၂၀၂၀၊ ဖေဖော်ဝါရီ ၁၈
ရုရှား
ရုရှားနိုင်ငံ၊ ချီတာမြို့က ရဲအရာရှိတွေ ညီအစ်ကို ဗာဒင် ကုဆန်ကိုကို နှိပ်စက်ကြ
၂၀၂၀၊ ဖေဖော်ဝါရီ ၁၀ ရက် ညဘက်မှာ ရုရှားနိုင်ငံ၊ ချီတာမြို့က ရဲအရာရှိတွေဟာ ယေဟောဝါသက်သေ ညီအစ်ကို ဗာဒင် ကုဆန်ကိုကို နှိပ်စက်ခဲ့ကြတယ်။ တရစပ် ရိုက်နှက်၊ လည်ပင်းညစ်၊ ဗိုက်နဲ့ ခြေထောက်ကို လျှပ်စစ်ကျင်စက်နဲ့ တို့ပြီး ယုံကြည်သူချင်းတွေအကြောင်း သတင်းအစ်ကြတယ်။
အဲဒီနေ့မနက်မှာ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) အရာရှိတွေက ချီတာမြို့မှာ ရှိတဲ့ ညီအစ်ကို ကုဆန်ကိုရဲ့အိမ် အပါအဝင် သက်သေခံအိမ် ၄၀ နီးပါးကို ဝင်ရောက်ရှာဖွေကြတယ်။ ည ၁၁ နာရီမှာ ရှရှား အထူးရဲတပ်သားတွေက ညီအစ်ကို ကုဆန်ကိုကို ယောက္ခမရဲ့ အိမ်မှာ ဖမ်းဆီးလိုက်ကြတယ်။ လက်ထိတ်ခတ်၊ ခေါင်းကို စွပ်၊ အနီးနား တောအုပ်ထဲ ခေါ်သွားပြီး နှိပ်စက်ကြတယ်။ ညီအစ်ကို ကုဆန်ကိုဟာ နှိပ်စက်ခံရပေမဲ့ သက်သေခံတွေရဲ့ အချက်အလက်ကို မထုတ်ဖော်ဘူး။ ဒီနည်း မအောင်မြင်မှန်း ရိပ်မိတဲ့အခါ စစ်ကြောရေးရုံးဆီ ခေါ်သွားပြီး ထပ်စစ်မေးကြတယ်။
ညီအစ်ကို ကုဆန်ကိုကို ချီတာမြို့မှာ နောက်ထပ် အဖမ်းခံရသူ ညီအစ်ကို သုံးယောက်ဖြစ်တဲ့ ဆာဂေ ကီရယ်ရွတ်၊ ပါဗယ် မန်မလီမို့၊ ဗလာဒီမာ ယာမိုလေယေ့တို့နဲ့အတူ အကျဉ်းချလိုက်တယ်။
နောက်နှစ်ရက်အကြာ အင်ဂိုဒင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ကုဆန်ကို၊ ကီရယ်ရွတ်၊ မန်မလီမို့တို့ကို ၇၂ နာရီကြာ ယာယီ ချုပ်ထားဖို့ အမိန့်ချမှတ်တယ်။ ညီအစ်ကို ယာမိုလေယေ့ကို လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ် ချထားတယ်။
ဖေဖော်ဝါရီ ၁၅ မှာ ညီအစ်ကို ဗာဒင် ကုဆန်ကိုနဲ့ နောက်ထပ် ညီအစ်ကို နှစ်ယောက်ကို စွဲချက်တင်လောက်တဲ့ အထောက်အထား မတွေ့လို့ ပြန်လွှတ်ပေးကြတယ်။ ညီအစ်ကိုတွေကို အမှု ကြားနာစစ်ဆေးခြင်း၊ ပြစ်ဒဏ်သတ်မှတ်ခြင်း မရှိဘဲ လွှတ်ပေးလိုက်တယ်။
ရုရှားက ညီအစ်ကို ကုဆန်ကိုနဲ့ ကျန်ညီအစ်ကိုတွေ “ရဲစွမ်းသတ္တိ” ရှိစေဖို့၊ စမ်းသပ်ခံရချိန်တစ်လျှောက် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ အပြည့်အဝ စိတ်ချစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ယောရှု ၁:၇၊ ၉။