မာတိကာဆီ ကျော်သွား

မေ ၂၅၊ ၂၀၂၀
ရုရှား

ရုရှားမှာ သုံးနှစ်ကြာ ထောင်ကျနေတဲ့ ဒဲနစ္စ ခရစ်တန်ဆန် သစ္စာရှိမြဲ၊ ပြုံးပျော်ဆဲ

ရုရှားမှာ သုံးနှစ်ကြာ ထောင်ကျနေတဲ့ ဒဲနစ္စ ခရစ်တန်ဆန် သစ္စာရှိမြဲ၊ ပြုံးပျော်ဆဲ

ရုရှားမှာ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန် မတရား ထောင်ချခံရတာ ဒီကနေ့ဆို သုံးနှစ်ပြည့်ပါပြီ။ ၂၀၁၇၊ မေ ၂၅ မှာ အဖမ်းခံရတဲ့ ညီအစ်ကို ခရစ်တန်ဆန်ရဲ့ ယုံကြည်ခြင်းအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုပြီး မိတ်ဆွေတချို့ မေးကြတယ်။ “ကျွန်တော့်ယုံကြည်ခြင်း ပိုခိုင်မာလာတယ်” လို့ သူဖြေတယ်။

ညီအစ်ကို ခရစ်တန်ဆန်က “ယာကုပ်အခန်းကြီး ၁ အခန်းငယ် ၂ နဲ့ ၃ မှာ ‘အီစ်ကိုတို့၊ စမ်းသပ်မှုအမျိုးမျိုး ကြုံရတဲ့အခါ ဝမ်းမြောက်စရာပဲလို့ ယူမှတ်ကြပါ။ ဒီနည်းနဲ့ စမ်းသပ်ခံရတဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ ခံနိုင်ရည်ကို ဖြစ်စေမှန်း ခင်ဗျားတို့ သိပါတယ်” ဆိုတဲ့ ကျမ်းစကားအတိုင်း ကျွန်တော် ခံစားရတယ်” လို့ ပြောတယ်။

အခက်အခဲတွေ၊ စိတ်ပျက်စရာတွေ ကြုံနေရပေမဲ့ ညီအစ်ကို ခရစ်တန်ဆန်ရဲ့ ယုံကြည်ခြင်း ဆက်ခိုင်မာနေသလို ဆက်ပျော်ရွှင်နေဆဲပါပဲ။

ညီအစ်ကို ခရစ်တန်ဆန်ကို ဖမ်းသွားခါစမှာ အိုရွိုလ်မြို့၊ နေအိမ်နဲ့ သိပ်မဝေးတဲ့ အကျဉ်းထောင်မှာ ချုပ်ထားတယ်။ အဲဒီတုန်းက ဇနီးအီရီနာ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ညီအစ်ကို ခရစ်တန်ဆန်ကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ နှစ်နှစ်ကျော် ချုပ်နှောင်ထားပြီးနောက် ၂၀၁၉၊ ဖေဖော်ဝါရီမှာ ခြောက်နှစ် ထောင်ဒဏ် ချမှတ်ခံရတယ်။ နောက်သုံးလအကြာ သူ့ရဲ့ အယူခံ ပယ်ချခံရတယ်။ အိုင်ရွိုလ်မြို့ကနေ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ခန့်အကွာမှာရှိတဲ့ ထောင်ကို ပြောင်းရွှေ့ခံရတယ်။ အီရီနာနဲ့လည်း ပိုဝေးသွားတယ်။

ညီအစ်ကို ခရစ်တန်ဆန် အဲဒီမှာ ထောင်ကျတာ အခုဆို တစ်နှစ်နီးပါး ရှိနေပြီမို့ ထောင်ကနေ စောစော လွှတ်ပေးဖို့ စာတင်နိုင်ပြီ။ လျှောက်လွှာ လေးစောင်အနက် သုံးစောင် ပယ်ချခံရတယ်။ ဒီလိုစိတ်ဓာတ်ကျစရာတွေ ကြုံနေရပေမဲ့ သူ ဆက်သစ္စာရှိနေပါတယ်။

“အီရီနာနဲ့ ကျွန်တော် ပြည့်ဝစုံလင်သူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ စမ်းသပ်မှုကြား ခံနိုင်ရည်ရှိဖို့၊ ဆက်ပျော်ရွှင်နိုင်ဖို့ သင်ယူခဲ့ရတယ်။ အဖဘုရား ယေဟောဝါနဲ့ ပိုလို့တောင် ရင်းနှီးလာကြတယ်” လို့ ခရစ်တန်ဆန် ပြောတယ်။

ရုရှားက ညီအစ်ကို/မတွေ နှိပ်စက်ညှင်းပန်းမှု ကြုံရပေမဲ့ ဆက်ပျော်ရွှင်နိုင်အောင် ယေဟောဝါ ကူညီမယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်ရင်း ဆုတောင်းပေးနေပါတယ်။—မဿဲ ၅:၁၁၊ ၁၂