မာတိကာဆီ ကျော်သွား

ညီအစ်မ ရီကက်ထရီနာ ပက်ဂရှီဗာ

ဧပြီ ၈၊ ၂၀၂၁
ရုရှား

ရုရှားမှာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံနေရပေမဲ့ ညီအစ်မ ရီကက်ထရီနာ ပက်ဂရှီဗာ သစ္စာစောင့်သိဆဲ

ရုရှားမှာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံနေရပေမဲ့ ညီအစ်မ ရီကက်ထရီနာ ပက်ဂရှီဗာ သစ္စာစောင့်သိဆဲ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်မ ရီကက်ထရီနာ ပက်ဂရှီဗာရဲ့ အယူခံကို ပယ်ချ

၂၀၂၁၊ ဩဂုတ် ၄ ရက်မှာ မာရီအယ်လ် သမ္မတနိုင်ငံ၊ ဂိုနောမရီစကီ ခရိုင်တရားရုံးက ညီအစ်မ ရီကက်ထရီနာ ပက်ဂရှီဗာရဲ့ အယူခံကို ပယ်ချပြီး ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်ခွဲကို အတည်ပြုလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ မေ ၃၁ မှာ မာရီအယ်လ် သမ္မတနိုင်ငံ၊ ဂိုနောမရီစကီ ခရိုင်တရားရုံးက ညီအစ်မ ရီကက်ထရီနာ ပက်ဂရှီဗာရဲ့ အမှုကို စီရင်ချက် ချပါတယ်။ ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

ရီကက်ထရီနာ ပက်ဂရှီဗာ

  • မွေးဖွားတဲ့နှစ်။ ၁၉၈၉ (ဂက်စီ၊ ကီရို့ဗ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ တစ်ဦးတည်းသော သမီးပါ။ စာဖတ်တာ၊ ကဗျာရေးဖွဲ့တာ၊ သီချင်းဆိုတာ ဝါသနာပါတယ်။ အိမ်မှုထိန်းသိမ်းတဲ့အလုပ် လုပ်တယ်။ မာရီလူမျိုးစုကို ဟောပြောနိုင်ဖို့ မာရီဘာသာစကား သင်ယူတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ အောက်တိုဘာ ၃ ရက်၊ မာရီအယ်လ် သမ္မတနိုင်ငံရဲ့ မြို့တော် ရော့ရှ်ကာအိုလာမှာ ညီအစ်မ ပက်ဂရှီဗာ အဖမ်းခံရတယ်။ ရဲအရာရှိတွေက သူ့အိမ်ကို ဝင်ရောက်ရှာဖွေပြီး စာအုပ်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ စာတွေ၊ စာရွက်စာတမ်းတွေ သိမ်းယူသွားတယ်။ ယုံကြည်သူချင်းတွေနဲ့ ကျမ်းစာ ဆွေးနွေးတဲ့အတွက် ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲကြတယ်။

“အရာရှိတွေက ဗြုန်းခနဲ ကျွန်မကို လမ်းဘေး သစ်ပင်နား တွန်းပြီး လက်နောက်ပြန် ဖမ်းချုပ်ကြတယ်။ ဒါနဲ့ ယေဟောဝါ ကူညီပေးပါလို့ နေဟမိလို အမြန် ဆုတောင်းလိုက်တယ်” လို့ ညီအစ်မ ရီကက်ထရီနာ ပြောပြတယ်။ အဖမ်းခံရပြီးနောက် အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ ရက်ပေါင်း ၁၀၀ ကျော် အချုပ်ထဲ နေရတယ်။ လောလောဆယ် နေအိမ်အကျယ်ချုပ် ကျနေပါတယ်။

အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ အချုပ်ကျချိန်အတွင်း မကြာခဏ စစ်ဆေးမေးမြန်းကြတယ်။ ကျမ်းစာ ပညာရေးရဲ့ အကျိုးကျေးဇူး ကိုယ်တွေ့ ခံစားရပုံကို ညီအစ်မ ရီကက်ထရီနာ ပြောပြတယ်။ “သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း တက်တုန်းက ကြားခဲ့တဲ့ ဟောပြောချက်တွေအပြင် ကျောင်းသားကျခဲ့တာကို ပြန်အမှတ်ရတယ်။ စစ်ဆေးမေးမြန်းခံရချိန်မှာ သခင်ယေရှုရှေ့ ရပ်နေတယ်လို့ သဘောထားပါ ဆိုတဲ့ အချက်က ကျွန်မကို အားရှိစေတယ်။ ဒါက စိတ်ချုပ်တည်းဖို့၊ မဟုတ်မမှန် စွပ်စွဲနေတဲ့ အာဏာပိုင်တွေကို လေးစားမှု ပြဖို့ ကူညီပေးတယ်။”

အချုပ်ထဲ နေရတာ၊ နေအိမ်အကျယ်ချုပ်ကျတာ တစ်နှစ်ကျော်ပြီ ဖြစ်လို့ ရီကက်ထရီနာမှာ အခက်အခဲတွေ ရှိတယ်။ ကျန်းမာရေး ထိခိုက်လာတဲ့အပြင် ဝမ်းစာရှာအလုပ်လည်း မလုပ်ရဘူး။ အမေ၊ အဖွားတို့နဲ့ ခွဲနေရတာ အခက်ဆုံးပါပဲ။ ဒီလိုဒုက္ခတွေ ကြုံနေရပေမဲ့ ဘုရားကို ဆက်သစ္စာစောင့်သိဖို့ ရီကက်ထရီနာ စိတ်ပိုင်းဖြတ်ထားတယ်။ “သူတို့ ဖိအားပေးလေ ဘုရားပေး ချပ်ဝတ်တန်ဆာတွေ ပိုဝတ်ဖြစ်တယ်။ အခု ဘာကိုမှ မကြောက်ဘူး။ အရင်က သတ္တိရှိတာ မှန်ပေမဲ့ အခု ဘုရားစွမ်းအားတော် အကူအညီကြောင့် ပိုသတ္တိရှိလာပြီ” လို့ ပြောတယ်။

ညီအစ်မ ရီကက်ထရီနာအနေနဲ့ စီရင်ချက်ကို စောင့်နေရင်း မိမိရဲ့ ကျေးကျွန်အားလုံးကို အစွမ်းခွန်အား ပေးတဲ့အရှင် ယေဟောဝါကို ဆက်အားကိုးနေမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ထွက်မြောက်ရာ ၁၅:၂