ဇွန် ၂၃၊ ၂၀၂၁
ရုရှား
ရုရှားနိုင်ငံမှာ ထောင်ကျနေတဲ့ ညီအစ်ကိုတွေရဲ့ ဇနီးတွေ ယေဟောဝါဘုရားကို အားကိုးပြီး ရပ်တည်နေကြ
ယုံကြည်ခြင်းကြောင့် ထောင်ကျနေတဲ့ ရုရှားညီအစ်ကို အတော်များများဟာ သားသမီးတွေ ရှိတဲ့ အိမ်ထောင်သည်တွေ ဖြစ်တယ်။ သူတို့ထက် သူတို့ရဲ့ မိသားစုက ပိုပြီး ခက်ခဲပင်ပန်းကြတယ်။ အိမ်ထောင်ဦးစီး မရှိတဲ့အတွက် အခက်အခဲတွေကို ဇနီးနဲ့ သားသမီးတွေ ခံရပ်ပြီး ကျော်လွှားဖြေရှင်းနေရတယ်။ ထောင်ကျနေတဲ့ ညီအစ်ကိုတွေရဲ့ ဇနီး ဆယ်ယောက်က ကိုယ့်ခံစားချက်တွေကို ရုရှား အာဏာပိုင်တွေဆီ စာရေးပြောပြခဲ့တယ်။ “ဝမ်းနည်းကြေကွဲစွာနဲ့ ဒီအိတ်ဖွင့်ပေးစာကို ရှင်တို့ဆီ ပို့ပေးလိုက်ပါတယ်။ ကျွန်မတို့ရဲ့ ခင်ပွန်းတွေဟာ မိသားစု၊ မိတ်ဆွေတွေနဲ့ ကျမ်းစာဖတ်လို့၊ ဘုရားသခင်ဆီ ဆုတောင်းလို့ ရာဇဝတ်မှုနဲ့ ထောင်ချခံနေရတယ်။”
ခင်ပွန်းတွေ ထောင်ကျနေတုန်း ဇနီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ယေဟောဝါဘုရား ဘယ်လို ဝိုင်းကူဖြေရှင်းပေးလဲဆိုတာတွေကို ကျွန်တော်တို့ ချစ်ရတဲ့ ညီအစ်မတွေ ပြောပြတယ်။
ခက်ခက်ခဲခဲနဲ့ သွားတွေ့ကြ
ညီအစ်မ အတော်များများက နည်းပညာ အခက်အခဲကြောင့် ခင်ပွန်းတွေဆီ ဖုန်းဆက်လို့ မရဘူး။ သူတို့ရဲ့ စာကိုလည်း အကြာကြီး နေမှ ခင်ပွန်းတွေ ရရှိကြတယ်။ တစ်ခါတလေ၊ လုံးဝ မရတာလည်း ရှိတယ်။
ညီအစ်မ ရက်ဂျီနီယာ လာဂူနိုဗာရဲ့ ခင်ပွန်း ဖေလစ် မာခမ်မဒီယေ့ဗ် ထောင်ကျနေတာ နှစ်နှစ်ကျော်သွားပြီ။ ခင်ပွန်းဆီကနေ ကာလအတော်ကြာ ဘာသတင်းမှ မရဘူး။ သူ နေကောင်းလား၊ ကိုယ့်ရဲ့ စာတွေ မရတဲ့အတွက် သူ စိတ်အားငယ်နေလားဆိုတာ တအား စိတ်ပူမိတယ်လို့ အဲဒီညီအစ်မ ပြောပြတယ်။
ခင်ပွန်းနဲ့ တွေ့ဖို့ အဝေးကြီး ကားမောင်းသွားရတယ်။ (“ခင်ပွန်းနဲ့ တွေ့ဖို့ ခရီးဝေးသွားရ” ဇယားကွက်ကို ကြည့်ပါ။) ဥပမာ၊ ရက်ဂျီနီယာက “ခင်ပွန်းနဲ့ သွားတွေ့ဖို့ ၄၉၇ မိုင် (ကီလိုမီတာ ၈၀၀) ကျော် ကားမောင်းရတယ်” လို့ ပြောပြတယ်။ အသွားအပြန်ခရီး သုံးလေးရက် ကြာတတ်တယ်။ ညီအစ်မတချို့ကျတော့ ၆၂၁ မိုင် (ကီလိုမီတာ ၁,၀၀၀) ကားမောင်းပြီး သွားတွေ့ရတယ်။ အကျဉ်းထောင်ကို ရောက်ရင်လည်း အပြင်မှာ လိုင်းအရှည်ကြီး တန်းစီစောင့်ရတယ်။
ညီအစ်မ အီရီနာ ခရစ်တန်ဆန်ရဲ့ ခင်ပွန်း ဒဲနစ္စက ၂၀၁၇ ခုနှစ်၊ ပိတ်ပင်မှုနောက်ပိုင်း ရုရှားနိုင်ငံမှာ ဦးဆုံး ထောင်ချခံခဲ့ရတယ်။ အီရီနာက အိုရွိုလ်မြို့ နေအိမ်ကနေ လူဂို့ထောင်မှာ ရှိတဲ့ ဒဲနစ္စဆီ ၁၂၄ မိုင် (ကီလိုမီတာ ၂၀၀) ကားမောင်းသွားရတယ်။ “အကျဉ်းထောင်ကို သွားရတာ လူပန်း၊ စိတ်ပန်းဖြစ်ရတယ်။ အိမ်ကနေ မနက်အစောကြီး ၃ နာရီခွဲ ထွက်ရင် ထောင်ကို မနက် ၈ နာရီ ရောက်တယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြီး ၁၁ နာရီအထိ ကားပေါ်မှာ ထိုင်စောင့်နေရတယ်။ ပြီးမှ တွေ့ခွင့်ရတယ်” လို့ အီရီနာ ပြောပြတယ်။ အဲဒီလိုလုပ်နိုင်တာ ဘာကြောင့်လဲလို့ သူ့ကို မေးကြည့်တော့ “ကျွန်မကိုရော၊ ညီအစ်ကို၊ ညီအစ်မ အားလုံးကိုပါ ထောက်မပေးပါလို့ ယေဟောဝါဘုရားဆီ ခဏခဏ ဆုတောင်းတယ်။ ကျွန်မနဲ့ အနီးအနားမှာ နေတဲ့၊ ထောင်ကျနေတဲ့၊ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကို၊ ညီအစ်မ အားလုံးအတွက် ဆုတောင်းပေးတယ်” လို့ပြောတယ်။
အထီးကျန် ခံစားမှု
ညီအစ်မ နာဒေဇဒါ ဂျာမန်က ခင်ပွန်းဖြစ်သူ ဂင်နာဒီနဲ့ ခွဲခွာခဲ့ရတာ နှစ်နှစ်ကျော်သွားပြီ။ တခြားဇနီးတွေလိုပဲ သူလည်း ခင်ပွန်း ထောင်ကျသွားလို့ တစ်ယောက်တည်း အဖော်မဲ့နေရှာတယ်။ ဒါပေမဲ့ နာဒေဇဒါက ဒီလိုပြောပြတယ်- “အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေနဲ့ အရင်ကထက် ပိုရင်းနှီးလာပြီး မိသားစုလို ဖြစ်လာတယ်။ သူတို့က ကျွန်မတို့ဇနီးမောင်နှံကို ချစ်ခင်ပြီး ဂရုစိုက်စောင့်ရှောက်ပေးတယ်။”
ညီအစ်မ ယူလီယာ မီရက်စကီယာရဲ့ ခင်ပွန်း အလက်ဆီက ဂင်နာဒီနဲ့အတူ ထောင်ကျနေတယ်။ “ညီအစ်ကို၊ ညီအစ်မတွေက အိမ်မှုကိစ္စတွေကို ဝိုင်းကူလုပ်ပေးကြတယ်။ သူတို့က ကူညီပေးကြလို့ ကျွန်မအတွက် အဆင်ပြေသွားတာပေါ့” ဆိုပြီး ယူလီယာ ပြောပြတယ်။
သားသမီးတွေကို ပြုစုစောင့်ရှောက်
၂၀၁၉၊ စက်တင်ဘာလကတည်းက ခင်ပွန်း အလက်ဆီ ထောင်ကျခဲ့လို့ ကလေးနှစ်ယောက်ကို ညီအစ်မ တာတယာနာ ဘူဒန်ချုခ်ပဲ ပြုစုစောင့်ရှောက်ခဲ့တယ်။ “ယေဟောဝါရဲ့ ကောင်းချီးတွေ၊ ပေးထားတာတွေ၊ ထောက်မပေးနေတာတွေကိုပဲ အာရုံစိုက်ဖို့ ကလေးတွေ ကြိုးစားကြတယ်။ ဆင်းရဲဒုက္ခဟာ ခဏတာပဲဆိုတာ၊ အခုချိန်ဟာ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပြီး သစ္စာစောင့်သိရမယ့်အချိန်ဆိုတာ ကလေးတွေ သိထားကြတယ်” လို့ တာတယာနာ ပြောပြတယ်။
၂၀၂၀၊ မတ်လမှာ ညီအစ်မ နာတာရာ ဖီလာတို့ဗာရဲ့ ခင်ပွန်း ဆာဂေး ဖီလာတို့ဗ်ဟာ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်။ သားသမီး လေးယောက်ကို သူ တစ်ယောက်တည်း ကျွေးမွေးပြုစုရတယ်။ ကလေးတွေအကြောင်း သူ ဒီလိုပြောပြတယ်- “အဖေကို သူတို့ သတိရနေကြတယ်။ အဖေ နေကောင်းလားလို့ စိတ်ပူနေကြတယ်။ သူတို့ ဆုတောင်းတိုင်း အဖေအကြောင်း ပါတယ်။ အငယ်ဆုံးသမီးက အဖေကို စာရေးရင် ကျွန်မတို့အားလုံး နေကောင်းကြတဲ့အတွက် စိတ်မပူဖို့ အမြဲ ထည့်ရေးတယ်။ မိသားစုနဲ့အတူ အဖေ ရှိရင် ပိုကောင်းမှာပဲ” တဲ့။
ဘဝကို ရိုးရိုးရှင်းရှင်း ထားနိုင်ဖို့ ကျမ်းစာ လမ်းညွှန်ချက်တွေကို မိသားစုလိုက် ကြိုးစားလိုက်နာကြတယ်။ “မလိုအပ်တာတွေ မဝယ်ဘဲ ရှိတာလေးနဲ့ ရောင့်ရဲတတ်လာတယ်။ ဒါကြောင့် စားဝတ်နေရေးနဲ့ တခြားလိုအပ်ရာတွေအတွက် ကျွန်မတို့မှာ ငွေအလုံအလောက် ရှိပါတယ်” လို့ နာတာရာ ပြောပြတယ်။
ယုံကြည်ခြင်း ခိုင်ခံ့အောင် ဆက်ထိန်းထား
ကျွန်တော်တို့ရဲ့ ညီအစ်မတွေက အခက်အခဲတွေ ရင်ဆိုင်နေရပေမဲ့ ဝတ်ပြုရေးမှာ မှန်မှန်ပါဝင်ပြီး ယုံကြည်ခြင်း ခိုင်ခံ့အောင် ကြိုးစားနေကြတယ်။ ယူလီယာ ဒီလိုပြောပြတယ်- “နောက်ဆုံးထုတ် စာပေအားလုံးကို ဖတ်ဖြစ်အောင် ကြိုးစားတယ်။ နှစ်ယောက်စာအတွက် လေ့လာသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ အလက်ဆီနဲ့ စကားပြောဖြစ်ရင် မှတ်ထားတဲ့ အဓိကအချက်တွေ သူ့ကို ပြောပြတယ်။” နာဒေဇဒါ ဒီလိုပြောတယ်- “ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေဆိုတာ မရှိဘူး။ ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးလာတဲ့အပြင် တန်ခိုးရှင်အဖေ ပွေ့ပိုက်ထားတဲ့ ကလေးလို ကျွန်မ ခံစားလာရတယ်။ တခြားသူတွေကို ကူညီပေးရင် ကိုယ့်ကိုယ်ကိုယ်လည်း ကူညီထောက်မရာ ရောက်တယ်။”
နာတာရာလည်း ဒီလိုပြောတယ်- “‘ဘုရားသခင်ကို ဝတ်ပြုတဲ့ ညီအစ်ကို၊ ညီအစ်မတွေကြားမှာ နှစ်သိမ့်မှု မလိုအပ်တဲ့သူ မရှိသလို တခြားသူတွေကို မနှစ်သိမ့်ပေးနိုင်တဲ့သူလည်း မရှိပါဘူး’ လို့ ညီအစ်မတစ်ယောက် ပြောတာ ကျွန်မ မှတ်မိတယ်။ တစ်ယောက်ယောက်ကို ကျွန်မ နှစ်သိမ့်အားပေးလိုက်တိုင်း ကိုယ်တိုင်လည်း နှစ်သိမ့်မှု ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သနားနေတာမျိုး မလုပ်ဘူး။ ခင်ပွန်း မရှိတဲ့အချိန် ကိုယ်ရောစိတ်ပါ ကျန်းမာအောင်၊ အားမငယ်အောင် ကြိုးစားတယ်။ ကျွန်မ စိတ်ဓာတ်ကျအောင် စာတန်ကို အခွင့်အရေး မပေးဘူး။”
ရုရှားနဲ့ တခြားနိုင်ငံတွေမှာ ထောင်ချခံနေရတဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ သူတို့မိသားစုဝင်တွေ သစ္စာရှိရှိနဲ့ ရပ်တည်နေကြတာကို ကမ္ဘာချီ ညီအစ်ကို၊ ညီအစ်မ အသင်းအပင်းက အလွန် ဂုဏ်ယူလေးစားကြပါတယ်။ ယေဟောဝါဘုရားကလည်း အဲဒီညီအစ်ကို၊ ညီအစ်မတွေကို “တန်ဖိုး” ထားကြောင်း ကျွန်တော်တို့ သိပါတယ်။—ဟေရှာယ ၄၃:၄က။