မာတိကာဆီ ကျော်သွား

ဝဲမှ ယာ။ ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ်၊ အလက်ဆီ မီရက်စကီ၊ ဖေလစ် မာခမ်မဒီယေ့ဗ်၊ ဂင်နာဒီ ဂျာမန်၊ ရိုမန် ဂရီဒါစို့

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀
ရုရှား

ရုရှားထောင်မှာ ရိုက်နှက်ခံရသူတွေကို ညီအစ်ကိုများ ကူညီကြ

ရုရှားထောင်မှာ ရိုက်နှက်ခံရသူတွေကို ညီအစ်ကိုများ ကူညီကြ

ရုရှားနိုင်ငံ၊ အိုရင်ဘာ့မြို့ အကျဉ်းထောင်မှာ ညီအစ်ကို ငါးယောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတဲ့ သတင်း ရတဲ့အခါ မြို့ခံ ညီအစ်ကိုတွေဟာ ကူညီပေးဖို့ ထောင်ကို ချက်ချင်း ရောက်လာကြတယ်။ တကယ်တော့ ထောင်ကျနေတဲ့ ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ်၊ ဂင်နာဒီ ဂျာမန်၊ ရိုမန် ဂရီဒါစို့၊ ဖေလစ် မာခမ်မဒီယေ့ဗ်၊ အလက်ဆီ မီရက်စကီတို့ဟာ အိုရင်ဘာ့မြို့ကနေ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) ကျော်ဝေးတဲ့ စရာတော့မြို့ကပါ။

ထောင်စောင့်တွေ အပြင်းအထန် ရိုက်နှက်တာခံရပြီး နှစ်ပတ်လောက်အကြာမှာ ဒဏ်ရာတွေ မမြင်အောင် အနွေးထည် ဝတ်ထားသူ အပြုံးမပျက် ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ်

၂၀၂၀၊ ဖေဖော်ဝါရီ ၁၅ မှာ အိုရင်ဘာ့မြို့ အကျဉ်းထောင် အမှတ် ၁ ထောင်စောင့်တွေက စရာတော့မြို့က ညီအစ်ကို ငါးယောက်ကို လက်ကိုင်တုတ်နဲ့ ရိုက်နှက်တဲ့သတင်း အွန်လိုင်းပေါ် တက်လာတယ်။ သတင်းဖတ်ရပြီးတဲ့နောက် မြို့ခံ ညီအစ်ကို/မတစ်စု ထောင်ကို ရောက်လာကြတယ်။ မိမိတို့ဟာ ယေဟောဝါသက်သေတွေ ဖြစ်ကြောင်း မကြောက်မရွံ့ ပြောဆိုပြီး ညီအစ်ကို ငါးယောက်ရဲ့ အခြေအနေကို ပြောပြပေးဖို့ တာဝန်ကျ ရဲအရာရှိတွေကို တောင်းဆိုတယ်။ ညီအစ်ကို မာခမ်မဒီယေ့ဗ် ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံရောက်နေကြောင်း သတင်းထွက်နေတဲ့အတွက် အသက်ရှင်မရှင် သိရဖို့ အရာရှိတွေကို မေးမြန်းကြတာ နှစ်နာရီနီးပါး ကြာတယ်။

အိုရင်ဘာ့မြို့ခံ ညီအစ်ကိုတွေက ထောင်ကျနေတဲ့ ညီအစ်ကိုတွေ၊ သူတို့ဇနီးတွေ၊ ရှေ့နေတွေကို ကူညီပေးမယ့် အဖွဲ့တစ်ဖွဲ့ စီစဉ်တယ်။ ထောင်ထဲက ညီအစ်ကိုတွေဆီ အားပေးစာ မှန်မှန် ရေးတယ်။ ထောင်ရိက္ခာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေ ဝယ်နိုင်အောင် ငွေတွေ လှူဒါန်းကြတယ်။

ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ ကိုယ်ကျိုးစွန့်စိတ်က ထောင်အလုပ်သမားတွေအတွက် သက်သေခံချက်ကောင်း ဖြစ်ခဲ့တယ်။ တစ်ခါမှ မမြင်ဖူးတဲ့အပြင် မိုင်ရာနဲ့ချီ ဝေးတဲ့နေရာက ယုံကြည်သူချင်းတွေကို ယေဟောဝါသက်သေတွေ အလွန် ဂရုစိုက်တာ သူတို့ မြင်တွေ့ကြတယ်။

“အကျဉ်းကျနေတဲ့သူတွေကို ကိုယ်လည်း သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး သတိရကြပါ။ ခင်ဗျားတို့ကိုယ်တိုင် ကမ္ဘာပေါ်မှာ အသက်ရှင်နေတုန်းဖြစ်လို့ ညှဉ်းဆဲခံရသူတွေကို သတိရကြပါ” ဆိုတဲ့ ဟီဘရူး ၁၃:၃ အကြံပြုချက်ကို ညီအစ်ကိုတွေ လိုက်နာကြောင်း သိရတာ အားရှိစရာပါပဲ။