မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ။ ညီအစ်မ နာတာလီယာ ဆိုရိုကီနာနဲ့ မာရီယာ ထရိုရှိနာ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁
ရုရှား

ရုရှားမှာ ညီအစ်မနှစ်ယောက် တစ်နှစ်နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရပြီးနောက် ပြစ်ဒဏ် ချမှတ်ခံရ

ရုရှားမှာ ညီအစ်မနှစ်ယောက် တစ်နှစ်နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရပြီးနောက် ပြစ်ဒဏ် ချမှတ်ခံရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာ စမိုလင့်ခ်ဒေသ တရားရုံးက ညီအစ်မ ဆိုရိုကီနာနဲ့ ထရိုရှိနာတို့ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလပြစ်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

စမိုလင့်ခ် ဒေသ စီချို့ဗ်ကာ ခရိုင်တရားရုံးက၂၀၂၁၊ ဧပြီ ၂၂ မှာ ညီအစ်မ နာတာလီယာ ဆိုရိုကီနာနဲ့ မာရီယာ ထရိုရှိနာတို့ကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ကိုယ်ရေးအကျဉ်း

နာတာလီယာ ဆိုရိုကီနာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၅ (ဒရက်စ်ဒန်၊ ဂျာမနီ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဂျာမနီနိုင်ငံကနေ စိန့်ပီတာစဘတ်မြို့ကို ပြောင်းလာတယ်။ ပြီးနောက် စမိုလင့်ခ် ဒေသ စီချို့ဗ်ကာမြို့ကို ပြောင်းတယ်။ သူနာပြု လုပ်တယ်။ လက်မှုပစ္စည်းတွေ လုပ်တာ ဝါသနာ ပါတယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ ဘာသာစကားသစ်တွေ သင်တာ နှစ်သက်တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ဖန်ဆင်းခြင်းအကြောင်း၊ အနာဂတ် မျှော်လင့်ချက်အကြောင်း သိလာရတာတွေကို နှစ်ခြိုက်တယ်။ ဒါက ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်ချင်စိတ် ဖြစ်လာစေတယ်။ ၁၉၉၄၊ ဩဂုတ်မှာ နှစ်ခြင်းခံတယ်

မာရီယာ ထရိုရှိနာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (စိန့်ပီတာစဘတ်)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်ငယ်ကတည်းက သမိုင်းကို စိတ်ဝင်စားတယ်။ ဧည့်လမ်းညွှန် လုပ်တယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ ဘာသာစကားသစ်တွေ သင်တာ နှစ်သက်တယ်

    ယေဟောဝါသက်သေတွေနဲ့ စလေ့လာတယ်။ ကျမ်းစာဟာ သမိုင်း၊ သိပ္ပံပညာနဲ့ ကိုက်ညီတာကို အထင်ကြီးသွားတယ်။ ၁၉၉၁၊ ဇူလိုင်မှာ ယေဟောဝါဘုရားဆီ ဘဝကို ဆက်ကပ်အပ်နှံခဲ့တယ်။ သူ့အမေလည်း မသေဆုံးခင် ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံခဲ့တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ အောက်တိုဘာ ၇ မှာ စီချို့ဗ်ကာမြို့က အိမ်လေးလုံးကို ဖယ်ဒရယ် လုံခြုံရေး (FSB) အရာရှိတွေနဲ့ ဒေသခံ ရဲတွေ ဝင်ရောက်စီးနင်းတယ်။ ကလေးတွေ အပါအဝင် ညီအစ်ကို ညီအစ်မ ၁၇ ယောက်ရဲ့ ပစ္စည်းတွေကို သိမ်းသွားတယ်။ ညီအစ်မ နာတာလီယာ ဆိုရိုကီနာနဲ့ မာရီယာ ထရိုရှိနာ အဖမ်းခံရပြီး ယာယီထိန်းသိမ်းစခန်းမှာ ထားခံရတယ်။

ယုံကြည်ချက်ကြောင့် အဖမ်းခံရတဲ့ တခြားသက်သေခံတွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေ ဖတ်တာက ကိုယ့်အိမ်ကို ဝင်ရောက်ရှာဖွေချိန်မှာ အသင့်ရှိနေဖို့ ကူညီပေးတယ်လို့ မာရီယာ ပြောတယ်။ “အိမ်ကို ဝင်ရှာတဲ့နေ့၊ အဖမ်းခံရတဲ့နေ့က ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ။ ဒီလောက် တည်ငြိမ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး။ အဲဒါ ဘုရားစွမ်းအားတော်ကြောင့်ပဲ” လို့ ပြောတယ်။

အိမ်ကို ဝင်ရောက်စီးနင်းပြီး နောက်နှစ်ရက်မှာ စီချို့ဗ်ကာမြို့ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်မတွေကို ထိန်းသိမ်းထားဖို့ အမိန့်ထုတ်တယ်။ အဲဒီမှာ ၁၉၁ ရက် နေခဲ့ရတယ်။ ပြီးနောက် နေအိမ်အကျယ်ချုပ်ဘဝနဲ့ ခြောက်လကျော် နေခဲ့ရတယ်။

အခက်အခဲတွေ မကြုံခင်ကတည်းက ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတာဟာ ခံရပ်နိုင်ဖို့ ကူညီပေးမှန်း ညီအစ်မ နှစ်ယောက်စလုံး သိတယ်။ ဘုရားရေးရာအမြင် ရှိဖို့ အရေးကြီးမှန်း နာတာလီယာ နားလည်တယ်။ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ အကြောင်းရင်းကို အမှတ်ရဖို့ အရေးကြီးတယ်လို့ ပြောတယ်။ “ဘုရားလူမျိုး နှိပ်စက်ညှဉ်းပန်းခံရတာ နောက်ကွယ်မှာ စာတန် အမြဲ ရှိတယ်။ အရေးကြီးတဲ့ ဒီကိစ္စမှာ ကျွန်မတို့ ယောက်တိုင်း ပါဝင်ပတ်သက်နေတယ်” လို့ ပြောတယ်။

“ဘဝမှာ ယေဟောဝါ ကူညီပေးတာတွေ၊ ဂရုစိုက်စောင့်ရှောက်တာတွေကို သိမှတ်ဖို့ အရေးကြီးတယ်။ အဲဒါက တစ်ရက်ပြီးတစ်ရက် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာစေတယ်။ အရာရာတိုင်းမှာ ဘုရားကို ယုံကြည်ကိုးစားပါ။ နေ့တိုင်း ကျမ်းစာဖတ်ရတာကို နှစ်သက်တတ်ဖို့ သင်ယူပါ။ ကျမ်းစာ ဖြစ်ရပ်တွေ၊ အကြိုက်ဆုံး ကျမ်းချက်တွေကို အလွတ် ကျက်မှတ်ပါ” လို့ မာရီယာ ဆက်ပြောတယ်။

ယေဟောဝါကို ‘ကူညီမစရှင်၊ ဒိုင်းလွှားအဖြစ် ယုံကြည်ကိုးစား’ တဲ့ ဒီညီအစ်မတွေရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ဟာ ကျွန်တော်တို့အားလုံးအတွက် သိပ်ကောင်းတဲ့ ပုံသက်သေပါပဲ။—ဆာလံ ၁၁၅:၁၁