မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
ရုရှား

ရုရှားနိုင်ငံ၊ ဆူဂတ်မြို့မှာ ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်း

ရုရှားနိုင်ငံ၊ ဆူဂတ်မြို့မှာ ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်း

ရုရှားတရားရုံးက ဒဲနစ္စ ခရစ်တန်ဆန်ကို မတရား ပြစ်ဒဏ်စီရင်ပြီး ကိုးရက်မြောက်နေ့မှာ ဆိုက်ဘေးရီးယားအနောက်ပိုင်း ဆူဂတ်မြို့က ရုရှား အာဏာပိုင်တွေက ယေဟောဝါသက်သေ ခုနစ်ယောက်ထက်မနည်းကို ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းခဲ့ကြတယ်။ လျှပ်စစ်နဲ့ တို့၊ အသက်ရှူကျပ်အောင် လုပ်၊ ရိုက်နှက်ကြတယ်။ အစိုးရအရာရှိတွေက ညီအစ်ကိုတွေကို နှိပ်စက်ပြီး အစည်းအဝေး ကျင်းပတဲ့နေရာတွေနဲ့ တခြားသက်သေခံတွေအကြောင်း မေးမြန်းကြတယ်။

ဆူဂတ်မြို့ အာဏာပိုင်တွေ ၂၀၁၉၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်စောစောမှာ အိမ်တွေကို ဝင်ရောက်စီးနင်းပြီး နှိပ်စက်ခဲ့ကြတာဖြစ်တယ်။ ယေဟောဝါသက်သေတချို့ကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးရေးရုံးကို ခေါ်ဆောင်သွားကြတယ်။ ယေဟောဝါသက်သေ ယုံကြည်သူချင်းတွေအကြောင်း အသေးစိတ် အချက်အလက်တွေ ပြောပြဖို့ ငြင်းဆိုတဲ့ ညီအစ်ကိုတွေကို အာဏာပိုင်တွေ စတင်စစ်ဆေးမေးမြန်းကြတယ်။ ဥပဒေကိုယ်စားလှယ်ရှေ့နေ ထွက်သွားတဲ့အခါ ကျန်ရစ်တဲ့ အေးဂျင့်တွေက ညီအစ်ကိုတွေရဲ့ ခေါင်းကို ပလတ်စတစ်အိတ်နဲ့ အုပ်ပြီး ကြိုးနဲ့ ချည်တယ်။ လက်နောက်ပြန်တုတ်ပြီး ရိုက်နှက်ကြတယ်။ ယေဟောဝါသက်သေတွေကို အဝတ်အစား ချွတ်ပြီး ရေနဲ့ လောင်းတယ်။ သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်ကြတယ်။ နှစ်နာရီကြာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။

ယေဟောဝါသက်သေ သုံးယောက်ထက်မနည်း ထောင်ကျနေပါတယ်။ လွတ်လာတဲ့သူတွေဟာ ဒဏ်ရာတွေအတွက် ဆေးကုသမှု ခံယူရပြီး ကြီးကြပ်ရေး အေဂျင်စီတွေကို တရားစွဲဆိုကြတယ်။

ရုရှား အာဏာပိုင်တွေဟာ အိမ်တွေကို ဝင်ရောက်စီးနင်းကြတဲ့အပြင် ယေဟောဝါသက်သေ ၁၉ ယောက်ကို “အစွန်းရောက် လုပ်ဆောင်မှုမှာ ပါဝင်ခြင်း၊” “အစွန်းရောက် အဖွဲ့အစည်းကို စီစဉ်ဆောင်ရွက်ခြင်း” လို့ ခေါင်းစဉ် တပ်ပြီး အရင်ဦးအောင် တရားစွဲဆိုကြတယ်။

အာဏာပိုင်တွေ လူမဆန်စွာ နှိပ်စက်ညှဉ်းဆဲမှုက ရုရှားရာဇဝတ်မှု ဥပဒေအရ ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်တယ်။ ရုရှားနိုင်ငံဟာ လူတစ်ယောက်ကို နှိပ်စက်ညှဉ်းဆဲခြင်း မပြုအောင် အကာအကွယ်ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာလည်း ပါဝင်တယ်။ ဒါကြောင့် ဒီရာဇဝတ်မှုအတွက် ပြည်တွင်းမှာရော၊ နိုင်ငံတကာကနေပါ ရနိုင်တဲ့ ဥပဒေရေးရာတွေနဲ့ တရားစွဲဆိုသွားပါမယ်။

ရုရှားက ညီအစ်ကို/မတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာကို ယေဟောဝါ တွေ့မြင်တယ်၊ သူတို့ရဲ့ “ကူညီမစရှင်၊ ကယ်တင်ရှင်” အဖြစ် လုပ်ဆောင်မယ်ဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်။—ဆာလံ ၇၀:၅