်ရှောက်ထားတယ်။ မိခင်ဖြစ်သူကိုလည်း ကွယ်လွန်တဲ့အချိန်အထိ ပြုစုခဲ့တယ်

    ဆယ်ကျော်သက်အရွယ်ကတည်း လူ့သက်တမ်းရဲ့ တိုတောင်းမှုကို စဉ်းစားခဲ့တယ်။ အဲဒါကြောင့် ကျမ်းစာ လေ့လာဖြစ်ပြီး စိတ်ကျေနပ်စေတဲ့ အဖြေတွေ ရခဲ့တယ်။ ၁၉၉၄ မှာ ယေဟောဝါသက်သေ တစ်ယောက်အဖြစ် နှစ်ခြင်းခံခဲ့တယ်

အမှုနောက်ကြောင်း

၂၀၁၉၊ အောက်တိုဘာမှာ ရုရှား အာဏာပိုင်တွေက အနာစတာစီယာကို “အစွန်းရောက်” စာရင်းမှာ ထည့်ခဲ့တယ်။ ယေဟောဝါသက်သေ အဖွဲ့အစည်းနဲ့ ဆက်ပေါင်းပြီး ဘာသာရေး အစည်းအဝေးတွေ ဆက်တက်နေတယ်၊ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဆက်ပြောပြနေတယ်လို့ စွပ်စွဲပြီး ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်မှာ ဘိုင်ရိုဘစ်ဇန် မှာ ရှိတဲ့ ရုရှား ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) က အမှုဖွင့်ခဲ့တယ်။

တရားရုံး ကြားနာချိန်မှာ တရားစွဲသူတွေက အနာစတာစီယာရဲ့ ဖုန်းနဲ့ စကားပြောတာတွေ၊ အစည်းအဝေးမှာ ပြောဆိုတာတွေကို အသံဖိုင်၊ ဗီဒီယိုဖိုင်နဲ့ ဖွင့်ပြတယ်။ ဒီဖိုင်တွေကို ပြပြီး ညီအစ်မဟာ “အစွန်းရောက်” တွေနဲ့ ပတ်သက်နေတာ ထင်ရှားတယ်လို့ စွပ်စွဲတယ်။ အနာစတာစီယာက အဲဒီ သက်သေဖိုင်တွေကို သုံးပြီး သက်သေခံခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေမှာ ထောက်ထားစာနာဖို့၊ ခွင့်လွှတ်တတ်ဖို့၊ စိတ်ရှည်ဖို့နဲ့ တခြား ခရစ်ယာန် အရည်အချင်းတွေ မွေးမြူတတ်ဖို့ သင်ပေးတဲ့အကြောင်း ရှင်းပြတယ်။

နိဂုံးချုပ်မှာ အနာစတာစီယာက ကျမ်းစာက သူ့ဘဝကို ဘယ်လို အကျိုးရှိစေကြောင်း ရှင်းပြတယ်။ သူက “ဒီနေ့၊ ကျွန်မ တရားရုံး ရောက်ရတာဟာ ကျမ်းစာဖတ်လို့၊ မိတ်ဆွေတွေနဲ့ စုဝေးပြီး ကျမ်းစာအကြောင်း ဆွေးနွေးလို့၊ ယေဟောဝါကို ချီးမွမ်းသီချင်း ဆို၊ ဆုတောင်းကြလို့၊ ကျွန်မရဲ့ ယုံကြည်ချက်နဲ့ ဘာသာရေး လုပ်ဆောင်မှုတွေ ဆက်လုပ်နေလို့ပဲ။

ဟီဘရူး အခန်းကြီး ၁၀၊ အခန်းငယ် ၂၄၊ ၂၅ မှာ ပါတဲ့ အမိန့်ကို ကျွန်မ မလိုက်နာဘဲ ဘယ်လို နေနိုင်မှာလဲ။ အဲဒီမှာ ‘မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့ နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ’ လို့ ပြောထားတယ်။ အမြင့်မြတ်ဆုံး ဘုရား ယေဟောဝါကိုယ်တိုင်က ယုံကြည်သူချင်းတွေ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့၊ ကျမ်းစာဖတ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အားပေးပြီး မေတ္တာပြဖို့ မိန့်မှာထားတာ မနာခံဘဲ ဘယ်လို နေနိုင်မှာလဲ။ သူက ကျွန်မ လေးစားရတဲ့၊ ချစ်ရတဲ့၊ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ပဲ။”

ညီအစ်မ အနာစတာစီယာရဲ့ ခိုင်မာပြီး ယုံကြည်မှုအပြည့်၊ သတ္တိရှိရှိနဲ့ ပြောတဲ့စကားတွေကို ကြားရတာ သိပ်အားရှိပါတယ်။ သူ ကြုံနေရတဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေကြား ရွှင်လန်းမှုကို ဆက်ထိန်းပြီး ခံနိုင်ရည် ဆက်ရှိနေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ယာကုပ် ၁:၂၊ ၃