စက်တင်ဘာ ၂၅၊ ၂၀၂၀
ရုရှား
ရုရှားမှာ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ပထမဆုံး အဖမ်းခံရတဲ့ ဇနီးမောင်နှံနဲ့ ညီအစ်မနှစ်ဦး ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ
စီရင်ချက်ချမယ့်အချိန်
၂၀၂၀၊ အောက်တိုဘာ ၂၁ မှာ a အွမ်းစ်မြို့၊ ပါဗိုမိုင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ပိုလီယာခေါ့နဲ့ ဇနီး အန်နစ္စတာစီးယာ၊ ညီအစ်မ ဂေါင်ခါ ဘက်တီမီရိုဗာနဲ့ ဒင်နာရာ ဒူစီကီရီဗာတို့ရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ အစိုးရရှေ့နေက ညီအစ်ကို ပိုလီယာခေါ့ကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချစေဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။ ညီအစ်မ သုံးယောက်ကတော့ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီ ကျခံရဖွယ် ရှိတယ်။
ကိုယ်ရေးအကျဉ်း
ဆာဂေး ပိုလီယာခေါ့
မွေးဖွားတဲ့နှစ်။ ၁၉၇၂ (မူရမန့်ပြည်နယ်)
ဘဝအတ္ထုပ္ပတ္တိ။ ကောလိပ်တက်ပြီး ဓာတ်ရောင်ခြည်ပညာရှင် ဖြစ်လာတယ်။ ၂၀၀၃ မှာ အန်နစ္စတာစီးယာနဲ့ လက်ထပ်တယ်
အန်နစ္စတာစီးယာ ပိုလီယာခေါ့
မွေးဖွားတဲ့နှစ်။ ၁၉၈၄ (မူရမန့်ပြည်နယ်)
ဘဝအတ္ထုပ္ပတ္တိ- ကောလိပ်မှာ ဥပဒေပညာ လေ့လာတယ်။ သူနဲ့ ဆာဂေးက တရုတ်၊ ကာဇက်၊ ရုရှား လက်သင်္ကေတပြ၊ ဆားဘီးယားစတဲ့ ဘာသာစကားတွေ လေ့လာရတာ ဝါသနာပါတယ်
ဂေါင်ခါ ဘက်တီမီရိုဗာ
မွေးဖွားတဲ့နှစ်။ ၁၉၇၆ (ယူရိုင်၊ ကာဇက်စတန်)
ဘဝအတ္ထုပ္ပတ္တိ။ မောင်နှမခြောက်ယောက်အနက် အငယ်ဆုံး။ ကာဇက်စတန် တောင်တန်းဒေသမှာ ကြီးပြင်းလာလို့ သဘာဝတရားကို မြတ်နိုးတယ်။ ဘဝအဓိပ္ပာယ်ကို နှစ်ပေါင်းများစွာ ရှာနေခဲ့တယ်။ နောက်တော့ ကျမ်းစာထဲမှာ ယုတ္တိရှိတဲ့၊ နှစ်သိမ့်မှုဖြစ်စေတဲ့ အဖြေ ရှာတွေ့တယ်။ ကျမ်းစာကို လေးလေးနက်နက် လေ့လာတဲ့အတွက် မတရား ဖမ်းဆီးခံရချိန်မှာ ခွန်အားနဲ့ နှစ်သိမ့်မှု ရရှိခဲ့တယ်
ဒင်နာရာ ဒူစီကီရီဗာ
မွေးဖွားတဲ့နှစ်။ ၁၉၈၂ (လီနင်ဂရက်စကိုဗီ၊ ကာဇက်စတန်)
ဘဝအတ္ထုပ္ပတ္တိ။ ငယ်ငယ်ကတည်းက ဘဝအဓိပ္ပာယ်ကို အလေးအနက် တွေးတောခဲ့သူ။ အသက် ၁၇ မှာ ကျမ်းစာ စလေ့လာတယ်။ ကျမ်းစာမှာပါတဲ့ ဉာဏ်ပညာရှိစကားတွေကို လေ့လာရတာ နှစ်သက်တယ်။ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါ ဖြစ်တယ်ဆိုတာ သိရလို့ စိတ်လှုပ်ရှားခဲ့တယ်။ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ပြေးတာ၊ စက်ဘီးစီးတာ ဝါသနာပါတယ်
အမှုနောက်ကြောင်း
၂၀၁၈၊ ဇူလိုင် ၄ ရက်ညမှာ ညီအစ်ကို ပိုလီယာခေါ့နဲ့ ဇနီး အန်နစ္စတာစီးယာတို့ အိပ်နေချိန် ရဲအဖွဲ့က တိုက်ခန်းတံခါး ချိုးဖျက်ပြီး ဝင်လာတယ်။ မျက်နှာဖုံး တပ်ထားတဲ့ ရဲတွေက ညီအစ်ကို ပိုလီယာခေါ့ကို ရက်ရက်စက်စက် ရိုက်နှက်တယ်။ သူတို့နှစ်ယောက်ကို ဖမ်းပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အချုပ်ထဲ ပို့လိုက်တယ်။ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို တရားရုံးက ပိတ်ပင်လိုက်တဲ့ ၂၀၁၇ နောက်ပိုင်း ပထမဆုံး ထောင်ချခံရတဲ့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက် ငါးလကြာ သီးခြား တိုက်ပိတ်ခံရတယ်။ ဒီ့မတိုင်ခင် နေအိမ်အကျယ်ချုပ်နဲ့ သုံးလနေခဲ့ရတယ်။
၂၀၁၉၊ မေလမှာ အွမ်းစ်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်ကို မတရား ဝင်ရောက်စီးနင်းမှုတွေ ထပ်မံပြုလုပ်ခဲ့ကြတယ်။ ညီအစ်မ ဘက်တီမီရိုဗာနဲ့ ဒူစီကီရီဗာတို့လည်း အဖမ်းခံလိုက်ရတယ်။ သူတို့ရဲ့အမှုကို ညီအစ်ကို ပိုလီယာခေါ့တို့ဇနီးမောင်နှံ အမှုနဲ့ တွဲလိုက်တယ်။ ၂၀၂၀၊ ဧပြီ ၁ ရက်တုန်းက လေးယောက်စလုံးရဲ့ အမှုကို ပူးတွဲကြားနာစစ်ဆေးခဲ့တယ်။
ဒီလို မတရားမှုတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနေပါတယ်။—ဧဖက် ၃:၂၀။
a အပြောင်းအလဲ ရှိနိုင်