မာတိကာဆီ ကျော်သွား

မတ် ၁၊ ၂၀၁၉
ရုရှား

ရုရှားမှာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ညီအစ်ကိုနဲ့ပတ်သက်တဲ့ တိုင်စာကို ECHR ချက်ချင်း ကိုင်တွယ်

ရုရှားမှာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ညီအစ်ကိုနဲ့ပတ်သက်တဲ့ တိုင်စာကို ECHR ချက်ချင်း ကိုင်တွယ်

ဆိုက်ဘေးရီးယား အနောက်ပိုင်း၊ ဇာဂရက်မြို့မှာ အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှု ခံရသူ ညီအစ်ကို ခုနစ်ယောက်ထဲက ဆာဂေး လိုဂျီနို့နဲ့ပတ်သက်ပြီး အရေးပေါ်တိုင်စာကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) ထံ တင်ခဲ့တယ်။ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ တခြားညီအစ်ကို ခြောက်ယောက်ကတော့ လွတ်လာပါပြီ။ ညီအစ်ကို လိုဂျီနို့ကိုတော့ အဖမ်းခံရချိန်ကတည်းက စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားပါတယ်။ ဒဏ်ရာတွေအတွက် လိုအပ်တဲ့ ဆေးကုသမှုလည်း မပေးဘူး။

တိုင်စာ တင်ပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ECHR က အပြုသဘောဆောင်တဲ့ စီရင်ချက် ထုတ်ပြန်ခဲ့တယ်။ အစိုးရနဲ့ မသက်ဆိုင်တဲ့ ဆရာဝန်အဖွဲ့ကို စေလွှတ်ပြီး ညီအစ်ကို လိုဂျီနို့ရဲ့ “ကာယပိုင်းနဲ့ စိတ်ပိုင်း” ကျန်းမာရေးအခြေအနေအရ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို ခံနိုင်မနိုင် “ချက်ချင်း” စစ်ဆေးခွင့် ပေးဖို့ ECHR တရားရုံးက ရုရှားကို တောင်းဆိုလိုက်ပါတယ်။ ရုရှားအစိုးရအနေနဲ့ ၂၀၁၉၊ မတ် ၁၁ ရက်နေ့မတိုင်ခင် တရားရုံးအမိန့်ကို လိုက်နာရပါမယ်။

တရားခံကို ရေရှည်ထိခိုက်နစ်နာစေတဲ့ အထူးအခြေအနေမျိုး ဖြစ်မှသာ ECHR ဘက်က အဲဒီလိုတောင်းဆိုချက်မျိုးကို ခွင့်ပြုပါတယ်။ ဒါကြောင့် တိုင်စာ တင်ပြီး နောက်တစ်ရက်မှာပဲ အမှုကို ECHR ချက်ချင်း ကိုင်တွယ်ဖြေရှင်းပေးတာဟာ အားရစရာကောင်းပါတယ်။ ညီအစ်ကိုတွေ မတရားညှဉ်းဆဲခံနေရခြင်း ရှိမရှိ အနီးကပ် စောင့်ကြည့်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

လောလောဆယ် ဇာဂရက်မြို့က ယေဟောဝါသက်သေ ၁၉ ယောက်ဟာ ရာဇဝတ်မှုနဲ့ တရားစွဲ ခံနေရတယ်။ သုံးယောက်ကတော့ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ခံထားရပါတယ်။

ညီအစ်ကိုတွေအတွက် ယေဟောဝါထံ ကျွန်တော်တို့ ဆက်တိုးလျှိုးအသနားခံပေးရင်း ယေရမိရဲ့ စကားတွေကို အပြည့်အဝ ယုံကြည်စိတ်ချနေကြပါတယ်– “ယေဟောဝါကို ယုံကြည်ကိုးစားသူ၊ ယေဟောဝါကို ယုံကြည်အားထားသူကတော့ ကောင်းချီးခံစားရမယ်။”—ယေရမိ ၁၇:၇