မာတိကာဆီ ကျော်သွား

ဘယ်မှညာသို့- အလက်ဆီ ဘူဒန်ချုခ်၊ ကွန်စတန်တင် ဘဇာနို့၊ ဖေလစ် မာခမ်မဒီယေ့ဗ်၊ အလက်ဆီ မီရက်စကီ၊ ရိုမန် ဂရီဒါစို့၊ ဂင်နာဒီ ဂျာမန်တို့ အဖမ်းမခံရခင်

ဖေဖော်ဝါရီ ၁၇, ၂၀၂၀
ရုရှား

ရုရှားနိုင်ငံ၊ အိုရင်ဘာ့မြို့က ညီအစ်ကိုငါးဦးကို ထောင်စောင့်တွေ ရိုက်နှက်

ရုရှားနိုင်ငံ၊ အိုရင်ဘာ့မြို့က ညီအစ်ကိုငါးဦးကို ထောင်စောင့်တွေ ရိုက်နှက်

၂၀၂၀၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရုရှားနိုင်ငံ၊ အိုရင်ဘာ့မြို့ အကျဉ်းထောင် အမှတ် ၁ ထောင်စောင့်တွေက ကျွန်တော်တို့ရဲ့ ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ်၊ ဂင်နာဒီ ဂျာမန်၊ ရိုမန် ဂရီဒါစို့၊ ဖေလစ် မာခမ်မဒီယေ့ဗ်၊ အလက်ဆီ မီရက်စကီတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ ညီအစ်ကို မာခမ်မဒီယေ့ဗ်ရဲ့ နံရိုးတစ်ချောင်း ကျိုးသွားပြီး အဆုတ် ပေါက်ပြဲ၊ ကျောက်ကပ်လည်း ပျက်စီးသွားလို့ ဆေးရုံ ပို့လိုက်ရတယ်။ ညီအစ်ကို ဘူဒန်ချုခ်၊ ဂျာမန်၊ ဂရီဒါစို့၊ မီရက်စကီ တို့ကိုတော့ မဟုတ်မဟတ် လုပ်ကြံစွပ်စွဲပြီး တိုက်ပိတ်ထားကြတယ်။ စွပ်စွဲချက်တစ်ခုကတော့ ဆေးလိပ်သောက်လို့တဲ့။ ယေဟောဝါသက်သေတွေမှာ မရှိတဲ့ အကျင့်တစ်ခုပါ။

အရင်တစ်ခေါက် သတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၀၁၉၊ စက်တင်ဘာ ၁၉ ရက်နေ့မှာ စရာတော့မြို့၊ လီနင်စကီ ခရိုင်တရားရုံး တရားသူကြီး ဒီမီထရီ လာရင်က ဒီညီအစ်ကိုငါးဦးကိုရော ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ကိုပါ ပြစ်ဒဏ်စီရင်ပြီး ထောင်ဒဏ် နှစ်နှစ်၊ တချို့ကို ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခဲ့တယ်။ အယူခံဝင်တာကို ၂၀၁၉၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စရာတော့ ခရိုင်တရားရုံးက ပယ်ချလိုက်တယ်။ အပတ်အနည်းငယ်ကြာပြီးနောက် ညီအစ်ကိုခြောက်ဦးကို အကျဉ်းထောင် ပို့လိုက်တယ်။ ညီအစ်ကို ဘဇာနို့ကို အူလီယနော့ပြည်နယ်၊ အကျဉ်းထောင် အမှတ် ၃ ကို ပို့လိုက်တဲ့အတွက် အကျဉ်းထောင် အမှတ် ၁ က ညီအစ်ကိုတွေ နှိပ်စက်ခံရချိန်မှာ မပါဘူး။

၂၀၂၀၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ညီအစ်ကိုငါးဦး အကျဉ်းထောင် အမှတ် ၁ ကို ရောက်တာနဲ့ ရိုက်နှက်ခံရတယ်။ ဆရာဝန်နဲ့လည်း တွေ့ခွင့် မရကြဘူး။ နောက်တစ်နေ့ ညီအစ်ကို မာခမ်မဒီယေ့ဗ် အဖျားတက်ပြီး ဆီးထဲ သွေးပါလာတဲ့အခါကျမှ တွေ့ခွင့်ရတယ်။ ဒါတောင် “ရေချိုးခန်းမှာ ချော်လဲလို့ပါ” ဆိုပြီး ဖော်ပြထားတဲ့ စာရွက်မှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းပြီးမှ ထောင်အာဏာပိုင်တွေက လူနာတင်ကား ခေါ်ပေးတယ်။ ညီအစ်ကို မာခမ်မဒီယေ့ဗ် ဆေးရုံရောက်သွားတော့ ခွဲစိတ်ကုသမှု ခံယူပြီး အဆုတ်ထဲက ရေတွေ စီးထွက်လာစေဖို့ ပိုက်လေးတစ်ချောင်း ထည့်ရတယ်။ ဆေးစစ်ချက်မှာ အစာအာဟာရ ပြတ်လပ်နေတယ်လို့လည်း ဖော်ပြထားတယ်။ ဂလူတန် ဓာတ်မတည့် အူသိမ်ရောဂါရှိသူ စားလို့ရတဲ့ အစားအစာတွေကို ထောင်အာဏာပိုင်တွေ သိမ်းယူလိုက်လို့ပါ။

ဒီလိုမတရားမှု၊ လူမဆန်တဲ့ နှိပ်စက်မှုတွေကို ရုရှားညီအစ်ကိုတွေ ခံနေရလို့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သစ္စာရှိရှိ ခံရပ်နိုင်အောင် သူတို့ကို ယေဟောဝါ ကူမမယ်ဆိုတာကို ယုံကြည်စိတ်ချနေပါတယ်။—ဖိလိပ္ပိ ၁:၂၇၊ ၂၈